ရွှေတိဂုံစေတီတော်ကို ကာကွယ်ကြ
အောင်သစ်လွင်
အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိစဉ် မြန်မာအစိုးရ ကြိုသိထားခြင်းမရှိသော အပြုအမူတစ်ခု ရုတ်တရက်ပြုလုပ်သွားခဲ့သည်။
မြန်မာနိုင်ငံသို့ အိုဘားမား လာရောက်ခဲ့သည်မှာ ၂၀၁၂ နိုဝင်ဘာလကဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး လုံခြုံရေးစနစ် ဖြင့် ပြည်ပနိုင်ငံများသို့ ခရီးသွားသည့် အမေရိကန်သမ္မတ အိုဘားမားက ၎င်း၏လုံခြုံရေးအဖွဲ့ လုံခြုံရေးယာဉ်တန်းနောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့သည်။ သတ်မှတ်နေရာသို့ မရောက်မီ လမ်းခုလတ်၌ ရွှေတိဂုံစေတီတော်ကို ဖူးမြော်မည်ဟု ရုတ်တရက်ဆုံးဖြတ်ကာ ၎င်းစီးလာသည့်ကျည်ကာကားကို ရွှေတိဂုံစေတီတော်သို့ ဦးတည်စေခဲ့ခြင်းဖြစ် သည်။
အိုဘားမား ကိုယ်တိုင်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်သော်လည်း အိမ် ရှင်အစိုးရနှင့် နိုင်ငံသားများအား လေးစားမှုပြသရန် ရွှေတိဂုံစေတီတော်ကို ဖူးမြော်ခဲ့ခြင်းက စေတီတော်ကြီးသည် မြန်မာနိုင်ငံအ တွက် မည်မျှအထိ အရေးပါနေကြောင်း အကောင်းဆုံးဥပမာဖြစ်ခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် အိုဘားမားသည် မြန်မာလူထု၏ ချီး ကျူးမှုကို အထူးရရှိခဲ့သည်အထိပင်။
မြန်မာနိုင်ငံ၏ ပုံရိပ်တစ်ဖြစ်လဲ မြန်မာလူမျိုးတို့၏ အသည်း နှလုံးဖြစ်သော ရွှေတိဂုံစေတီတော်ကြီးသည် ယနေ့အချိန်တွင် ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရပြီဖြစ်သည်။ ပြည်ပနိုင်ငံများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖောက်ခွဲ မှုများမှ ကာကွယ်ရန်၊ ရန်ကုန်မြို့၏ ဆိုးရွားနေသော လေထုညစ်ညမ်းမှု၊ လတ်တလောခြိမ်းခြောက် လာသည့် သဘာဝဘေးတစ်ခုဖြစ်သော ငလျင်အန္တရာယ်၊ တစ်ဟုန်ထိုးဖွံ့ဖြိုးလာသော မြို့ပြ၏ အလို ရမ္မက်စသည်ဖြင့် ရွှေတိဂုံစေတီ တော်သည် အရှည်တည်တံ့ရေးအ တွက် စိန်ခေါ်မှုများရှိနေပါသည်။
‘‘မြစ်ကြောင်းကလာလည်း မြစ်ထဲကနေ သင်္ဘောပေါ်ကလှမ်းပြီးဖူးရတာ အင်မတန်ကျက်သရေ ရှိပါတယ်။ လေယာဉ်ပျံနဲ့လာလည်း လှမ်းပြီးတော့ ဖူးချင်ပါတယ်။ ဘယ်နားပဲဖြစ်ဖြစ် ထင်ထင်လင်းလင်းဖူးချင်တယ်။ ဘယ်လောက်ဝေးဝေး ရိပ်ရိပ်လေးမြင်ရင်တောင် လုံးတော်ပြည့်ဖူးချင်ပါ တယ်’’။
တစ်စုံတစ်ရာကို စိုးရိမ်နေသကဲ့သို့ လျော့ရိလျော့ရဲလေသံဖြင့် အထက်ပါအတိုင်းပြောကြား သူက ရွှေတိဂုံစေတီတော်၏ ဝေယျာဝစ္စများကို နှစ်သုံးဆယ်ကျော် ပြုလုပ်ခဲ့သော ရွှေတိဂုံစေတီတော်ရုံးအဖွဲ့ ဒုတိယရုံးအဖွဲ့မှူး ဦးဝင်း ကြိုင်ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်ကြီးသည် ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်အစစ်တို့ကို ဌာပနာကာ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ၌ ဖော်ပြထား သည်။ ဂေါတမမြတ်စွာဘုရားရှင်လက်ထက် ကုန်သည်ညီနောင်ဖြစ်သော တဖုဿနှင့် ဘလ္လိကတို့က မြတ်စွာဘုရားရှင် စွန့်ကြဲခဲ့သည့် ဆံတော်များကို ဌာပနာကာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ကြီးအား တည်ထားခဲ့သည်ဟု မြန်မာဗုဒ္ဓဝင်ကျမ်းများ၌ ဖော်ပြထားသည်။ မူလအမြင့်မှာ ၆၆ ပေသာရှိခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာခဲ့ရာမှ ယနေ့ခေတ် ရွှေတိဂုံစေတီတော်၏ ဉာဏ်တော်မှာ ၃၂၆ ပေအမြင့်ရှိနေပြီဖြစ်ကြောင်း ဦးဝင်းကြိုင်က ရှင်းပြသည်။
ယုံကြည်သူတို့က မိမိကိုယ်တိုင်အပြင် သတ္တဝါခပ်သိမ်းဘေးအန္တရာယ်ကင်းရှင်းစေရန် အားကိုးတကြီး ကိုးကွယ်တိုင်တည်ရာ ရွှေတိဂုံစေတီတော်ကြီးကိုယ်တိုင် သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်ဘဲ သဘာဝဘေးနှင့် လူဖန်တီးသော ဘေးအန္တရာယ်တို့၏ ခြိမ်းခြောက်ခံရမှုတို့ကို ခေတ်အဆက်ဆက် ရင်ဆိုင်ခဲ့ရသည်။ ရွှေတိဂုံစေတီတော်အရေး စိုးရိမ်မကင်းဖြစ်နေသော ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများက မြန်မာပြည်သူများ၏ သည်းပွတ်ဖြစ်သော စေတီတော်ကြီးသည် ရှင်းရှင်းလင်းလင်းမြင်ရန်ခက်ခဲသော ကနဦး ဖော်ပြပါ ဘေးအန္တရာယ်များ၏ တိုက်ခိုက်မှုကို မသိမသာခံနေရပြီး ယင်းအန္တရာယ်များကို အချိန်မီဟန့်တားရန်လိုကြောင်း အစိုးရ နှင့် ပြည်သူလူထုအား တိုက်တွန်း ကြသည်။ နိုင်ငံရေးအပြောင်းအလဲ နှင့်အတူ သတ္တိပိုရှိလာသောရဟန်းရှင်လူ ပြည်သူများက ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် ဒဂုံစီးတီး ဧရာမဆောက်လုပ်ရေး စီမံကိန်းကြီးတစ်ခုကို ဖျက်သိမ်းပေးရန် တောင်းဆိုမှုက မြင်သာသော ပထမဆုံးကာကွယ်မှုဖြစ်ခဲ့သည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသက်တမ်းကုန်ခါနီး ၂၀၁၅ ဇူလိုင်လက ရွှေတိဂုံစေတီတော်ကြီးနှင့် လေယာဉ်ပြေးလမ်းတစ်ခုစာထက် အနည်းငယ်ပိုဝေးသောနေရာ၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသော အထပ်မြင့်အဆောက်အအုံ တည်ဆောက်မည့် ဒဂုံစီးတီး ဆောက်လုပ်ရေးစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြပြီး အစိုးရက လိုက်လျောခဲ့ရသည်။ ယင်းဖြစ်စဉ်သည် နာမည်ကျော် မြစ်ဆုံစီမံကိန်း လူထု၏ဆန္ဒအရ ရပ်ဆိုင်းခဲ့ရပြီး ဒုတိယမြောက် လိုက်လျောခဲ့ရသည့် စီမံကိန်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကန့်ကွက်မှုများကြောင့် ရွှေတိဂုံစေတီတော်အနီး အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှု၏ အကျိုးအပြစ်ကို စိစစ်ရန် အစိုးရက ဖွဲ့စည်းပေးခဲ့သော ပညာရှင် အဖွဲ့တွင် ပါဝင်သည့် ဘူမိဗေဒ ပညာရှင် ဒေါက်တာကျော်ထွန်းက စေတီတော်တည်ထားသည့် မြေအမျိုးအစားသည် အလွှာလိုက်ရှိနေသော အနည်ကျကျောက် အ မျိုးအစားဖြစ်၍ မြေလွှာကို တူးလိုက်ပါက နောက်ဆက်တွဲပြိုကျနိုင်သော အန္တရာယ်ရှိကြောင်း အကြံပြုခဲ့သည်ဟုဆိုသည်။
‘‘စဉ်းစားကြည့်လေ။ တစ်ဆက်တည်း အလွှာလိုက်ရှိနေတဲ့ မြေကို ဖြတ်ကျလိုက်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာ နောက်ထပ် ပြိုလာနိုင်တာပေါ့။ ရေရှည်တည်တံ့ဖို့ဆိုတာ မျက်စိတစ်ဆုံးကြည့်ရမှာကိုး’’
ဒဂုံစီးတီးစီမံကိန်း ဖျက်သိမ်းမှုသည် ရွှေတိဂုံစေတီတော်၏ တည်ရှိမှုကို ကာကွယ်ရန် မြင်သာသော အချက်ပေးခေါင်းလောင်း သံဖြစ်ခဲ့ပြီး အစိုးရနှင့် ကိုးကွယ်သူ ပြည်သူလူထု အမှုမဲ့အမှတ်မဲ့ ဖြစ်နေသော ဘေးအန္တရာယ်များက ပတ်ချာလည်ဝိုင်းရံနေသည်။
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေသကဲ့သို့ မြို့ပြနေလူထုအတွက် အသက်ရှူရန် အန္တရာယ်ကင်းသော သန့်စင်သည့်လေထု ရာခိုင်နှုန်း အလွန်နည်းပါးနေသော ရန်ကုန်မြို့၌ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၉၀ ၌ သီးသီးသန့်သန့် တည်ရှိနေသည့် ရွှေတိဂုံစေတီတော်ကြီး၏ ကိုယ်ထည်ကိုလည်း မသန့်စင်သည့် လေထုက နေ့စဉ်တွန်းတိုက်နေ ကြောင်း မြို့ပြပညာရှင် ဦးမြင့်ဆွေက သတိပေးသည်။
‘‘ဒီဇယ်ကပါတဲ့ ဆာလဖျူ ရစ်အက်စစ်တွေနဲ့ ဘုရားကြီးကို နေ့စဉ်ပက်သလို ဖြစ်နေတော့ ဘုရားကြီးရဲ့ ကြံ့ခိုင်မှုကို ထိခိုက် စေနိုင်တယ်’’
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း လေထုညစ်ညမ်းမှုအပါအဝင် ရာသီဥတု ဖောက်ပြန်မှု သိသိသာသာ ရင်ဆိုင်လာရချိန်၌ ရွှေတိဂုံစေတီတော်ကြီး ကြံ့ခိုင်ရေးအတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်တစ်ခုလုံးသည် စီးပွားရေးအတွက် မက်လုံးထားစရာနေရာအဖြစ် လုံးဝမပြုလုပ်သင့်ဘဲ ပြည်သူလူထုနှင့်ဆိုင်သော သဘာဝပတ်ဝန်းကျင်ကောင်း ဖန်တီးထားရန်၊ စိမ်းလန်းသော ဧရိယာတစ်ခုအဖြစ် ဖော်ဆောင်ရန် လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးသည်။
ရွှေတိဂုံစေတီတော်ရုံးအဖွဲ့ ဒုတိယရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က လေထုညစ်ညမ်းမှုကြောင့် ရွှေတိဂုံစေတီတော် ထိခိုက်နိုင်ခြေကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း လူလုပ်ဘေးနှင့် သဘာဝဘေးတို့မှ ကာကွယ်ရန် ဖြစ်နိုင်သမျှ နည်းမျိုးစုံနှင့် ကာကွယ်နေ ကြောင်း အသိပေးသည်။ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့အနေ ဖြင့် စေတီတော်ကုန်းတော် ကြံ့ ခိုင်မှုအတွက် ၁၁၄ ဧက ကျယ် ဝန်းသော စေတီတော်ပရိဝုဏ်တွင် မြေအောက်ရေ လုံးဝထုတ်ယူခြင်း မပြုသလိုစေတီတော်ရင်ပြင် လေး လံစေမည့် မည်သည့်အကြောင်းရင်းကိုမဆို တားမြစ်ထားသည်။
ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ နောက်ဆုံးပြုစုထားသော စာရင်းအရ စေတီတော်ပရိဝုဏ်အတွင်း မြေစိုက်စေတီပေါင်း ၅၃ ဆူ နှင့် သာသနိကအဆောက်အအုံ ၁၉၈ လုံး ရှိနေသည်။ ယခုအခါ စေတီတော်ကြံ့ခိုင်ရေးအတွက် အဆောက်အအုံ ထပ်မံတိုးဆောက်ခွင့်မပြုသကဲ့သို့ ပျက်စီးသွားပါက လည်း အသစ်ပြန်လည်မဆောက် ရန် တားမြစ်ထားသည်။ အလှူရှင်များ လာရောက်လှူဒါန်းသော ဆင်းတုတော်များကိုပင် စေတီတော်ရင်ပြင်ပေါ်တွင် မထားဟု ဦးဝင်းကြိုင်ကပြောသည်။
‘‘ကုန်းတော်ကြီး လေးလံမှာစိုးလို့ ဖြစ်နိုင်သမျှ တားဆီးပြီး လုပ်နေပါတယ်’’ဟု ဆိုသည်။
သို့သော် နေ့စဉ် ကျပ်သိန်း ၂၀၀ ကျော် အလှူငွေရနေပြီး နှစ်စဉ် ကျပ်သိန်း ၇၀,၀၀၀ ကျော် အလှူငွေရရှိနေသော်လည်း စေတီတော်ကြံ့ခိုင်ရေးအတွက် သီးသန့်သုံးငွေ သတ်မှတ်ထားခြင်း မရှိသေးပေ။ ရွှေတိဂုံစေတီတော်ကြီး ကြံ့ခိုင်ရေးသည် သွေးအေးနေရမည်မဟုတ်ကြောင်း အတိတ်ဖြစ်စဉ်အချို့က မီးမောင်းထိုးပြနေ သည်။ ၁၉၀၀ ပြည့်နှစ် အရှေ့ပိုင်းကာလများက ငလျင်ကဲ့သို့ သဘာဝဘေးကြောင့် ထိခိုက်မှုအချို့ရှိခဲ့ သလို ၁၉၁၉၊ ၁၉၃၀ နှင့် ၁၉၇၀ တို့တွင်လည်း ရန်ကုန်မြို့အနီးလှုပ်သော ငလျင်ကြောင့် စိန်ဖူးတော် ထိခိုက်ပျက်စီးသော မှတ် တမ်းများ ရှိခဲ့သည်။ ၁၉၇၃ တွင် စေတီတော်ထီးတော်တင်ရင်း စေတီတော်၏ အရှေ့မြောက် (စနေထောင့်) အထက် ပေ ၄၀ ခန့်တွင် ကိုယ်လုံးတော်အတွင်း ကလိုင်ပေါက်တစ်ခုတွေ့၍ ဘိလပ်မြေမှုတ်၍ ပိတ်ခဲ့ရသည်။ ပြည်တွင်းစစ်အတွင်း စေတီတော်ပရိဝုဏ်၌ စစ်ဘေးဒုက္ခသည်များ လာရောက်ခိုလှုံကြစဉ် စားကြွင်းစား ကျန်များကြောင့် ကြွက်များသောင်းကြမ်းကာ စေတီတော်အနောက်မြောက်ဘက် ကုန်းတော်မြေ အနည်းငယ် နိမ့်ကျခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သတိပေးနေသည်။
ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်သို့ နေ့စဉ် လူသောင်းချီ၍ တက်ရောက်ပြီး အခါကြီးရက်ကြီး များတွင် တစ်ရက်လျှင် ဘုရားဖူး လေးသိန်းခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ စာရင်းဇယားများ တွင်ဖော်ပြထားသည်။ ရုံးဖွင့်ရက် များတွင် လူဦးရေ နှစ်သောင်းမှ သုံးသောင်းကြား လာရောက်ဖူး မြော်နေကြပြီး စနေ၊ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များတွင် လေးသောင်းနီးပါး လာရောက်ကြောင်း ဦးဝင်းကြိုင်ကပြောသည်။ ရင်ပြင် တော်ပေါ် တစ်နေ့တည်း လူမည်မျှ အများဆုံး တက်ရောက်သည်ကို အနီးစပ်ဆုံး သိရှိနိုင်ရန် လွန်ခဲ့သော လေးနှစ်ခန့်က သီတင်းကျွတ်လပြည့်ည တစ်ညတွင် ကွန်ပျူတာနည်းပညာ အကူအညီဖြင့် ရေတွက်ခဲ့ရာ လူဦးရေ လေးသိန်း ခန့်အထိ တက်ရောက်ခဲ့သည်ဟု ဦးဝင်းကြိုင်က ပြောသည်။ ရင်ပြင်တော် ကြံ့ခိုင်မှုအပိုင်း လေ့လာဆန်းစစ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တိုင်းတာခဲ့ခြင်းဖြစ် သည်။
လက်ရှိအချိန်တွင်လည်း ဘူမိဗေဒပညာရှင်များ သတိပေးထားသည့် ငလျင်အန္တရာယ်ကျ ရောက်နိုင်ခြေရှိသည့် မြို့ ၁၀ မြို့တွင် ရန်ကုန်မြို့ပါဝင်နေသောကြောင့် စေတီတော် ကြံ့ခိုင်ရေး အဆင့်မြင့်နည်းပညာဖြင့် အမြန် ဆုံးဆန်းစစ်သင့်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။ ရွှေတိဂုံစေတီတော် ကြံ့ခိုင်ရေးအ တွက် ၁၉၈၅ မှ စတင်ကာ အစိုးရဌာန တာဝန်ရှိသူများ၊ ပညာရှင်များနှင့် စနစ်တကျ စတင်လုပ် ဆောင်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကတာဝန်ရှိသူများက ပြောဆိုသော်လည်း ၂၀၀၄ တွင် ညဘက် လူခြေတိတ်ချိန် နည်းပညာကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် အသံလှိုင်းအသုံးပြုကာ စေတီတော်ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့ဖူးသလို ၂၀၀၉ တွင် ပြည်ပ ပညာရှင်များ အကူအညီဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။ သို့သော် နည်းပညာလိုအပ်ချက်ကြောင့် တိကျသောဒေတာမရခဲ့ဟုဆိုသည်။
‘‘အပေါ်ပိုင်းမှာ ဖြစ်သလို အတွင်းပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ စစ်ဆေးမှုတွေက မရှိသေးဘူး။ မြေသားတွေရဲ့ ခံနိုင်မှု၊ စေတီတော်ကြီးရဲ့ ကိုယ်ထည်၊ နှစ် ပေါင်း ၂၅၀၀ ကျော်လာတဲ့အခါ ဒါတွေဟာ ခေတ်မီနည်းပညာတွေ နဲ့ စစ်ဆေးဖို့လိုနေပြီ’’ဟု ဦးမြင့် ဆွေကပြောသည်။
ပြည်ပနိုင်ငံအချို့မှ ဘာသာရေးဆိုင်ရာနေရာများတွင် အကြမ်းဖက်ဗုံးဖောက်ခွဲမှုများကြောင့်လည်း ရွှေတိဂုံစေတီတော်အတွက် လူထုကရတက်မအေး ဖြစ်ခဲ့ကြသည်။ ယခုအခါ အစိုးရက ရွှေတိဂုံစေတီတော်လုံခြုံရေး အတွက် လုံခြုံရေးကော်မတီဖွဲ့ စည်းကာ ရဲတပ်ရင်းတစ်ခုကို လုံ ခြုံရေးအတွက် သီးသန့်စောင့်ကြပ်စေသည်။ စေတီတော်အနီးပတ်ဝန်းကျင် ဝေဟင်တွင် ဒရုန်းပျံသန်းခြင်း ပိတ်ပင်ထားသည်။
စေတီတော်ရေရှည်တည်တံ့ရေးအတွက် ပတ်ဝန်းကျင်မှ စိန်ခေါ်မှုများရှိသော်လည်း ရွှေတိဂုံစေတီတော်ကြီး ရေရှည်တည်တံ့ရေး အစိုးရနှင့်လူထုက သဘောထားညီစွာ ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက် နိုင်ပါသည်။ ထိုသို့ ပူးပေါင်းကာကွယ်စောင့် ရှောက်ခြင်းသည်သာ အကောင်း ဆုံးအဖြေဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက တိုက်တွန်းထား သည်။
မကြာမီ အမေရိကန်သမ္မတ နေရာဝင်ရောက်ယှဉ်ပြိုင်မည့် ဟီလာရီကလင်တန်က အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်သည့်အကြောင်းကို ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ သမ္မတ၏ လုံခြုံ ရေးစိတ်မချ၍ ကြိုတင်မစီစဉ်ခဲ့ခြင်းဖြစ်ပြီး အိုဘားမားကမူ သမ္မတအမိန့်သုံး၍ ရွှေတိဂုံစေတီတော် ကြီးကို ဖူးမြော်ခဲ့ခြင်းဖြစ်ကြောင်းပင်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိသော အ မေရိကန်သမ္မတလောင်း ဟီလာရီကလင်တန်က ရွှေတိဂုံစေတီတော်အား သမ္မတအိုဘားမား ဖူးမြော်ခဲ့ခြင်းသည် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အလေးအနက်ထားကြောင်း ပြသခဲ့ခြင်းဟု သတင်းစကားပါးခဲ့သည်။
ရွှေတိဂုံစေတီတော်ကို လေ့လာရေးသွားရောက်ခဲ့သော အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ အေပီသတင်းဌာန အရှေ့တောင်အာရှအကြီးအကဲ Denis Gray က ၎င်းကျင်လည်သွားလာခဲ့ဖူးသော နိုင်ငံပေါင်း ၄၀ ကျော်တွင် မြန်မာနိုင်ငံက ပိုင်ဆိုင်ထားသည့် ရွှေတိဂုံစေတီတော်မှာ ကြီးကျယ်အခမ်းနားဆုံးဖြစ်ကြောင်း အသိအမှတ်ပြုသည်။
‘‘မြန်မာနိုင်ငံသားတွေက သက်ရှိဘုရားလို့ ယုံကြည်ထားကြတာ’’ဟု Denis Gray ကဆိုသည်။
Issue No.
အတွဲ (၁၅)၊ အမှတ် (၃၄)