စစ်ပွဲများနှင့် ဝေးရာဆီ လေနှင်လာသော ပန်းကလေးများနှင့် မရေရာအနာဂတ်
မောင်တာ
7 Day Daily, No.637, January 28, 2015
‘‘ဘုန်း ဘုန်း ဘုန်း’’
စာသင်ခုံကို ကြိမ်လုံးဖြင့် ခပ်ပြင်းပြင်း သုံးလေးချက် ရိုက်ပုတ်လိုက်ချိန်မှာတော့ ဆူညံပွက်လောရိုက်နေသော အသံများ တိုးတိတ်သွားသည်။ အချင်းချင်း တွန်းထိုးနောက်ပြောင်ကာ ဆော့ကစားနေသော ကိုရင်ငယ် အရှင်ကုသလတို့မှာ ကြိမ်လုံးကိုင်ဝင်လာသည့် ဆရာမလေးကို မြင်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စာသင်ခန်း၏ နောက်ဆုံးခုံ၌ ပြန်လည်နေရာယူလိုက်ကြသည်။
ကတုံးပြောင်ပြောင်တွင် ပွေး၊ ဒက်များ ထူပျစ်စွာ ပေါက်နေပြီး ညစ်ထေးထေးသင်္ကန်းကို ခြုံသိုင်းထားသည့် ကိုရင်ကုသလမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေရှိ သစ္စာဝေဒဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ပထမတန်းကျောင်းသားတစ်ဦး ဖြစ်သည်။ သူ့ဇာတိက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မှဖြစ်ပြီး ပလောင်တိုင်းရင်းသားဖြစ်သည်။
သစ္စာဝေဒဂူဘကကျောင်းတွင် ကိုရင်ကုသလကဲ့သို့ပင် ပလောင်တိုင်းရင်းသား ကိုရင်ငယ် အများအပြားရှိသည်။ ကိုရင်ငယ်လေးများက စာသင်ခန်းအတွင်း ဆရာအလစ်တွင် တိုင်းရင်းသား ဘာသာစကားဖြင့် အချင်းချင်း နောက်ပြောင်ကျီစယ်ဆော့ကစားနေလေ့ရှိကြပြီး ဆရာမလေးရှေ့တွင်မူ စိတ်မပါလက်မပါဖြင့် တိုင်ပေးနေသော စာသားများကို သံပြိုင်လိုက်ဆိုကြသည်။
‘‘နာမည်ကုသလ၊ လူနာမည်က မောင်ကျော်လင်း၊ ဒီရောက် တာ တော်တော်ကြာပြီ။ အခုတစ်တန်းရောက်ပြီ’’ဟု ကိုရင်ကုသလ တစ်ဖြစ်လဲ ပလောင်တိုင်းရင်းသား မောင်ကျော်လင်းက ပြောသည်။ ရောက်စက မြန်မာစကား မပြောတတ်သော်လည်း ယခု တော့ မြန်မာစကားကို အတော်အတန်ပြောဆိုတတ်နေပြီ။
အသက်ဘယ်လောက်ရှိပြီလဲဟု မေးမြန်းသည်ကိုတော့ ကိုရင်ကုသလ ပြန်လည်မဖြေနိုင်ပါ။ အနီးက ဆရာမလေးက ကိုရင်ကုသလမှာ အသက် (၇) နှစ် ရှိပြီဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက သစ္စာဝေဒဂူကျောင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ကိုယ်စား ဝင်ဖြေပေးသည်။
‘‘အမေက လက်ဖက်ခူးတယ်။ အဖေက တောထဲသွားပြီး အလုပ်လုပ်တယ်။ ရွာမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒီကိုပို့လိုက်တာ’’ ဟု ကိုရင်ကုသလက သူ့ကိုမေးမြန်းသည်များကို တစ်ခွန်းချင်းပြန်ဖြေသည်။
သစ္စာဝေဒဂူကျောင်းတွင် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူနေသော ကျောင်းသားကလေးငယ်ခြောက်ရာခန့်ရှိသည်။ ကလေးငယ်များအားလုံးမှာ မိဘမဲ့နှင့် ဆင်းရဲချို့တဲ့သော ကလေးငယ်များဖြစ်ကြပြီး ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ ပအိုဝ့်၊ ပလောင်နှင့် ရှမ်းတိုင်းရင်းသားကလေးငယ်များဖြစ်သည်။ သစ္စာဝေဒဂူကျောင်းသို့ ရောက်ရှိလာသည့် ယောကျ်ားလေးကလေးငယ်များ အားလုံးကို သင်္ကန်းဝတ်ပေးထားသည်ဟု သစ္စာဝေဒဂူကျောင်း ပဓာနနာယက ဆရာတော် ဦးခေမာစာရက မိန့်ကြားသည်။
ကိုရင် ကုသလမှာ သစ္စာဝေဒဂူကျောင်းတွင် လာရောက်ခိုလှုံကာ ပညာသင်ကြားနေသည့် ရာနှင့်ချီသော တိုင်းရင်းသားကလေးငယ်များထဲမှ တစ်ဦး ဖြစ်သည်။ နှစ်(၆၀)ကျော်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်နှင့်အတူ နယ်မြေမတည်ငြိမ်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းတို့က ကိုရင်ကုသလတို့လို တိုင်းရင်းသားကလေးငယ်များကို မိဘရင်ခွင်မှ စွန့်ခွာစေသည်။
စီးပွားရေးမပြေလည်မှုများကြောင့် မိဘများမှာ သားသမီးများ၏ ပညာရေးအတွက် ကောင်းစွာ ဖြည့်ဆည်းပေးနိုင်စွမ်းမရှိကြတော့ဘဲ လူမမယ်ကလေးငယ်များကို မိဘရင်ခွင်နှင့်ဝေးရာ မြို့ကြီး ပြကြီးများရှိ ပရဟိတကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများသို့ ပို့နေကြရသည်။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းတို့၏ အကျိုးဆက်အဖြစ် တိုင်းရင်းသားကလေးငယ် အမြောက်အမြား ဘကကျောင်းများနှင့် ပရဟိတကျောင်းများသို့ ရောက်ရှိလာနေကြသည်။
လွန်ခဲ့သည့် လေးနှစ်ခန့်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့စဉ်က ကျောင်းသား တစ်ရာခန့်သာ ရှိခဲ့သော်လည်း ယခုတော့ သစ္စာဝေဒဂူဘကကျောင်းတွင် ကျောင်းသား ခြောက်ရာအထိရှိလာသည်။
သစ္စာဝေဒဂူကျောင်းကဲ့သို့ပင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ များရှိ ဘကကျောင်းများသို့ တိုင်းရင်းသားကလေးငယ်များ လာရောက်ခိုလှုံမှု နှစ်စဉ်မြင့်တက်လာသည်ဟု သက်ဆိုင်ရာ ဘကကျောင်းများမှ စုံစမ်းသိရှိရသည်။ မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပြင်ဦးလွင်မြို့ရှိ ဒိုး ပင်အောင်ကံသာ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မန္တလေးမြို့ စက်မှုရှိ ရတနာ အောင်မြင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းစသည့် မန္တလေးနှင့် ပြင်ဦးလွင်ဒေသရရှိ ဘကကျောင်းများနှင့် ပရဟိတ ကျောင်းများသို့ ယခုနှစ်များအတွင်း တိုင်းရင်းသားကလေးငယ်များ လာရောက်ခိုလှုံနေထိုင်မှု မြင့်တက်လာပြီး ကျောင်းများမှ လက်ခံနိုင်သည့် အနေအထားထက်ပင် ကျော်လွန်လျက်ရှိသည်ဟု ဆိုသည်။
‘‘ဒီမှာကတော့ တိုင်းရင်းသားချို့တဲ့ ကလေးတွေအများစုပါပဲ။ မိဘမဲ့နဲ့ တိုင်းရင်းသားချို့တဲ့တွေ ပါ။ အများဆုံးကတော့ ချင်း၊ ပလောင်နဲ့ ပအိုဝ့်က အများဆုံး ဖြစ်တယ်။ အများစုကတော့ စစ်ရှောင်သဘောမျိုးပါပဲ။ ဆင်းလည်း ဆင်းရဲတယ်။ စစ်လည်း ရှောင်ချင်တယ်။ အဲဒီအတွက် ရောက်လာကြတာပါပဲ။ ဒုက္ခသည်တစ်ပိုင်းပေါ့’’ဟု သစ္စာဝေဒဂူကျောင်း ဆရာတော် ဦးခေမာစာရက မိန့် ကြားသည်။
ကိုရင်ကုသလကဲ့သို့ပင် ဘကကျောင်းများသို့ ရောက်ရှိလာသော တိုင်းရင်းသားကလေးငယ်များတွင် အများစုမှာ အသက် (၅) နှစ်နှင့် (၁၀) နှစ်ဝန်းကျင်အရွယ် များ ဖြစ်ကြသည်။ သူတို့ထဲက အ များစုမှာ မိခင်တိုင်းရင်းသားဘာ သာစကားမှလွဲ၍ မြန်မာစကား ပြောဆိုတတ်ခြင်းမရှိကြပါ။ သို့ သော် အခကြေးငွေပေးရန်မလို ဘဲ ပညာသင်ကြားနိုင်သကဲ့သို့ နေထိုင်ရေး၊ စားသောက်ရေးတို့တွင် ၎င်းတို့၏ ရပ်ရွာထက် ပိုမိုလုံခြုံစိတ်ချရသည့်အတွက် တိုင်းရင်းသားကလေးငယ်အများစုမှာ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ ဘကကျောင်းနှင့် ပရဟိတကျောင်းများသို့ အမြောက်အမြား ရောက်ရှိလာနေကြခြင်းဖြစ်သည်ဟု လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ စတင်ကာ ဘကကျောင်း ဖွင့်လှစ်ခဲ့သည့် ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးတေဇောဘာသက မိန့်ကြားသည်။
ကံတက်ကုန်းမစိုးရိမ်ကျောင်းတွင် မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲချို့တဲ့သည့် ကလေးငယ်များကို ပညာသင်ပေးနေပြီး သူငယ်တန်းမှ ဆယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁,၃၀၀ ခန့် ရှိသည်။ ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာလည်း ချင်း၊ ပအိုဝ့်၊ ပလောင်၊ရှမ်း၊ ရခိုင်စသည့် တိုင်းရင်းသားကလေးငယ်များဖြစ်ကြသည်ဟု ဆရာတော် ဦးတေဇောဘာသက မိန့်ကြားသည်။
‘‘တိုင်းရင်းသားဒေသတွေက စီးပွားရေးကျပ်တည်းလို့ လာကြတာ ဖြစ်တယ်။ သူတို့ဆီမှာ ဘိန်းတွေစိုက်ကြတယ်။ ဟော အခုကျတော့ အစိုးရက ဘိန်းမစိုက်ရဘူးဆိုပြီး ဘိန်းတိုက်ဖျက်ရေးတွေ လုပ်တယ်။ ဘိန်းမစိုက်ရတော့ တိုင်းရင်းသားတွေမှာ စီးပွားရေးအဆင်မပြေကြဘူး။ အဲဒီအတွက် ပညာရေး၊ ကျန်းမာရေး ခက်ခဲလို့ အားကိုးတကြီးနဲ့ လာကြတာ။ အခုနောက်ပိုင်းစစ်ပွဲတွေကြောင့်လည်း ပါတယ်’’ဟု ဆရာတော် ဦးတေဇောဘာသက မိန့်ကြားသည်။ ဆရာတော်က ဆက်လက်၍ ‘‘ဝမ်းနည်းစရာ ကောင်းတာက မိဘနဲ့ ရင်အုပ်မကွာနေရမယ့် (၅) နှစ်၊ (၆) နှစ် အရွယ် ကလေးတွေကို ဘက ကျောင်းတွေကို ပို့ပေးတာက ဝမ်းနည်းစရာ ဖြစ်နေတယ်။ ပညာစ သင်ရမယ့် အရွယ်လေးတွေမှာပဲ ဘကကျောင်းတွေဆီ ရောက်လာနေတယ်။ ပြီးတော့ ဒီမှာခက်ခက်ခဲခဲနဲ့ နေထိုင်ကြရတယ်’’ဟု မိန့် ကြားသေးသည်။
ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့် ပ လောင်ဒေသတွင် ပလောင်တိုင်း ရင်းသား ကလေးငယ် တစ်ရာ၌ ရှစ်ဆယ်ခန့်ကို မြို့ကြီးများရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ပို့လွှတ်ထားရသည်ဟု တအောင်း (ပလောင်)အမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ဒီဒီပိုစင်းက ပြော သည်။
မိဘများကိုယ်တိုင် ဒုက္ခသည်စခန်းများသို့ သွားရောက်နေထိုင်ကာ စစ်ဘေးရှောင်နေရချိန်တွင် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးအပေါ် ဂရုမထားနိုင်ဘဲ မြို့ပေါ်ရှိ ပရဟိတကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ပို့လွှတ်ထားရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
‘‘ကျွန်မတို့ဒေသမှာ တိုက်ပွဲ တွေက ဖြစ်နေဆဲဆိုတော့ ကလေးတွေရော၊ လူကြီးတွေရော အေးအေးချမ်းချမ်းနေလို့မရဘူး။
နယ်မြေမအေးချမ်းတော့ ကလေးတွေလည်း ကောင်းကောင်း ပညာမသင်နိုင်ဘူး။ နောက်ပြီး တချို့ရွာတွေမှာ မူလတန်းကျောင်း မရှိဘူး။အဝေးကြီးကို ကျောင်းသွားတက်ရတယ်။
မိဘတွေကလည်း စီးပွားရေး အဆင်မပြေတော့ ကလေးတွေရဲ့ ပညာရေးကို ဂရုမစိုက်နိုင်ကြဘူး။ ကလေးတွေကို ဘကကျောင်းတွေ၊ ပရဟိတကျောင်းတွေကို ပို့ ရတယ်။ ကလေးတွေ အဲဒီဘက်မှာ အဆင်မပြေပေမယ့်လည်း မိဘ တွေက ဂရုမစိုက်နိုင်ကြဘူး ဖြစ်နေတယ်’’ဟု ဒေါ်ဒီဒီပိုစင်းက ပြောသည်။
တစ်ခါတစ်ရံတွင် အသက် (၂) နှစ်ကျော်၊ (၃) နှစ်အရွယ် ကလေးငယ်များကိုပင် မိဘများက ဘကကျောင်းများသို့ လာရောက် အပ်နှံမှုများ ရှိတတ်သည်ဟု သစ္စာဝေဒဂူကျောင်းဆရာတော်က မိန့်သည်။ နွေရာသီကျောင်းဖွင့်ရက်များ နီးကပ်လာချိန်တွင် နီးစပ်ရာ ရဟန်း၊ သံဃာများမှတစ်ဆင့် မြို့ ပေါ်ရှိ ဘကကျောင်းများသို့ တိုင်းရင်းသားကလေးငယ် အမြောက်အမြားရောက်ရှိလာလေ့ရှိသည်။
ကလေးငယ်များမှာ ဘက ကျောင်းများသို့ ရောက်ရှိချိန်မှစ ပြီး ကျောင်းစည်းကမ်းကို လိုက်နာရသည်။ နံနက် ၄ နာရီ အိပ်ရာကထရပြီး ဘုရားရှိခိုးရသည်။ နေ့ စဉ် ဆွမ်းခံထွက်ရသည်။ တိုင်းရင်းသား ကိုရင်ငယ်လေးများ မြို့တွင်းသို့ ဆွမ်းခံကြွရာတွင် ဘာသာ စကားအခက်အခဲနှင့် နယ်မြေ၊ လမ်းမကျွမ်းကျင်မှုများကြောင့် အချိန်မီကျောင်းသို့ ပြန်မလာနိုင်ခြင်းများ မကြာခဏကြုံကြရသည်။ မြို့တွင်းမှ ကျောင်းသို့ ပြန်မလာတတ်ဘဲ မျက်စိလည်နေပြီး ကိုရင်ငယ်လေးများ နှစ်ရက်၊ သုံးရက်တန်သည် ပျောက်နေတတ်ပြီး ကိုရင်ကြီးများက လိုက်လံရှာဖွေရသည်မှာလည်း မကြာခဏဖြစ်ကြောင်း မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ် ကျောင်းတိုက် ဆရာတော် ဦးတေဇောဘာသက မိန့်ကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီ ဆိုင်မြို့နယ် ညောင်ခါးရွာမှ ရှမ်းတိုင်းရင်းသား ကိုရင်ဓမ္မပီယ (ခ) မောင်ထွန်းဝေမှာ လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ဘကကျောင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အသက် (၁၀)နှစ် အရွယ် ရှိပြီဖြစ်ပြီး ဒုတိယတန်းတွင် ပညာသင်ကြားနေသော ကိုရင်ဓမ္မပီယက တစ်ရွာတည်းနေ သူငယ်ချင်း ရှစ်ယောက်နှင့်အတူ မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် သူ့သူငယ်ချင်းကိုရင်တစ်ပါးမှာ ဆွမ်းခံကြွရင်း လမ်းတွင် မျက်စိလည်ကျန်နေခဲ့ရာမှ ကျောင်းသို့ ယခုတိုင်ပြန်ရောက်မလာတော့ကြောင်း ပြန်လည်ပြောပြသည်။
တိုင်းရင်းသားမိဘများက သူတို့နယ်မြေဒေသထက် ပိုမိုအေးချမ်းလုံခြုံသည်ဟု ယူဆကာ ကလေးငယ်များအား မြို့ကြီးများရှိ ဘကကျောင်းများသို့ ပို့လွှတ်နေ သော်လည်း ကလေးငယ်များမှာ ဘာသာစကားအခက်အခဲ၊ နေ ထိုင်ရေးအကျပ်အတည်း၊ ရိုးရာ အစဉ်လာမတူညီခြင်း၊ ယဉ်ကျေးမှုကွဲပြားခြင်း စသည့် အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု ကလေးချစ်သူများ ကွန်ရက် (မန္တ လေး)မှ ကိုညိုလင်းက ပြောသည်။
ကလေးငယ်များကို ကြီး ကြပ်ရသည့် သစ္စာဝေဒဂူကျောင်း မှ ဦးပဉ္စင်းတစ်ပါးက ‘‘သူတို့က စာသင်နေရပေမယ့် စာကို သိပ်ပြီး စိတ်မဝင်စားကြဘူး။ နေထိုင်စား သောက်ရေးကလည်း အများနဲ့ စုပေါင်းနေရတာဆိုတော့ သိပ်ပြီး အဆင်မပြေလှဘူး။ စားချင်တာ မစားရ၊ စားချင်တဲ့အချိန် မစားရ၊ အိပ်ချင်တဲ့ အချိန် မအိပ်ရနဲ့ အချိန်ဇယားအတိုင်း နေထိုင်ရတာက လည်း ကလေးတွေအတွက် တော် တော်ကို အဆင်မပြေဖြစ်ကြတယ်’’ဟု မိန့်ကြားသည်။
ပလောင်တိုင်းရင်းသား ကိုရင်ကုသလကတော့ ဖြစ်နိုင်လျှင် ရွာပြန်ချင်သည်ဟု ပြောသည်။ ‘‘ရွာပြန်မယ်။ အခုမပြန်သေးဘူး။ ဆယ်တန်းအောင်မှ ပြန်မယ်’’ဟု စာသင်ခန်းထဲက ထိုင်ခုံကို လက်ဖြင့် တဂျစ်ဂျစ်ခြစ်နေရင်းက ကို ရင်ကုသလက ပြောသည်။
တိုင်းရင်းသားကလေးငယ်များ ငယ်ရွယ်စဉ်ကတည်းက မိဘ ရင်ခွင်ကို စွန့်ခွာပြီး မြို့ကြီးများတွင် သွားရောက်နေထိုင်နေရခြင်းကြောင့် အခြားတစ်ဖက်တွင်လည်း ကလေးငယ်များ ရိုးရာဘာသာစာပေကို သင်ကြားတတ်မြောက်နိုင်မှုနည်းပါးပြီး တိုင်းရင်းသားတို့၏ ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုအစဉ်အလာများမှာလည်း မှေးမှိန်ကွယ်ပျောက်သွားမည်ကို စိုးရိမ်နေရသည့် အနေအထားထိ ဖြစ်လာနေပြီဟု တအောင်း (ပလောင်)အမျိုးသမီးအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး ဒေါ်ဒီဒီပိုစင်းက ပြောသည်။
တိုင်းရင်းသားဒေသများနှင့် တောင်ပေါ်ဒေသများရှိ ကလေးငယ်များ၏ ပညာသင်ကြားခွင့်အတွက် လတ်တလောလိုအပ်နေသည်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့် ကျေးရွာတိုင်းတွင် စာသင်ကျောင်းများနှင့် ဆရာ၊ ဆရာမများ ထားရှိပေးရေးပင် ဖြစ်သည်ဟု ၎င်းကဆိုသည်။ ၎င်းအတွက် အဓိကအရေးကြီးဆုံးလုပ်ဆောင်ရမည့်အလုပ်မှာ တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်ဖြစ်သည်ဟု ဒေါ်ဒီဒီပိုစင်းက ဆိုသည်။
‘‘စစ်ပွဲတွေသာ ဆက်ဖြစ်နေ မယ်ဆိုရင်တော့ ပညာရေးတင်မကဘူး။ ကျန်တာအကုန်လုံးပဲ စုတ်ပြတ်သတ်နေပြီ။ ဒီအချိန်မှာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် စစ်ပွဲတွေကို ရပ်တန့်ဖို့သင့်နေပါပြီ’’ဟု ဒေါ်ဒီဒီပိုစင်းက ပြောသည်။
တိုက်ပွဲများ ရပ်တန့်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူ ထောင်ရေးလုပ်ငန်းများ လုပ်ကိုင်မှသာ နိုင်ငံသားအားလုံးအတွက် ကောင်းမွန်သည့် အနာဂတ်ပေါ် ထွက်လာမည် ဖြစ်သည်။
“ဘုန်း ဘုန်း ဘုန်း’ ဟူသည့် အသံ ထပ်မံထွက်ပေါ်လာချိန်မှာတော့ ယခင်က ခပ်တိုးတိုးလိုက်ဆိုနေသော အသံများ ပိုမိုကျယ်လောင်လာသည်။
‘‘Brother (ဘရားသား)ညီအစ်ကိုမောင်နှမ’’ ရှေ့က ဆရာမလေးက တိုင်ပေးသည်။ ‘‘Brother (ဘရားသား) ညီအစ်ကိုမောင်နှမ’’ ပကတိဖြူစင်အပြစ်ကင်းသော မျက်နှာလေးများဖြင့် ကိုရင်ကုသလတို့တစ်သိုက်ကုန်းအော်ကာ သံပြိုင်ဆိုလိုက်ကြပါသည်။