မတည်ငြိမ်မှုတွေနဲ့ ရခိုင်မြောက်ပိုင်း စီးပွားရေး ပိုမိုဆိုးရွားလာမှာလား
မိုးအောင်
DVB Burmese
မြေပုံ မြို့သစ်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဒေါ်စိုးချေဟာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဆီ ရိက္ခာရောင်းဝယ်မှုတွေနဲ့ စီးပွားပြုလုပ်တယ်ဆိုပြီး မြို့လူထုတချို့ရဲ့ တားမြစ်တိုက်ခိုက်ခြင်းကို စက်တင်ဘာလ ၁၂ ရက်နေ့က ခံလိုက်ရပါတယ်။
မျက်နှာပေါ်မှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာ အနည်းငယ်ရှိနေတဲ့ ဒေါ်စိုးချေက သူ ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်အပေါ် တရားစွဲဆိုဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
“ကျမကို ရိုက်နှက်ခဲ့တဲ့သူတွေကို ကျမ ပြန်တရားစွဲမယ်၊ ကျမကို အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြတာ၊ ကုလားတွေဆီ ပစ္စည်းရောင်းတယ်ဆိုပြီး။”
မြေပုံမြို့မှာ မွတ်ဆလင်တွေဆီ ကုန်ပစ္စည်းတွေ ရောင်းဝယ်တယ်ဆိုပြီး ပစ္စည်းတွေ သိမ်းယူ တားဆီးမှုကို ၂၀၁၂ ခုကနေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မြို့ရဲ့အနီးမှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေဆီကို ကုန်ရောင်းဝယ်မှုတွေ၊ သယ်ယူမှုတွေ ပြုလုပ်ရင် ဒီလို တားဆီးပေးဖို့ မြို့လူထုက ပေးအပ်တဲ့တာဝန်ကို ၂၀၁၂ ခုနှစ်ကနေ တာဝန်ယူ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း မြေပုံအမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ခင်သိန်းက သူတို့ဆောင်ရွက်နေတဲ့ တားဆီးမှုတွေအပေါ် ရှင်းပြပါတယ်။
“ကျမတို့ အမျိုးသားရေးအတွက် လုပ်တာပါ။ ဒီလို တားမြစ်မှုတွေလုပ်တာဟာ ဘာကြောင့်လဲဆိုရင် ရောင်းဝယ်တဲ့ လုပ်ငန်းကနေ နောက်ထပ် ပြဿနာ မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး” လို့ သူ့ရဲ့ စိုးရိမ်စိတ်ကို ပြတ်သားစွာ ဆိုပါတယ်။
ကုန်တွေကို တားဆီးပိတ်ပင်မှုတွေကြောင့်လည်း သူတို့အဖွဲ့ကို တရားစွဲဆိုထားတာကြောင့် ၂၀၁၇ သြဂုတ် ၂၅ အပြီး ကုန်ဖမ်းဆီးပိတ်ပင်မှုတွေမှာ သူတို့အဖွဲ့ ပါဝင်ပတ်သက်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် နှစ်ဖက် အသိုင်းအဝိုင်းကြားမှာ အချင်းချင်း အဆက်အသွယ်မလုပ်ဖို့ အသံချဲ့စက်ကနေ သတိပေး ကြော်ငြာမှုတွေကို အတိအလင်း ရခိုင်တွေနေတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စက်တင်ဘာလ ပထမအပတ်ကနေ ပြုလုပ်လာခဲ့ပါတယ်။ ဒေါ်စိုးချေအပေါ် အုပ်စုဖွဲ့ တိုက်ခိုက်ခံရမှုဟာ ကြော်ငြာပြီးချိန် ၂ ရက်မြောက်နေ့မှာ ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာအုပ်စု ကျေးရွာတွေမှာလည်း ရွာအနီးက မွတ်ဆလင်ကျေးရွာတွေကို ကုန်ပစ္စည်းတွေ ရောင်းချခွင့်မပြုဖို့ကို ကျေးရွာအုပ်စုအနေနဲ့ တရားဝင် တားမြစ်ထားတာတွေ ရှိပါတယ်။
၂၀၁၂ အလွန် ပြန်လည်တည်ငြိမ်မှုကို ပျက်ပြားစေခဲ့တဲ့ တကျော့ပြန် မောင်တော အရေးအခင်းတွေဟာ ရခိုင်ဒေသမှာ နိုင်ငံသားကတ် ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေကြားမှာ စီးပွားရေးအရ ဆက်နွှယ်ယုံကြည်မှုတွေကို ပြန်လည် ပျက်ပြားလာစေတာပဲ ဖြစ်ပါတယ်။
စစ်တွေမြို့ပြင်ဘက် ကျေးရွာတွေအနားမှာ ဒုက္ခသည်စခန်းအဖြစ် အစိုးရက လုံခြုံမှု ရယူပေးထားတဲ့ မွတ်ဆလင်စခန်းတွေဆိုရင် စစ်တွေမြို့တွင်းကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို ကုန်သွယ်ပေးလာနိုင်တဲ့အထိ ပြုလုပ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဒု-ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက ဇူလိုင်လ နောက်ဆုံးအပတ်က ဝန်ကြီးချုပ်ရဲ့ဧည့်ခန်းမှာ ဒုက္ခသည်များဆိုင်ရာ ကုလမင်းကြီးကို ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ထုတ်ကုန်တွေကို ဒေသခံ တိုင်းရင်းသားတွေဆီကတဆင့် ကုန်သွယ်မှုပြုလုပ်တာ ဖြစ်ပါတယ်။
ကုန်သွယ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို အနည်းငယ် မြင်တွေ့နေရတဲ့အချိန်မှာ ပြန်လည်ပေါ်ထွက်လာတဲ့ အရေးအခင်းတွေက ဒေသတွင်း နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ ကုန်ရောင်းဝယ်မှု၊ စီးပွားရေးတွေမလုပ်ဖို့ ရခိုင်ဒေသက အခြေခံဝါဒီတချို့ တားဆီးလာခဲ့ကြပါတယ်။
ဒီလို မွတ်ဆလင်တွေဆီ ကုန်သွယ်မှု ပြုလုပ်တာတွေကို ဟန့်တားခြင်းဟာ ဥပဒေနဲ့ ညီမျှမှုမရှိဘူးလို့ ဒေါ်စိုးချေ အမှုဖြစ်စဉ်ကို ထောက်ပြရင်း ရခိုင်အမျိုးသားပါတီ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက သုံးသပ်ပါတယ်။
“ဥပဒေအားဖြင့်ကြည့်ရင် ဒီလို အမျိုးသားရေးလုပ်ငန်းတွေကို ကာကွယ်တဲ့အခါမှာ ဥပဒေကို အနည်းနဲ့အများ သွားထိမှာပဲ။”
သတိထားရတဲ့ စီးပွားကူးသန်းမှု
၂၀၁၆ အောက်တိုဘာ ၉ ရက်မှာ ရဲကင်းစခန်း ၉ ခုကို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်စီးနင်းခံရတဲ့ အခြေအနေကြောင့် နယ်မြေလုံခြုံရေးအရ နယ်စပ်ကုန်သွယ်ရေး စခန်းကို ပိတ်လိုက်သလို ပင်လယ်ပြင် ငါးဖမ်းထွက်ခြင်းကိုလည်း ပိတ်ပင်လိုက်ရပါတယ်။ ငါးဖမ်းခွင့်တားမြစ်မှုကို သုံးလတာ ပိတ်ပင်လိုက်တဲ့ နောက်ဆက်တွဲ အခြေအနေက ရေထွက်ကုန်ကို ဒုတိယအဖြစ် ဝင်ငွေရှာဖွေတဲ့ ရခိုင်ဒေသရဲ့ ရေလုပ်ငန်းပို့ကုန် ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။
၂၀၁၄-၁၅ ခုနှစ်မှာဆိုရင် ရခိုင်ဒေသ ရေလုပ်ငန်းက နိုင်ငံခြားသို့ တရားဝင် တင်ပို့ရောင်းချငွေ ၈ ဒသမ ၃၂၈ သန်း ရှာဖွေနိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ရေလုပ်ငန်းဦးစီးဌာန မှတ်တမ်းတွေက ဆိုပါတယ်။ ၂၀၁၆-၂၀၁၇ နှစ်မှာတော့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုဟာ ၆ ဒသမ ၉၇၇ သန်းသာ ရရှိခဲ့ပါတော့တယ်။
ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့မှု လျော့နည်းခဲ့ရတဲ့ အခြေအနေပေါ် ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာနမှ ဒေါက်တာညွန့်ဝေက ခုလို မှတ်ချက်ပြုပါတယ်။
“ဒေသတည်ငြိမ်ရင်တော့ ရေလုပ်ငန်း ပြည်ပတင်ပု့ိမှုက ပြန်ပြီးတက်လာနိုင်ပါတယ်၊ ၂၀၁၆ ထဲမှာက နယ်မြေမငြိမ်မှုကြောင့် ငါးဖမ်းရာသီမှာ ငါးဖမ်းထွက်ခွင့်မပြုခဲ့ရတဲ့ အခြေနေတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်ပါ။”
တိတ်ဆိတ်မှုတွေနဲ့ လူသူကင်းမဲ့နေတဲ့ မောင်တောရဲ့ မြို့လယ်မှာ ဈေးဆိုင်တန်းတွေ ပိတ်ထားတာကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
၂၀၁၆ အောက်တိုဘာ ၉ ရက်ကနေ ကုန်သွယ်စီးဆင်းမှု နှေးကွေးနေခဲ့တဲ့ မောင်တောမြို့ဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်မှာ လုံးဝပြတ်တောက်သွားပြီ ဖြစ်တယ်လို့ စစ်တွေကရောက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ဘူးသီးတောင်ကတဆင့် မောင်တောကို ပို့ဆောင်ပေးနေတဲ့ အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်း ကိုမင်းနိုင်က ညည်းညူပါတယ်။
“၂၀၁၂ တုန်းကလည်း တကြိမ်၊ ၂၀၁၆ လည်း တကြိမ်၊ ဒီတခါကျတော့ ပိုဆိုးတယ်၊ ကျနော်တို့ နေရပ်ပြောင်းမှပဲ အဆင်ပြေတော့မယ်။ စီးပွားရေးလုပ်လို့ရအောင်၊ အခုက ကားမထွက်ရသလို ဖြစ်သွားပြီ၊ ကုန်စည်စီးဆင်းမှု မရှိသလောက်ပါပဲ။”
မောင်တောဒေသဟာ ရခိုင်ပြည်နယ် အနှံ့အပြားက ထွက်ရှိတဲ့ စိုက်ပျိုးရေး ထွက်ကုန်နဲ့ ရေလုပ်ငန်းထွက်ကုန်တချို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ဆောင်ဖို့ စစ်တွေ ကုန်သွယ်ရေးစခန်းပြီးရင် နောက်ထပ် နယ်စပ်ကုန်သွယ်ရေး စခန်းရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
“မောင်တောကနေ ရခိုင်ထွက်ပစ္စည်းတွေပါ။ ပြည်မဘက်က ရောက်တဲ့ ကုန်စည်တွေကိုပါ ပို့တယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ မောင်တောမြို့က ပို့ကုန်များတဲ့ စခန်းတွေထဲမှာ ပါဝင်ပါတယ်” လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးအောင်မြင့်သိန်းက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရေထွက်ပစ္စည်း တင်ပို့တဲ့ ငပလီမြို့ ဂျိတ္တောရပ်ကွက်က ကျော့ပိုက်လုပ်ငန်းရှင် မနှင်းနှင်းခိုင်ကလည်း ဒီနှစ် ငါးဖမ်းရာသီမှာ ငါးတွေ မတင်ပို့ဖြစ်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေထွက်ပစ္စည်းတွေ ထွက်တယ်ဆိုရင် အမြတ်အစွန်း နည်းနည်း ရပါတယ်။ အဲဒီဘက်က နိုင်ငံရေးအခြေအနေကြောင့် မယူဖြစ်ဘူးဆိုရင် ရန်ကုန်ဘက် တခုတည်းဆို ဈေးလျော့မှာ ကြောက်ရပါတယ်။ ရောင်းတဲ့သူ များနေရင် ကုန်သည်တွေရဲ့ သဘောအတိုင်း ပေးတဲ့ ဈေးပေါ့။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ိဖို့ မောင်တောနယ်စပ် ကုန်သွယ်ရေးက ကုန်သွယ်ခြင်း မပြုသေးပေမယ့် စစ်တွေနယ်စပ် ကုန်သွယ်ရေးက လက်ရှိအချိန်ထိ ကုန်သွယ်မှုကိုတော့ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
ဘယ်လို မြှင့်တင်မလဲ
၂၀၁၇ အတွင်း မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကနေ လုပ်ဆောင်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်တခုကို ဖွင့်လှစ်ဖို့ ပြည်နယ်အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။ နယ်မြေ မငြိမ်သက်မှုတွေ ရှိနေပေမယ့် ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဖွင့်လှစ်မယ်လို့ ရခိုင်ပြည်နယ် စီမံကိန်းနဲ့ စီမံ၊ စီးပွားဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။
“ပထမတချက်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ ကုန်သွယ်မှုက တိုးမြင့်လာမယ့် အနေအထား ရှိပါတယ်။ ဒုတိယတချက်က အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာပြီးတော့မှ ဒေသခံ တိုင်းရင်းသားတွေ ဝင်ငွေပိုမိုရရှိပြီးတော့မှ ဒေသ တည်ငြိမ်အေးချမ်းမှုကို ပိုမိုအကျိုးရှိမှာ ဖြစ်ပါတယ်။”
အဆိုပါ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးဇုန်ကို စီးပွားရေးဇုန်အဖြစ်ပါ သတ်မှတ်လိုက်မယ်လို့ ဦးကျော်အေးသိန်းက ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့်သူတွေနဲ့လည်း မကြာခင် စာချုပ်ချုပ်ဖြစ်မယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာရုံးမှာ ပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်က မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာနှင့် ပတ်သက်တဲ့ တွေ့ဆုံပွဲမှာ ကမ္ဘာ့ဘဏ် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ပီဒီအာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ellen Goldstein က ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတွေဟာ ရခိုင်ဒေသ အခြေအနေကြောင့် နောက်ဆုတ်သွားနိုင်တယ်လို့ ဆိုလာပါတယ်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခအခြေအနေကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အတိုင်းအတာတခုအထိ ထိခိုက်နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သက်ရောက်နိုင်တာကို ပြောဖို့ အချက်အလက် မရှိပါဘူး။ ပြောနိုင်တာကတော့ အချိန်မရွေး လုံခြုံရေးဆိုင်ရာ ဆိုးရွားလာနိုင်တယ်ဆိုတဲ့ အခြေအနေက ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ထပ်ပြီး စဉ်းစားစေတာ၊ လက်တွန့်တာ၊ ရပ်ဆိုင်းထားတာတွေ ဖြစ်နိုင်ပါတယ်။”
စီးပွားရေးက ပြောင်းလဲစေနိုင်မလား
မတည်ငြိမ်မှုတွေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နယ်မြေတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူ လေးပုံသုံးပုံဟာ ဝင်ငွေနည်းသူများ ဖြစ်တယ်လို့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဘဏ် အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
တရက်ကို ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာအောက်သာ ရရှိကြတယ်လို့ ဆင်းရဲမှုကို အဆုံးသတ်ခြင်း၊ အကူးအပြောင်းကာလတွင် ကြီးပွားမှုကို မျှဝေခြင်းဆိုတဲ့ အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အလုပ်အကိုင်ရှားပါးမှုက ရခိုင်ဒေသထဲက ပြည်သူတွေ ပြည်ပနိုင်ငံတွေကို ထွက်ခွာစေရပါတယ်။
၂၀၁၄ ခုနှစ်မှာ ကောက်ခံထားတဲ့ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံခြားမှာ ရွှေ့ပြောင်းအလုပ်လုပ်သူ ၁ သိန်း ၁ သောင်းကျော် (၃ ဒသမ ၅၄) ရာခိုင်နှုန်း ရှိလာတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုဟာ အသက်ရွယ်အားဖြင့် ၁၅ နှစ်နဲ့ ၆၄ နှစ်ကြား အရွယ်ရှိသူတွေဟာ ၁၀၀ မှာ ၅၀ သာ အလုပ်အကိုင်ရရှိကြပြီး ကျန် ၅၀ ဟာ အလုပ်မဲ့နေတဲ့သူတွေ ဖြစ်နေကြတယ်ဆိုတာကို ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းအရ သိရှိရပါတယ်။
ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းတွေကို ဖွင့်လှစ်ပေးနေတယ်လို့ ပြည်နယ်အစိုးရရဲ့ တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ပြောဆိုခဲ့ပါသေးတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမတည်ငြိမ်မှုကို ဖြေရှင်းရာမှာ စီးပွားရေးဟာ အဓိကကျတယ်လို့ Nikkei Asia Review ရဲ့ ကြာသပတေးနေ့ထုတ် တွေ့ဆုံမေးမြန်းမှုမှာ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေက ကျမတို့ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာပါ။”