ရိုးမများရဲ့ စိန်ခေါ်သံ
နေအောင်
စိမ်းပြာရောင် တောင်တန်းတွေနဲ့ အနားသတ်ထားတဲ့ မြင်ကွင်းက အဖြူရောင်တိမ်တိုက်လှလှတွေနဲ့
ရစ်သိုင်းလို့နေပါတယ်။
ဘယ် နေရာကြည့်ကြည့် မြင်ရတဲ့မြင်ကွင်းက စိမ်းညို့ညို့ တောင်တန်းကြီးတွေနဲ့ မြူခိုးတွေပါပဲ။
နေရာက ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ကပ်လျက်ရှိတဲ့ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အနောက်ဘက်ကျကျ အဲဒီနေရာမှာ အနောက်ရိုးမ
တောင်တန်းကြီးနဲ့အတူ အဖိုးတန် သစ်တောတွေ ရှိနေပါတယ်။
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းမှာရှိတဲ့ ငဖဲမြို့နယ်အတွင်းက ထော်ဇာဆိုတဲ့ ရွာလေးကို
သွားရာလမ်းတစ်လျှောက်မှာ လူလေးယောက်ဖက်စာ ပင်စည်ရှိတဲ့ သစ်ပင်ကြီးတွေကို မကြာခဏ
တွေ့ရပါတယ်။
“ဒီနေရာက ကားလမ်းမပေါက်တော့ သစ်ကြီးဝါးကြီးတွေ ရှိသေးတာပေါ့” ဆိုတဲ့ ဒေသခံတစ်ဦးရဲ့
မှတ်ချက်စကားက အဲဒီဒေသက အဖိုးတန်သစ်တွေ တရားမဝင်ခိုးထုတ်ခံနေရတဲ့ အခြေအနေကို
ဖော်ပြနေပါတယ်။
အနောက်ရိုးမတောင်တန်းကြီး ဆက်စပ်တည်ရှိနေတဲ့ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းမှာ
တရားမဝင် သစ်ခိုးထုတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မကြာခဏဆိုသလို သစ်ခိုး ထုတ်တာတွေရှိနေတဲ့ အနောက်ရိုးမပေါ်မှာ ကားလမ်းနဲ့ နီးတဲ့
နေရာတွေဟာ သစ်ခိုးခံရမှု အများဆုံးနေရာတွေ ဖြစ်တယ်လို့ ငဖဲမြို့နယ်လူငယ်ကွန်ရက်
တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုကျော်ကိုကိုရှိန်က ပြောပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကစပြီး သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတဲ့ ဒေသခံ အဖွဲ့အစည်း
တချို့ဟာ တရားမဝင် သစ်ခိုးထုတ်မှုတွေကို တားဆီးဖို့ ကြိုးစားနေကြပေမဲ့ ထိရောက်တဲ့ အောင်မြင်မှု
ရရှိနိုင်ဖို့တော့ အခက်အခဲတွေ ရှိနေဆဲပါ။
အလယ်ရိုးမနဲ့ အနောက်ရိုးမက အဖိုးတန် သစ်တွေကို ဒေသတွင်းသုံးဖို့အတွက်သာမကဘဲ
ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အထိ တရားမဝင်ခိုးထုတ်မှုတွေ ရှိနေတယ်လို့
ဒေသခံတွေက ဆိုပါတယ်။
မကွေးအနောက်ခြမ်း မင်းတုန်း၊ ကံမ၊ မင်းလှ၊ ငဖဲနဲ့ စေတုတ္တရာမြို့နယ်တွေက တရားမဝင်
သစ်ခိုးထုတ်သူတွေဟာ မင်းဘူး – အမ်း လမ်းမနဲ့ ပုသိမ် – မုံရွာ ကားလမ်းမဆုံရာဖြစ်တဲ့ ပဒါန်းမြို့မှာ
သိုလှောင်ထားလေ့ရှိပါတယ်။
အဲဒီကတစ်ဆင့် အနောက်ရိုးမကြီးကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင် တင်ပို့တယ်လို့
ငဖဲမြို့နယ်ဒေသခံတွေက ဆိုကြပါတယ်။
“ကျွန်တော့်အနေနဲ့ သက်သေပြနိုင်တာက စကားဝါဆိုပါတော့၊ မြန်မာနိုင်ငံမှာ သုံးတဲ့သစ် မဟုတ်ဘူး။
ဟိုတုန်းက ဒီနတ်ရေကန်တောင်မှာ စကားဝါပင်က မွှေးနေတာ၊ အပင်ကြီး ဘယ်သူမှလည်း မသုံးဘူး၊
နိုင်ငံခြားကိုပို့မှ အသုံးဝင်တာ။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်နေတယ်ဆိုတာ သေချာတယ်၊
သစ်တွေက အရင်က အမ်းကနေ စစ်တွေဘက်ကို သွားတယ်။ အခု အဖမ်းအဆီးတွေကြောင့်
ကျောက်ဖြူဘက်ကို သွားတယ်။ အဲဒီကနေ ဘုတ်နဲ့တင် ပြီး ဘင်္ဂလားဒေ့ရှ်ကို သွားတယ်”လို့
ငဖဲမြို့နယ်က ရိုးမအလင်းတန်းလူငယ်အဖွဲ့က ကိုရန်နောင်ထွန်းက ပြောပါတယ်။
အနောက်ရိုးမက ကျွန်းသစ်၊ သစ်မာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ရှိနေတာ
၂၀၀၉ ခုနှစ်ခန့်ကစပြီး ဝယ်လက်ရှိနေခဲ့တယ်လို့ ဧရာဝတီအနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(AWDO) အဖွဲ့ရဲ့ တာဝန်ခံ ဦးသန့်စင်က ပြောပါတယ်။
“၂၀၀၉၊ ၂၀၁၀ လောက်ကစပြီး အနောက်ရိုးမကထွက်တဲ့ ပေကိုက်နံကိုက် ကျွန်းတွေ၊ သစ်တွေ
အားလုံးက မင်းဘူး – အမ်းကနေ ထွက်နေတယ်။ ဒီကမထွက်ရင် ပြည်ကနေ တောင်ကုတ်ကို
ထွက်တယ်။ အဲဒီသစ်တွေအားလုံးက ဘင်္ဂလားဒေ့ရှ်ကို ထွက်တယ်။ အဓိကတော့ သစ်မာတွေ
ထွက်တယ်”လို့ မကွေးတိုင်းဒေသကြီး EITI အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးသန့်စင်က ဆိုပါတယ်။
မကွေးတိုင်းအနောက်ခြမ်း ငဖဲမြို့နယ်အတွင်းက တောင်ပေါ်ကျေးရွာတွေဖြစ်တဲ့ တုံးကြီးနဲ့
ဂုတ်ဆီးကျေးရွာအနီးက သစ်တောတွေကနေ သစ်မာအမျိုးအစားတွေဖြစ်တဲ့ ပိတောက်၊ စကားဝါနဲ့
တခြားသစ်တွေဟာ တရားမဝင် ဆက်လက်ထွက်ရှိနေသေးတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။
မကွေးတိုင်း အနောက်ခြမ်းက အနောက်ရိုးမတောင်တန်းတွေနဲ့ ထိစပ်နေတဲ့ မင်းတုန်း၊ ကံမ၊ မင်းလှ၊
ငဖဲ၊ စေတုတ္တရာ မြို့နယ်တွေမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေ ရှိနေပြီး ထိန်းသိမ်းစောင့်ရှောက်ရေး
လုပ်ငန်းတွေအတွက် အားနည်းချက်တွေ အများအပြား ရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင်
ချစ်မြတ်နိုးသူ ဒေသခံတွေနဲ့ သစ်တောဝန်ထမ်းတွေက ဆိုကြပါတယ်။
“ကျွန်တော်တို့မှာ ဝန်ထမ်းအင်အားနည်းတယ်။ တာဝန်ယူရတဲ့နယ်က အကျယ်ကြီးဆိုတော့
လစ်ဟင်းတာတွေရှိတယ်။ ဒေသခံတွေက သတင်းပေးတဲ့ အခါမျိုးမှာ ဖမ်းမိနိုင်အောင်
ကြိုးစားကြပါတယ်”လို့ အမည်မဖော်လိုတဲ့ မြို့နယ်တာဝန်ခံအဆင့် သစ်တောဝန်ထမ်းတစ်ဦးက
ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး တစ်ခုလုံးအတွက် ခွင့်ပြုသစ်တောဝန်ထမ်းအင်အားက ၁,၀၄၆ ဦးဖြစ်ပေမဲ့
လက်ရှိမှာ ခွင့်ပြုအရေအတွက်ရဲ့ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ ၆၅၂ ဦးပဲရှိတယ်လို့ တိုင်းဒေသကြီး
သစ်တောဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
“စစ်ဆေးရေးဂိတ်က နေရာတိုင်းမှာ မရှိဘူး။ နေရာတိုင်းမှာလည်း စစ်ခွင့်မရှိဘူး။ ဒေသခံတွေက
သတင်းပေးတိုင်ကြားလာရင်တော့ အကောင်းဆုံးပေါ့။ နောက်ပြီး ဝန်ထမ်းအင်အားနည်းတယ်။
တစ်မြို့နယ်မှ လူ ၆၀ ဆို တာအများဆုံးပဲ၊ တအားကျယ်တဲ့ နေရာတွေ မရောက်နိုင်ဘူး”လို့
မြို့နယ်အဆင့် အခြား သစ်တောအရာရှိတစ်ဦးက ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ခိုးထုတ်မှုတွေ ရှိနေတဲ့အတွက် နှစ်စဉ် တရားမဝင်
သစ်ဖမ်းဆီးရမိမှုကလည်း မြင့်တက်လျက်ရှိပါတယ်။
၂၀၁၃ – ၁၄ ဘဏ္ဍာနှစ် မှာ တရားမဝင် သစ်တန်ပေါင်း ၁,၃၀၀ ကျော် ဖမ်းမိခဲ့ပြီး ၂၀၁၄ – ၁၅
ဘဏ္ဍာနှစ်မှာ တန်ပေါင်း ၁,၆၀၀ ကျော်၊ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် မှာ သစ်တန်ပေါင်း
၂,၀၀၀ ကျော်အထိ ဖမ်းဆီး ရမိခဲ့ပါတယ်။
လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်အထိ တရားမဝင် သစ်တန်ပေါင်း ၁,၀၀၀ နီးပါး
ဖမ်းဆီးရမိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဆိုပါတယ်။
သစ်တောဦးစီးဌာနရဲ့ တရားမဝင် သစ်ဖမ်းဆီးမှုဟာ အမှန်တကယ် သစ်ခိုးထုတ်မှုပမာဏထက်
လျော့နည်းနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“ငဖဲမြို့နယ်အတွင်းက ထွက်တဲ့ဟာတောင် အဲဒီလောက်မကဘူးလေ။ ဖောကားတစ်စီးကို
လေးတန်တင်တယ် ထားပါဦး၊ တစ်ပတ်အတွင်းကို တန် ၂၀ လောက်ထွက်နေတယ်။ အဲဒါ
ကျွန်တော်တို့ တောင်ပေါ်တင်၊ တခြားက မပါသေးဘူး”လို့ ငဖဲမြို့နယ်က ရိုးမအလင်းတန်းအဖွဲ့
ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုရန်နောင်ထွန်းက ပြောပါတယ်။
မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မင်းဘူး – အမ်းလမ်းမဘေး
တစ်ဝိုက်မှာရှိတဲ့ သစ်တွေဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်ကစလို့ တဖြည်းဖြည်းချင်း ခုတ်ယူခံခဲ့ရပြီး
အခုအခါမှာတော့ သစ်ပင်ကြီးကြီးမားမား မရှိသလောက် ဖြစ်နေပါပြီ။
ရွှေ့ပြောင်းတောင် ယာစိုက်ခင်းတွေကြောင့် သစ်တောတွေ ပြုန်းတီးရတယ်လို့
သစ်တောတာဝန်ရှိသူတွေက ဆိုကြပေမဲ့ ဒေသခံတွေကတော့ တရားမဝင်
သစ်ခိုးထုတ်မှုတွေကြောင့်သာ သစ်တောပြုန်းတီးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်ကတော့ လမ်းကလည်း မပေါက်ဘူး။ လက်ညှိးထိုးသမျှ တောကြီးပဲ။ ရာသီဥတုလည်း
မှန်တယ်။ အခုကတော့ လမ်းကြီးကလည်း ကောင်းလိုက်တာ၊ လမ်းကောင်းလာပြီး သစ်တွေလည်း
ကုန်တော့တာပါပဲ။ ရာသီဥတုလည်း မမှန်တော့ဘူး”လို့ မင်းဘူး – အမ်း လမ်းမဘေး အနောက်ရိုးမ
တောင်တန်းပေါ်မှာ ရှိတဲ့ ဂုတ်ကြီးကျေးရွာက အသက် ၆၂ နှစ်အရွယ် ဦးကျားက ပြောပါတယ်။
လမ်းမသစ်ကြီးတွေ ပေါ်ပေါက်လာခြင်းက ဒေသဖွံ့ဖြိုးရေးအတွက် အဓိက အားသာချက်တစ်ခုဖြစ်ပေမဲ့တရားမဝင် သစ်ကုန်ကူး သူတွေကိုလည်း အထောက်အကူပြုပေးနေတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပါတယ်။
“တရားဝင်လား၊ မဝင်လားတော့ မသိဘူး။ ညနေပိုင်း ၄ နာရီလောက်ဆို ရိုးမပေါ်က သစ်ကားကြီးတွေ
ဆင်းလာကြပြီ။ အဲဒါက နေ့တိုင်းပဲ၊ အခုမိုးကျပြီး ကားတွေဝင်မရတော့မှ ရပ်သွားတာ”လို့
မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီးနယ်စပ်က အလယ်ရိုးမတောင်တန်းတွေအခြေမှာရှိတဲ့
ပေါက်ခေါင်းမြို့နယ်၊ ငွေတွင်းတူးကျေးရွာက ဒေါ်ဝင်းဝင်း (အမည်လွှဲ)က ပြောပါတယ်။
မကွေးတိုင်းအရှေ့ခြမ်းက နတ်မောက်မြို့ နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အောင်လံမြို့နယ်တွေနဲ့
ပဲခူးတိုင်းအတွင်းက ပေါက်ခေါင်းမြို့ နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ခရိုင်ချင်းဆက်
ရိုးမပတ်လမ်းကို ၂၀၁၀ ပြည့်နှစ်မှာ ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း အလယ်ရိုးမပေါ်မှာရှိတဲ့
သစ်ထုတ်လုပ်မှုတွေအတွက် အဲဒီလမ်းကြောင်းကနေပဲ အသုံးပြုကြတယ်လို့ ဒေသခံတွေက
ပြောပါတယ်။
အဲဒီရိုးမပတ်လမ်း ဖောက်လုပ်ခဲ့ပြီးနောက် ပိုင်း တရားဝင်ထုတ်လုပ်တဲ့သစ်တွေအပြင် တရားမဝင်
သစ်ရောင်းဝယ်သူတွေကလည်း အဲဒီလမ်းမကို အသုံးပြုခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့
မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အလယ်ရိုးမနဲ့ အနောက်ရိုးမက ဒေသခံတွေဟာ အကြောင်းအရင်းခံပေါင်းများစွာကြောင့်
စားဝတ်နေရေးကျပ်တည်းမှုကို ရင်ဆိုင်နေရပြီး သူတို့ထဲက တချို့ကတော့ တရားမဝင်
သစ်ထုတ်လုပ်တဲ့အလုပ်ကို လုပ်ကိုင်နေကြရပါတယ်။
“သစ်က ဒီမှာဘယ်လောက်ဈေးမှ မရှိဘူး။ သူတို့သယ်သွားရင်း ဒီထက်ဈေးကောင်းရမှာကို သိတယ်။
ဒါပေမဲ့လည်း တခြားအလုပ်က ဒီလောက်ကိုအဆင်မပြေလို့ လုပ်နေရတာ” လို့ ငဖဲမြို့နယ်အတွင်းက
တရားမဝင် သစ်ခုတ်သမားတစ်ယောက်က ဆိုပါတယ်။
သူ့အနေနဲ့ အရင်က ဒေသခံသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့အတူ တောင်ပေါ်ဒေသ
စိမ်းလန်းရေးကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ စားဝတ်နေရေးအတွက်
သစ်ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး တရားမဝင်သစ် ခုတ်လုပ်ငန်းကို လုပ်ကိုင်နေရတယ်လို့
ဆိုပါတယ်။
မကွေးအနောက်ခြမ်းက စေတုတ္တရာမြို့နယ်အတွင်းမှာလည်း ဒေသခံတွေဟာ ချောင်းရိုးတစ်ဝိုက်မှာ
လယ်ယာလုပ်ငန်းကိုပဲ အစဉ်တစိုက် လုပ်ကိုင်ခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မုန်းဆည်နဲ့
ကြီးအုံကြီး၀ ဆည်ဆောက်ခဲ့တဲ့ အချိန်ကစပြီး၊ သစ်ခုတ်လုပ်ငန်းကို အမှီပြုခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဒေသမှာ တမံတွေတုတ် လိုက်တယ်။ ယာချောင်းတွေ ပျက်စီးသွားတယ်၊ တချို့က
သားတကွဲ မယားတကွဲ ပြည်ပနိုင်ငံတွေမှာသွားပြီး အလုပ်လုပ်ကြရတယ်။ တချို့က စားဝတ်နေရေး
ဖြေရှင်းဖို့ သစ်တင်၊ သစ်ချ၊ သစ်ခုတ်လိုက်ကြရတယ်။ ကျပ်ငွေ တစ်သောင်းလောက်ရမယ်၊ အဲဒီငွေက
သူတို့ မိသားစု လေးငါးယောက်လောက်အတွက် တစ်နေ့စာပဲ ရှိတယ်။ သူကတော့ ဒီနေ့တစ်တုံး
ခုတ်ပြီးသွားတာနဲ့ နောက်နေ့ တစ်တုံး ဆက်ခုတ်ရတာပဲ”လို့ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာရဲ့
အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းစိုးက ပြောပါတယ်။
“အဲဒီအပေါ်မှာ အကျိုးအမြတ်ရသွားတာကတော့ ကုန်သည်တွေနဲ့ ဌာနဆိုင်ရာတွေပါ” လို့
သူက ဆိုပါတယ်။
တရားမဝင် သစ်ခိုးထုတ်မှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်လာတဲ့နေရာမှာ
ရုတ်ခြည်းမြန်ဆန်လာအောင် အဓိက ဝန်ဆောင်မှုပေးနေတဲ့ ကုန်ပစ္စည်းကတော့
ချိန်းဆောဖြစ်ပါတယ်။
ချိန်းဆောဆိုတဲ့ လက်ကိုင်လွှတွေဟာ မြန်မာနိုင်ငံရဲ့ သစ်ထုတ်လုပ်မှုကို ပိုမိုမြန်ဆန်လာအောင်
ပံ့ပိုးနေပါတယ်။
စေတုတ္တရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရဲ့ ဇူလိုင်လအတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ စေတုတ္တရာမြို့နယ် တစ်ခုတည်းမှာပဲ ချိန်းဆောအလတ် ၃၀ ခန့်ရှိနေတယ်လို့ သိရပါတယ်။
“အရင်တုန်းက သစ်ခုတ်တယ်ဆိုတာ ပုဆိန်တွေ၊ ဓားတွေလောက်နဲ့ပဲ ခုတ်တာ၊ အခုချိန်းဆောတွေနဲ့
လုပ်လိုက်တဲ့အခါကျတော့ သစ်တောပြုန်းတီးမှု အရမ်းမြန်သွားတယ်။ ကျွန်တော်တို့ နယ်မြေမှာ
တရားမဝင် ချိန်းဆောတွေ၊ တရားမဝင် ကားတွေပါ တော်တော်များများ ရှိနေတယ်”လို့
စေတုတ္တရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်ထွေးက ဆိုပါတယ်။
သစ်တောဦးစီးဌာနရဲ့ ထောက်ခံချက်ရှိမှသာ လက်ကိုင်လွှစက် (ချိန်းဆော) တင်သွင်းဖြန့်ဖြူး
ရောင်းချခွင့်နဲ့ ဝယ်ယူကိုင်ဆောင်ခွင့်ရှိရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီးနဲ့
ပြည်နယ်အစိုးရအဖွဲ့တွေကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ညွှန်ကြားခဲ့ပါတယ်။
တရားမဝင် သစ်ခိုးထုတ်နေတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေကနေ တစ်ဆင့် လျှို့ဝှက်သတင်းပေး တိုင်ကြားဖို့ အကြံပြုချင်တယ်လို့
ယခုလအတွင်း မြန်မာတိုင်း(မ်) နဲ့ တွေ့ဆုံစဉ်မှာ မကွေးတိုင်းဒေသကြီး သယံဇာတနဲ့
သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှု တစ်နှစ်ရပ်ဆိုင်းထားပြီး
ပဲခူးရိုးမမှာ သစ်ထုတ်လုပ်ခွင့် ၁၀ နှစ်အထိ ရပ်ဆိုင်းထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးနိုင်ငံအဖြစ် တတိယနေရာမှာ
ရပ်တည်နေပြီး ၂၀၁၀ ပြည့်နှစ်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာက ၄၇ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့
၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့
(FAO) ရဲ့ ၂၀၁၅ ခုနှစ် သစ်တောသယံဇာတ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လိုအပ်သည်ထက် ပိုမိုသစ်ထုတ်ယူခြင်း၊ သတ်မှတ်ပမာဏကို ကျော်လွန်၍
သစ်ခုတ်ခြင်း၊ ကျွန်း၊ ပိတောက်၊ တမလန်းနဲ့ အဖိုးတန်သစ်တွေကို တရားမဝင်ခုတ်ယူမှုတွေ
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး
အေဂျင်စီ (EIA) ရဲ့ အခုနှစ် ဇူလိုင်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထိန်းအကွပ်မဲ့ သစ်ထုတ်မှုအကျိုး ဆက်တွေကြောင့် မြန်မာနိုင်ငံက သစ်တောပြုန်းတီးမှု
အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု
ဟတ်တာပေါင်း ၅၄၆,၀၀၀ ရှိခဲ့ရာ တစ်နိုင်ငံလုံး သစ်တောဧရိယာရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်လို့
EIA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အစိုးရသစ်လက်ထက်အတွင်း ဧပြီလကနေ ဩဂုတ်လ ၇ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
တရားမဝင် ကျွန်းသစ်၊ သစ်မာနဲ့ အခြားသစ် စုစုပေါင်း ၁၇,၃၀၄ ဒသမ ၃၃ တန်၊ တရားခံ ၂,၅၆၅ ဦး၊
ယာဉ်၊ ယန္တရား ၇၈၅ စီးကို ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ ဩဂုတ် လ ၁၉ ရက်က နေပြည်တော်မှာ
ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရသစ်ရဲ့ ပထမရက် ၁၀၀ စီမံချက်နဲ့ စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ တာဝန်ရှိသူတွေက
ထုတ်ဖော်ပြောဆိုထားပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ကားလမ်းမပေါက်နိုင်သေးတဲ့ ရိုးမတောင်တန်းတွေပေါ်မှာ
အဖိုးတန်သစ်တောအုပ်တွေ၊ တစိမ့်စိမ့် စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးတွေ ရှိနေပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် သစ်ခိုးထုတ်မှုတွေရှိနေသရွေ့ ရိုးမပေါ်က
သစ်တောတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်နေဦးမှာပါ။
Thursday, 25 August 2016
http://myanmar.mmtimes.com/index.php/features/21101-2016-08-26-07-57-15.html