တောချောင်းဖျားထဲက မပွင့်ခဲ့ရတဲ့ ပန်းကလေးများ
မိုးအောင်
“ ဆုံးတဲ့ သူလည်းဆုံးခဲ့ပြီ။ ကျွန်တော် သမီးလေးလည်း ပြန်ပြီး မရှင်လာတော့ပါဘူး။ နောက်ကလေးတွေကိုသာ ဒီလို မဖြစ်အောင် ဆောင်ရွက်ပေးကြပါ “
အသက် ၄၀ အရွယ်ရှိတဲ့ ဦးထွန်းလှိုင်ဟာ ငိုလုမဲ့ သူရဲ့မျက်ဝန်းတွေကို ထိန်းပြီး အားတင်းရင်း ပြောလိုက်ပါတယ်။
စကား အဆုံးမှာတော့ ဦးထွန်းလှိုင် သူ့မျက်ရည်တွေကို ကြာရှည် မထိန်းသိမ်းထားနိုင်ပါဘူး။ အနားမှာရှိတဲ့ သူ့သူငယ်ချင်းရဲ့ လက်ကို ဆုပ် ကိုင်ပြီး ငိုချလိုက်ပါတယ်။
ကျောင်းဖွင့်ရက်ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှာ ဦးထွန်းလှိုင်ရဲ့ သမီးဖြစ်တဲ့ မြတ်ကေဝင်း အပါအဝင် ကလေးငယ် ဦးရေ ၃၅ ကျော် ဟာ နံနက် ကျောင်းတစ်ပိုင်း လွှတ်ချိန်မှာ သူတို့ ကျောင်းတက်ရာ ပိုးရွီပြင်ရှေ့မှာက သူရွာဖြစ်တဲ့ ဂန့်ဂေါကို ပြန်ခဲ့ပါတယ်။
ပြေးဆွဲတဲ့ လှေဟာ ပုံမှန်အတိုင်းဆို ဂန့်ဂေါရွာကို သွားရပေမယ့် ချောင်းရဲ့ အထက်ပိုင်းဖြစ်တဲ့ ရက်ချောင်းဘက်ကို အရင်ဆုံး ကလေးငယ်တွေကို ပို့ဆောင်ရန် သွားခဲ့ပါတယ်။
လှေပေါ်မှာ ပုံမှန် သတ်မှတ်ထားတဲ့ လူဦးရေထက် ကျော်လွှန်ခဲ့တဲ့ အတွက် နစ်မြုပ်ရတာပဲဖြစ်တယ်လို့ သူ့သမီး အသက်ကို ခေါ်ယူသွားခဲ့တဲ့ ဖြစ်စဉ်ကို တစ်ခုချင်း ပြောပြပါတယ်။
“ မိုးထဲရေထဲ လေရှိတယ်ဆိုရင် ကျွန်တော် လက်ခံသေးပါတယ်။ ခုက ရာသီဥတု ကောင်းတဲ့ အချိန် မှာ ဖြစ်သွားတာကို ပိုပြီး ယူကြုံးမရ ဖြစ်ရပါတယ်”
လှေနစ်မြုပ်မှုကြောင့် ကျောင်းသူ ၆ ဦးနဲ့ ကျောင်းသား၁ ဦး သေဆုံးခဲ့ရပါတယ်။ လှေနစ်မြုပ်ချိန်မှာ အနီးအနားမှာ ရှိတဲ့ သူတွေရဲ့ အချိန်မှီ ကယ်ဆယ် ခဲ့မှုကြောင့် ကလေးအများစု အသက်ရှင်သန်ခဲ့ရသလို အရေးပေါ်အခြေနေ ကလေးငယ်တွေကို ကုသမှုတွေလည်း ပြုလုပ် ခဲ့ရတယ်လို့ ကယ်ဆယ်ရာမှာ ပါဝင်ခဲ့တဲ့ တပ်ကြပ်ကြီး အငြိမ်းစား ဦးသီဟစိုးက ရှင်းပြပါတယ်။
“ ကလေးတွေ လှေရဲ့နံရံတွေကို တစ်ဖက်၊ သူတို့ရဲ့လွယ်အိပ်လေးတွေကို တစ်ဘက် ဆုပ်ကိုင်ထားကြတယ် ။ ခေါင်းလေးတွေ ရေပေါ်မှာ အကုန်လုံးပေါ်ပြီးတော့ အော်နေကြတာ”
ဦးထွန်းလှိုင်အနေနဲ့ သူသမီး အသက်ရှင်သန်နိုင်သေးတယ်ဆိုပြီး သူသိတဲ့ အချိန်မှာ ပိုးရွီပြင်ရွာကို ဂန့်ဂေါက သူဆွေမျိုးတွေနဲ့ လူတွေခေါ်ပြီး သမီးဇောနဲ့ အချိန်မှီရောက်အောင် ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် သူသမီးငယ်လေးကို မတွေ့ခင် သမီးရဲ့ ခြယ်သား လွယ်အိတ်စိမ်းလေးက သူ့ကို ဆီးကြိုနေခဲ့ပါတယ်။ သမီးလေးကို ရှင်လျှက် မတွေ့ရတော့ဘူးဆိုပြီး အသိစိတ်တွေက ဝင်ရောက်လာပါတော့တယ်။ ဦးထွန်းလှိုင်ထင်ခဲ့သလို ညနေ ၇ နာရီမှာ သူ့သမီးလေးရဲ့ ရုပ်အလောင်းကို ရေပြင်ပေါ်က ကမ်းစပ်တစ်နေရာမှာ ရရှိခဲ့ပါတယ်။
“ ကျွန်တော် မိန်းမက သမီးပါတဲ့ လှေနစ်မြုပ်တယ်ဆိုတာနဲ့ အိပ်ရာထဲ လဲကျသွားတယ်”
ရခိုင်ဒေသမှာ ကျောင်းနေအရွယ် ကလေးငယ်တွေ အနေနဲ့ မိုးတွင်းရာသီတွေမှာ ဒီလို နစ်မြုပ်တာဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၅ တုန်းကလည်း ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာမှာ ဖြစ်ပေါ်ခဲ့သလို ဘူးသီးတောင်မြို့နယ်၊ ပေါက်တောမြို့နယ်တွေမှာလည်း ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။
သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံမှုအားနည်းတဲ့ ရခိုင်ဒေသမှာ ရေလမ်းကြောင်း လုံခြုံမှုအားနည်းတဲ့ အခြေနေကို အောင်တံခွန် သင်္ဘော နစ်မြုပ်မှုကလည်း အသက်ပေါင်းများစွာနဲ့ ပြည်နယ် အစိုးရကို သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ကောင်းမွန်စိတ်ချ လုံခြုံတဲ့ သင်္ဘောတွေ မရရှိခဲ့ပဲ မကြာသေးခင်ကာလကပဲ အောင်တံခွန် သင်္ဘော တစ်စင်း ပုဏ္ဏားကျွန်းမြို့ အနီးမှာ သောင်တင်ပြီး ခရီးသည်တွေရဲ့ အန္တရာယ်တွေကို စိုးရိမ်ရတဲ့ အခြေနေကို ရောက်ရှိခဲ့ပါတယ်။
စစ်တွေ သဲချောင်းအနီးမှာ ၂၀၁၆ ခု ဧပြီလအထဲမှာ နစ်မြုပ်ခဲ့တဲ့ လူပေါင်း ၆၀ ပျောက်ဆုံးခဲ့ရတဲ့ စက်လှေတိမ်းမှောက်မှု ဆိုရင်လည်း ဒေသတွင်း သယ်ယူပို့ဆောင်ရေးရဲ့ မလုံခြုံမှုတွေကို ဖော်ပြနေပါတယ်။
ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကတော့ မေလ ၃၀ ရက်နေ့က မီဒီယာ သမားတွေနဲ့ တွေ့ဆုံ ရာမှာ ရေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုံခြုံရေစေရန်အတွက် ပြည်သူတွေကို ပညာပေး လုပ်ငန်းတွေ လုပ်ဆောင် သွားမှာလို့ အသိပေးခဲ့ပါတယ်။
“သင်္ဘောတွေပေါ်မှာ သင်္ဘောမထွက်ခင် အသက်ကယ် အကျီ ၤကို ဘယ်လိုဝတ်ဆင်ရမယ်ဆိုပြီး သရုပ်ပြ လုပ်ငန်းတွေကို လုပ်ဆောင် သွားမှာပါ”
ကျေးရွာတွေနဲ့ တစ်ရွာနဲ့တစ်ရွာကြားမှာ ပြေးဆွဲနေတဲ့ လှေတွေဟာ ပြေးဆွဲခွင့် လိုင်စင်လျှောက်ကတည်းက ယာဉ်နဲ့သတ်မှတ်ထားတဲ့ အရေအတွက်ကို လျှောက်လွာစာရွက်မှာ ဖော်ပြရတယ်လို့ ပုဏ္ဏားကျွန်းမြို့ စည်ပင်မှူးက ဆိုပါတယ်။
“ ခု ဖြစ်သွားတဲ့ စက်လှေကတော့ ရက်ချောင်းကို သွားရတာမဟုတ်ပါဘူး။ ကလေးတွေက အရမ်းတက်လိုက်ကြတာနဲ့ လူဦးရေ မတန်တဆများပြီး ဖြစ်သွားတာ ထင်ပါတယ်”
လူမှုရေးဝန်ကြီး ဒေါက်တာ စန်းရွှေကတော့ ဒီလိုကိစ္စမျိုးတွေ နောက်ထပ်မဖြစ်ပေါ်ရအောင် သူအနေနဲ့ ကာကွယ်သွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကလေးငယ်တွေ ချောင်းကူး၊မြစ်ကူး ကျောင်းသွားတက်ရတဲ့အခါ လှေတွေမှာ လူဦးရေအလိုက် သတ်မှတ်တဲ့ အသက်ကယ် အကျီ ၤတွေကို ပါရှိသွားအောင် ဆောင်ရွက်သွားမယ်ပြောပါတယ်။
“ ဒါတွေကို စည်ပင်ဆီက လိုင်စင်ယူထားကြတဲ့ ကတိုးလှေတွေကို စည်ပင်ဌာနကလည်း ကြီးကြပ်ရမယ် “
ဦးထွန်းလှိုင်လို သမီးငယ်ကို ဆုံးရှုံးခဲ့ရတဲ့ ဦးမောင်စိန်အေးက သူရဲ့သမီး ငြိမ်းငြိမ်းထွေးရဲ့ အသက်ကို ပြန် မရရှိတော့ပေမယ့် နောက် ကလေးတွေရဲ့ အသက်ကို ခုလို အဖြစ်ပျက်မျိုးနဲ့ မဆုံးချင်စေဘူးလို့ ဆိုပါတယ်။ ကျောင်းတက် ကျောင်းဆင်းတိုင်းမှာ စနစ်တကျ ကြီးကြပ်တာမျိုးကို လိုချင်တယ်လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
“ ဘယ်သူကိုလည်း အပြစ်မတင်တော့ပါဘူး၊ သူရဲ့ ကျန်ခဲ့တဲ့ မောင်လေးတွေ ကျောင်းတက်တဲ့အခါ သူ့အစ်မလို အဖြစ်ဆိုးနဲ့ မကြုံရင်ရပါပြီ “
ကျောင်းသားဦးရေ ၇၃၀ ကျော်ရှိတဲ့ ပိုးရွီပြင်ကျောင်းဟာ အနီးအနားရွာတွေက ကလေးငယ် အများစု အထူးသဖြင့် အထက်တန်း ကျောင်းသားတွေဟာ စက်လှေတွေ စီးပြီး ကျောင်းလာတက်ရတယ်လို့ သိရှိရပါတယ်။ ဒီလို အခြေနေမျိုးမှာ ကျောင်းက တာဝန် သီးသန့်မဟုတ်ဘဲ မိဘတွေနဲ့ရွာက ပြည်သူတွေကပါ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ ကျောင်းအုပ် ဆရာကြီး ဦးသိန်းအေးက တောင်းဆိုပါတယ်။
ပိုးရွီပြင်ကျောင်းက ကျောင်းသားလေးတွေ သေဆုံးမှုအဖြစ် ရခိုင်ပြည်အစိုးရအဖွဲ့နဲ့ ဒေသဖွံဖြိုးရေး ဖောင်းဒေးရှင်းက လှူဒါန်းတဲ့ အလှူငွေကို လက်ထဲမှာ ကိုင်ထားရင်း ဦးထွန်းလှိုင်က သူ့ကို မယုံကြည်မှာ စိုးတဲ့ လေသံနဲ့ အလှူငွေပေးနေတဲ့ လှုမှုရေးဝန်ကြီးကို ကြည့်ပြီး မဝံ့မရဲ ဆိုပါတယ်။
“ ဒီငွေတွေကို ကျွန်တော်မစားပါးဘူး။ သမီးလေးအတွက် အလှူဒါန်းလုပ်မှာပါ”
ပိုးရွီပြင် သင်္ချိုင်းရဲ့ ဇရပ်မှာတော့ ဦးထွန်းလှိုင်သမီး အပါအဝင် အင်္ကျအစိမ်းအဖြူတွေ ဝတ်ဆင်ရင်း သေဆုံးသွားခဲ့တဲ့ ကလေးငယ်တွေ လဲလျောင်းနေကြပါတယ်။ ဇရပ်ရဲ့ နံဘေးဝဲယာမှာတော့ အနီးအနားကျေးရွာတွေက ရွာသူ၊ရွာသားတွေ ရောက်နေကြပါတယ်။
မိသားစုဝင်တွေကတော့ ကလေးငယ်တွေရဲ့ နံဘေးမှာ သူတို့ရဲ့ နာမည်တွေကို ရေရွတ်ရင်း ငိုနေကြပါတယ်။ အလောင်း ခုနှစ်လောင်းရဲ့ ညာဘက် အဆုံးမှာတော့ မြတ်ကေဝင်းရဲ့ ချည်သားလွယ်အိပ်လေးကို သူနဲ့အတူ တစ်ပါတည်း ထည့်ပေး လိုက်မယ် ဆိုပြီး တင်ထားကြပါတယ်။
ကလေးသူငယ်များနေ့တစ်ခုလည်းဖြစ်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ကျောင်းဖွင့်ရက်လည်း ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်က ကလေးငယ်တွေရဲ့ ပညာသင်ကြားမှု ဘယ်လောက်ခက်ခဲရင်ဆိုင်နေရတယ်ဆိုတာကို မြတ်ကေခိုင်ဝင်း တို့ အသက်နဲ့လဲပြီး ပြသခဲ့ပါပြီ။