ရန်ကုန်မြို့က မိလ္လာပြဿနာ
မိုးညို
ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားသောမြို့၊ နေထိုင်ရေးကျောတစ်ခင်းစာ ဈေးကြီးသောမြို့၊ ခွေးလေခွေးလွင့်ပေါသော၊ ကြွက်ပေါသောမြို့ဟုဆိုလျှင် မြို့ရန်ကုန်ဟုအလွယ်တကူ ခန့်မှန်းနိုင်သည်။ စီးပွားရေးမြို့တော်တွင် အထက်ပါမြို့ပြဆိုင်ရာ ပြဿနာများအပြင်လူသိနည်းလှသည့် ပြဿနာတစ်ရပ်ကလည်း တဖြည်းဖြည်းပိုမိုကြီးမားလာပါသည်။ ယင်းမှာ မိလ္လာကန်ပြဿနာ ဖြစ်ပါသည်။
အနံ့အသက်ဆိုးများစုစည်းရာရပ်ကွက်တိုင်း၏ နောက်ဖေးလမ်းကြားများတွင် မြေကြွက်အမည်းကြီးများနှင့်အတူ ရန်ကုန်ရှိ မိလ္လာကန်များသည် လူတိုင်းနှင့်မသက်ဆိုင်သလို စွန့်ပစ်ခံထားရပါသည်။
‘‘အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ကွန်ဒုံးတွေ၊ ထဘီစုတ်တွေနဲ့ မိလ္လာကန်တွေ ထိပ်မှာလျှံနေရင် လုပ်ရကိုင်ရ အခက်ခဲဆုံးပဲ’’ဟုရေ ပုပ်စုပ်ယာဉ်ဝန်ထမ်းတစ်ဦးကရန် ကုန်မြို့ရှိ မိလ္လာတွင်းများမှ ရေပုပ်စုပ်ရာတွင် ကြုံတွေ့ရသောအခြေအနေကို ပြန်ပြောပြသည်။
သက်တမ်းကြာ မိလ္လာစနစ်အသုံးပြုနေသည့် ရန်ကုန်တွင် ဟောင်းနွမ်းဆွေးမြည့်နေသည့် ပိုက်လိုင်းကြီးများ၏ အရည်အသွေးနှင့်အခြားဆက်စပ်သည့် လူမှုဒုက္ခဆိုးကျိုးများရောက်ရှိလာနိုင်သည်ကို မြို့ပြပညာရှင်များက စိုးရိမ်တကြီးထောက်ပြသတိပေးနေပြီဖြစ်သည်။
ရန်ကုန်မြို့၏ မိလ္လာစနစ်သည် သက်တမ်းတစ်ရာကျော်သွားပြီဖြစ်သည့် ဖရေဇာပလန် ပိုက်လိုင်းမိလ္လာစနစ်ကို ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ယနေ့အထိ အသုံးပြုလျက်ရှိပြီး ကျန်၃၃ မြို့နယ်မှာ မော်တော်ယာဉ်ဖြင့် မိလ္လာကန်ပြည့်လျှင် စုပ်ထုတ်သည့်စနစ်ကို ကျင့်သုံးလျက်ရှိသည်။
မြို့တွင်းခြောက်မြို့နယ်က မိလ္လာပြွန်စနစ်
အဆိုပါစနစ်မှာ ရန်ကုန်အပါအဝင် အိန္ဒိယနိုင်ငံ ကရာချိမြို့၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တို့တွင် ယနေ့အထိ အသုံးပြုနေဆဲဖြစ်သည်ဟု မြို့ပြစီမံကိန်းပညာရှင်များက ပြောသည်။
‘‘မိလ္လာပိုက်နဲ့ ရေဖြန့်ဖြူးပေးတဲ့ပိုက်တွေက မြေအောက်မှာရှုပ်ထွေးနေတယ်။ တိကျတဲ့မြေပုံလည်းမရှိဘူး။ ပြီးတော့ရေမြောင်းနဲ့ မိလ္လာပိုက်တွေနဲ့ နီးတော့ စိုးရိမ်စရာပဲ’’ဟု မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကပြောသည်။
ရပ်ကွက်များအတွင်း ဖြန့်ဝေသည့် ဂျိုးဖြူရေပိုက်လိုင်းများနှင့် မိလ္လာပိုက်လိုင်းများမှာ နီးကပ်စွာတည်ရှိနေပြီး မိုးတွင်းကာလရေကြီးရေလျှံမှုများတွင် မြောင်းရေများအပြင် မိလ္လာပိုက်လိုင်းများမှ ထွက်လာသည့် အညစ်အကြေးများပါဝင်နေသည်ကို မြို့နေလူထုသတိမပြုမိသေးကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြို့၏လူဦးရေစနစ်နှင့် မိလ္လာအခြေအနေမှာ မြို့အနေအထားအရ ခံနိုင်ရည်ရှိ၊ မရှိကို လေ့လာဆန်းစစ်သင့်နေပြီဟု ဦးဝင်းမြင့်က ဆိုသည်။
ယနေ့ ရန်ကုန်တွင် Down-town မြို့နယ်ခြောက်ခု၌ အဓိက မိလ္လာပိုက်လိုင်းကြီးနှစ်ခုဖြင့် သန်လျက်စွန်းရေဆိုးထုတ်သန့်စင် စက်ရုံသို့ သွယ်တန်းပေးပို့ စွန့်ပစ်လျက်ရှိသည်။ အဆိုပါလမ်းကြောင်းတစ်လျှောက် မိလ္လာအိုးပေါင်း ၃၅ လုံးဖြင့် တွန်းစက်များ အသုံးပြု၍ လေမှုတ်စနစ်ဖြင့် သန်လျက်စွန်းသို့ ပေးပို့ကာ ရန်ကုန်မြို့တွင်း မိလ္လာစနစ်ကို ဖြေရှင်းနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာန လက်ထောက်ဌာနမှူး ဦးဝေလွင်က ဆိုသည်။
‘‘ကျွန်တော်တို့က ဗုံးကြီးတစ်လုံးပေါ် တက်ထိုင်ထားရသလိုပဲ။ ဘယ်နေ့ပေါက်ကွဲမလဲဆိုတာ စိုးရိမ်နေရတယ်’’ဟု ဦးဝေလွင်က ဆိုသည်။
အင်္ဂလိပ်ခေတ်က လူဦးရေ လေးသောင်းအတွက် ရည်ရွယ်ပြုလုပ်ထားသည့် မိလ္လာပြွန်စနစ်သည် ယခုအခါ သိန်းနှင့်ချီသောမြို့တွင်းလူဦးရေအပေါ် ကြံ့ကြံ့ခံဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြို့တွင်း ခြောက်မြို့နယ်တွင် ယခင်က မိလ္လာအိုးပေါင်း လေးဆယ်ရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ်က ဗုံးဒဏ်ကြောင့် ၃၅ လုံးသာ ကျန်ရှိတော့သည်ဟု ဦးဝေလွင်က ပြောသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တွင်းမှာ သန်လျက်စွန်းသို့ အဓိကပေးပို့နေသည့် မိလ္လာပိုက်လိုင်းကြီးနှစ်ခုအနက် တစ်ခုပေါက်ခဲ့ရာ အချိန်မီ ပြန်လည်ပြင်ဆင်နိုင်သဖြင့် မြို့လယ်ပိုင်း သက်သာရာရခဲ့သည်။ နှစ်ပေါင်း ၁၀၀ ကျော်ကြာ မိလ္လာပိုက်လိုင်းကြီးများထဲတွင် နှစ်ပေါင်းများစွာ သန့်ရှင်းရေးမလုပ်နိုင်သဖြင့် မိလ္လာချိုးကြီးများမှာ ကျောက်ခတ်ပန်းဆွဲများကဲ့သို့ ဖြစ်ပေါ်နေကြောင်း လက်ထောက်ဌာနမှူး ဦးဝေလွင်က ဆိုသည်။
‘‘အောက်မှာ ပိုက်တွေက ရှုပ်နေတယ်။ ကြာရင် အသက်ရှူကျပ်ပြီး သေတောင်သေနိုင်တယ်။ အောက်မှာ အချိန်အကြာကြီးနေလို့မရဘူး’’ဟု မိလ္လာပိုက်များ အောက်ခြေတွင် ပြင်ဆင်ပါက တွေ့ကြုံရသည့် အခြေအနေကို စည်ပင်သာယာရေးကော်မတီမှ မိလ္လာနေ့စားဝန်ထမ်းတစ်ဦးက ပြောသည်။
နောက်ဖေးလမ်းကြားများ၌ တစ်ခါတစ်ရံ မိလ္လာအိုးများတွင် ပြည့်လျှံနေတတ်ပြီး မြို့တော်စည် ပင်က လေမှုတ်စက်များအား လျော့နည်းချိန် ပြုပြင်နေချိန်များ တွင် ကန်ထရိုက်တိုက်များမှ စီး ဆင်းသည့် ပိုက်များအထိပင် ပြည့် လျှံနေတတ်ကြောင်း ကျောက်တံတားမြို့နယ် ရာအိမ်မှူးတစ်ဦးက ပြောပြသည်။
လေမှုတ်စက်ဆိုသည်မှာ မိလ္လာကန်များအတွင်းမှ အရည်များကို အဓိကပင်မပိုက်လိုင်းကြီးများအတွင်းသို့ တွန်းပို့မှုတ်ထုတ်သည့်စက်များဖြစ်ပြီး ဗိုလ်တထောင်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယနေ့အထိ လည်ပတ်လုပ်ဆောင်နေသည်။
‘‘ဒီပိုက်စနစ်ကို ဖျက်ပြီး တခြားမြို့နယ်တွေလို ကားနဲ့လာစုပ်တာမျိုးကို ပြောင်းပေးစေချင်တယ်။ အခုမြို့တွင်းမှာ ဝန်နဲ့အားက မမျှတော့ဘူး’’ဟု အထက်ပါ ရာအိမ်မှူးက ဆိုသည်။
မကြာခဏ ဆိုသလိုပင် မိလ္လာပိုက်လိုင်းကြီးသို့ ဆက်သွယ်ရာ ပိုက်များပေါက်ခြင်းဖြင့် ကြုံ တွေ့နေရပြီး ရန်ကုန်မြို့၏ အချက်အချာနေရာများတွင် ရုပ်ဆိုးကျည်းတန်စွာ ဖြစ်ပေါ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။
‘‘ပြည်သူလူထုရဲ့ စိတ်နေစိတ်ထားကိုလည်း ပြောင်းလဲစေချင်တယ်။ အမှိုက်တွေ အရမ်းပစ်ကြတော့ မိလ္လာကန်တွေ၊ အိုးတွေကို အမှိုက်တွေကြားမှာ ကျွန်တော်တို့ ဝန်ထမ်းတွေ ရှာဖွေနေရတယ်’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရေနှင့် သန့်ရှင်းမှုဌာနလက်ထောက်ဌာနမှူး ဦးဝေလွင်က တိုက်တွန်းပြောကြားသည်။
အချိန်မရွေးပေါက်ကွဲလွယ်၊ ပျက်စီးလွယ်သည့် မိလ္လာပြွန်စနစ်ကို Downtown မြို့နယ်များတွင် နိုင်ငံခြားနည်းပညာအကူအညီများ မျှော်လင့်ပြီး ခေတ်မီမြေ အောက်ပိုက်လိုင်းစနစ်အသစ်များ လုပ်ဆောင်လိုကြောင်း ဦးဝေလွင်က ဆိုသည်။
၃၃ မြို့နယ်က မိလ္လာယာဉ်စနစ်
မြို့လယ်ခြောက်မြို့နယ်မှအပ ကျန်စည်ပင်နယ်နိမိတ် မြို့နယ် ၃၃ ခုတွင် မိလ္လာယာဉ်များ ငှားရမ်းပြီး မိလ္လာစွန့်ထုတ်သည့် စနစ်ကိုကျင့်သုံးလျက်ရှိ သည်။ ရေပုပ်စုပ်ယာဉ်ဝန်ဆောင်မှု လုပ်ငန်းအတွက် ကားအစီးရေ ၄၀ ကျော်ဖြင့် ငှားရမ်းသည့် မြို့နယ်များအလိုက် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
လူဦးရေ တိုးပွားလာပြီး အရေအတွက်များပြားလာသည့် ကန်ထရိုက်တိုက်များတွင် စနစ်ကျနမှုမရှိသည့် မိလ္လာကန်များကြောင့် ရေပုပ်စုပ်ယာဉ်များအတွက်အခက်အခဲ ဖြစ်ပေါ်နေသည်။
‘‘အိမ်ပိုင်ရှင်က နှစ်ပေါင်းများစွာနေလာပြီး ကိုယ့်အိမ်က မိလ္လာကန်ဘယ်နားရှိမှန်းမသိဘူး’’ ဟု မိလ္လာယာဉ်များဖြင့် လိုက်လံစုပ်ထုတ်ဝန်ဆောင်မှုပေးရာတွင် တွေ့ရသည့်အခက်အခဲကို စက်ရုံနှင့်မော်တော်ယာဉ်ဌာန ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းဌာနခွဲမှူး ဦးတင်ထွန်းက ပြောသည်။
မော်တော်ယာဉ်များ ငှားရမ်းပါက တစ်ခါတစ်ရံတွင် ကြာမြင့်တတ်ပြီး မိလ္လာကန်သန့်ရှင်းရေးလုပ်ပေးခြင်းမရှိဘဲ ပိုက်ချပြီး မိလ္လာစုပ်သွားသည့် သဘောသာရှိသဖြင့် ရပ်ကွက်နေပြည်သူများဘက်တွင်အခက်အခဲများရှိကြောင်း စမ်းချောင်းမြို့နယ်မှ ရိုးရာလေးစားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။
‘‘မိလ္လာကို စုပ်သွားတဲ့အချိန် သူတို့လာတဲ့ ကားက သေးသေးလေး၊ ကန်မှာ ကျန်ခဲ့တာတွေလည်းရှိတယ်။ ပြီးစလွယ်လုပ်သွားတာတွေ အများကြီး’’ဟု အထက်ပါစားသောက်ဆိုင်ပိုင်ရှင်က ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေပုပ်စုပ်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွင် စုစုပေါင်းကားအစီးရေ ၄၀ ကျော်ဖြင့် နေ့စဉ်အခေါက်ရေ ၁၀၀ ခန့် မြို့နယ် ၃၃ မြို့နယ်ကို ငှားရမ်းခယူကာ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။
‘‘ဈေးအိမ်သာတွေမှာ သွားစုပ်ရင် အဆိုးဆုံးပဲ။ ထဘီစုတ်တွေကအစပါလာတယ်။ လူတွေအနေနဲ့ အိမ်သာကို အိမ်သာနဲ့တူအောင် စည်းကမ်းတကျသုံးစွဲစေချင်တယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရေ ပုပ်စုပ်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှ ဌာနခွဲမှူး ဦးတင်ထွန်းက အကြံပြုသည်။
ဌာနတွင်ရှိသည့် ယာဉ်အစီး ရေနှင့် မြို့၏ လူဦးရေများပြားလာ ခြင်းကြောင့် ရေပုပ်စုပ်ယာဉ်များ တစ်နေ့နှင့် တစ်နေ့အလျင် မမီသည်များလည်းရှိကြောင်း ဦးတင်ထွန်းကဆိုသည်။ ထို့အပြင် ငှားရမ်းသည့် အိမ်ရှင်ဘက်က အမျိုးမျိုးစောဒကတက် ဝေဖန်မှုများလည်းရှိသည်ဟု ၎င်းကဆိုသည်။
‘‘ကျွန်တော်တို့ကားတွေက အရည်ကိုပဲ စုပ်တာ။ အိမ်တစ်အိမ်မှာ ကန်သုံးကန်ရှိတယ်။ အနှစ်ကန်၊ အမြှုပ်ကန်၊ အရည်ကန်ဆိုပြီး ခွဲထားတာ’’ဟု မိလ္လာယာဉ်မောင်းနှင့် ပိုက်ကိုင်ဝန်ထမ်းများက ပြောပြသည်။ အချို့မြို့နယ်များတွင် ကျဉ်းမြောင်းလွန်းသည့်လမ်းများကြောင့် မိလ္လာကားများ ဝင်ရောက်ရန် အခက်အခဲများ နေ့စဉ်ကြုံတွေ့နေရသည်ဟု ၎င်းတို့ကဆိုသည်။
ထို့အပြင် မိမိတိုက်ခန်းမှ ပိုင်ဆိုင်သည့် မိလ္လာကန်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ တိုက်ခန်းနေသူများနှင့်သာ သက်ဆိုင်ပြီး ရန်ကုန်မြို့နေပြည်သူအများစုသည် ယင်းကိစ္စကို လျစ်လျူရှုထားကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
‘‘တချို့တိုက်တွေဆို ၁၀ နှစ်နေလို့ မိလ္လာတစ်ခါမစုပ်ဘူး။ မိလ္လာတွေ လျှံနေမှ ရပ်ကွက်က အမြင်မတော်လို့ အသိပေးမှ စုပ်ကြတယ်’’ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။
မိလ္လာကားများ ရေပုပ်စုပ်ယာဉ်လုပ်ငန်းကို လက်ရှိစည်ပင်သာယာက ကိုင်တွယ်သည်ထက် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ပေးသင့်ကြောင်း ၎င်းက သူ၏အမြင်ကို ဆိုသည်။
တစ်မြို့လုံးရှိ မိလ္လာများ သန်လျက်စွန်းစက်ရုံသို့ပို့
လူဦးရေ ငါးသန်းကျော်ရှိသော ရန်ကုန်တစ်မြို့လုံးမှ နေ့စဉ် ဂါလန်တစ်သိန်းခွဲမှ နှစ်သိန်းကျော်ထွက်ရှိသည့် မိလ္လာရေများကို ၂၀၀၃ ကစတင်လည်ပတ်ခဲ့သည့် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံသို့ ယနေ့အထိ ပေးပို့လည်ပတ်လျက်ရှိသည်။ ယခင်အဆိုပါစက်ရုံမရှိမီက ရန်ကုန်မြစ်ဝသို့ တိုက်ရိုက်စွန့်ပစ်သည့်စနစ်ကို ကျင့်သုံးခဲ့သည်။
မြေ ငါးဧကကျော် ကျယ်ဝန်းသည့် ယင်းစက်ရုံတွင် အဆင့်ဆင့် သန့်စင်နည်းပညာများအသုံးပြုပြီးနောက်ဆုံးအဆင့်တွင် မိလ္လာရေမှာ ရေကဲ့သို့ ကြည်လင်သည်အထိ သန့်စင်ပြီး ရန်ကုန်မြစ်အတွင်းသို့ စွန့်ထုတ်လိုက်ကြောင်း ရေနှင့်သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဝေလွင်ကပြောကြားသည်။
မိလ္လာပိုက်လိုင်းများနှင့် ရေပုပ်စုပ်ကားများမှ လာရောက်စွန့်ပစ်သည့် မိလ္လာများထဲမှ အနည်အနှစ်များကို နေလှန်းပြီး ပြန်လည်အသုံးပြုနိုင်သည့် မြေသြဇာအဖြစ်ရောက်အောင် ဆောင်ရွက်ကြောင်း ရေဆိုးသန့်စင်စက်ရုံမှ တာဝန်ခံတစ်ဦးကပြောသည်။
လူဦးရေ များပြားလာပြီး မိလ္လာစွန့်ပစ်မှုနှုန်း များပြားလာသည့် ရန်ကုန်တွင် ရေရှည်၌လက်ရှိ မြို့တွင်းခြောက်မြို့နယ်တွင် အသုံးပြုနေသည့် ပိုက်လိုင်းစနစ်ကို ပြောင်းလဲရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ထို့အပြင် အခြားမြို့နယ် ၃၃ မြို့နယ်အတွက် မိလ္လာကန်များပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေပုပ်စုပ်ယာဉ်များကိုပုဂ္ဂလိကကဏ္ဍသို့ ပြောင်းလဲလုပ်ကိုင်ပေးသင့်ကြောင်း ရန်ကုန်မြို့နေ မိလ္လာအသုံးပြုသူများက ဆိုသည်။
နှစ်ပေါင်းများစွာကြာ ဖရိုဖရဲ စီမံခန့်ခွဲမှုများ ကြုံခဲ့ရသော ရန်ကုန်မြို့ကို အစိုးရသစ်လက်ထက်တွင် ပြုပြင် ဆောင်ရွက်ရာ၌ အမေ့လျော့ခံမိလ္လာစနစ်လည်း ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။
7Day News Journal , အတွဲ (၁၅)၊ အမှတ် (၁၆)
http://www.7daydaily.com/story/68803