ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၁)
သန်းထိုက်
(မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းအမွေအနှစ်၊ ရှေးဟောင်း စေတီပုထိုးမြောက်များစွာရှိသော ပုဂံဒေသ တွင်ဖြစ်ပေါ်နေသည့် အဂါရဝဆန်သည့် အပြုအမူများ၊ ရှေးဟောင်းစေတီများ အပိုင်သိမ်း ခံနေရသည့် ကိစ္စများ၊ လုပ်ငန်းရှင်အချို့၏ ဥပဒေမဲ့လုပ်ဆောင်မှုများအား တာဝန် ရှိသူများသိရှိပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် မော်ကွန်းက စုံစမ်းဖော်ထုတ်ထားပါသည်။)
ဧပြီ ၂၀၁၅ (ပုဂံ)
ပုဂံကိုရောက်ပြီး နောက်တစ်ရက်တွင် ဘုရားတွေကိုသိမ်းထားသည်ဆိုသည့် ဟို တယ်များအနက် တစ်ခုသော ဟိုတယ်ထဲကို နံနက်စာစားရင်းနှင့် ကြည့်ဖို့ ရောက်သွားသည်။
စားစရာတွေမှာပြီးချိန်မှာတော့ ကျွန်တော် ဘေးဘီကို အကဲခတ် ကြည့်လိုက်မိသည်။
ဤနေရာ ပုဂံမြေမှဟုတ်ပါလေစ…။
ကျွန်တော်ထိုင်နေသည့် အရှေ့တည့်တည့်တွင်တော့ ပြာ လဲ့လဲ့ရေကူးကန်။ ရေကူးကန်ပတ်လည်တွင်တော့ ကမ်းခြေတွေ မှာတွေ့ရတတ်သည့် ခုတင်ကဲ့သို့ ပက်လက်ထိုင်ခုံကြီးများရှိသည်။ ဆိုဖာတပ်ထားသော ယင်းခုံများပေါ်တွင် နိုင်ငံခြားသား အမျိုး သားများနှင့် အမျိုးသမီးများ။
ကျွန်တော်နှင့်မျက်နှာချင်းဆိုင်တွင်တော့ ဆယ်ကျော် သက်အရွယ် ကောင်မလေးသုံးယောက်ခြေဆင်းကာ ထိုင်နေ သည်။ သူတို့အနီးတွင်တော့ အမျိုးသမီးတစ်ဦး ဒူးကွေးပြီးအိပ်နေ သည်။ သူ၏ဘေးတွင်တော့ အမျိုးသားတစ်ဦးက စာအုပ်တစ် အုပ်ကိုဖတ်နေသည်။
အပေါ်တွင် ပုဂံမြေမှ ဟုတ်ပါလေစဟု ဆိုခဲ့ရခြင်းမှာ သူတို့ ၏ ဝတ်ပုံစားပုံကြောင့်ဖြစ်သည်။ အမျိုးသမီးအားလုံးက ရေကူး ဝတ်စုံကိုသာဝတ်ထားသည်။ အမျိုးသားများတွင်လည်း အဝတ် အစားဆို၍ အတွင်းခံဘောင်းဘီသာရှိသည်။
ကောင်မလေးသုံးယောက်က ဖုန်းတစ်လုံးကိုကြည့်ရင်း တစ်ယောက်နှင့် တစ်ယောက်ကပ်လျက်စကားပြောနေသည်။ ခဏနေတော့ ကောင်မလေးတစ်ယောက်က စွေ့ခနဲထကာ ရေကူးကန်နှင့် ခပ်လှမ်းလှမ်းကိုလျှောက်သွားသည်။ ထိုနေရာသို့ အရောက်တွင် လက်ထဲက စမတ်ဖုန်းဖြင့် မိမိကိုယ်မိမိ Selfie ဓာတ်ပုံရိုက်နေသည်။ သူ့နောက်တွင်တော့ ရှေးဟောင်းစေတီ တစ်ဆူရှိသည်။ သူက ရေကူးဝတ်စုံဝတ်ထားလျက် ဘုရားကို နောက်ခံထားကာ Selfie ရိုက်နေခြင်းဖြစ်သည်။
ကျွန်တော်ထိုင်နေသည့်နေရာကို ကျောပေးလျက် ဘုရား ဘက်သို့ခြေဆင်းထိုင်နေသည့် စုံတွဲတစ်တွဲရှိနေသေးသည်။ ထိုစုံတွဲတွင်အမျိုးသားက စာအုပ်တစ်အုပ်ဖတ်နေပြီး အမျိုးသမီးကတော့ ဖုန်းတစ်လုံးနှင့်ဓာတ်ပုံရိုက်နေသည်။ ဝတ်ပုံစားပုံကတော့ အထက်က အတိုင်းသာ။
ကျွန်တော်ရောက်သွားခဲ့သည့် ယင်းဟိုတယ်မှာ ပုဂံမြို့သစ် ရှိ Thazin Garden ဟိုတယ်ဖြစ်သည်။ ဟိုတယ်တွင်း ဘေးဘီဝဲယာကြည့်လိုက်သည့်အခါ နောက်ထပ် ရှေးဟောင်းဘုရားသုံး ဆူကိုပါ တွေ့ရသည်။
ကျွန်တော်တွေ့သကဲ့သို့ ဘုရားများအနီးတွင် ရေကူးနေကြသည့်မြင်ကွင်းကို ပုဂံဒေသခံဖြစ်သည့် ဦးဝင်းမောင်တစ်ယောက် ပုဂံဟိုတယ်သို့ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရောက်ရှိခဲ့စဉ်တွင် တွေ့ ကြုံ ခဲ့ရဖူးသည်ဟုဆိုသည်။
ယင်းသို့ပြုလုပ်သည်ဟု လွန်ခဲ့သည့်နှစ်များက ကြားသိဖူး သော်လည်း ၎င်းတို့အနေဖြင့် ဟိုတယ်အတွင်းသို့ ရောက်လေ့ ရောက်ထမရှိသဖြင့် ယင်းအချိန်တွင်မှ မျက်ဝါးထင်ထင်တွေ့ လိုက်ရခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ ဘုရားအနီးတွင် ယင်းမြင်ကွင်းကိုမြင်လိုက်ရသည်မှာ ဒေါသ ထွက်လွန်းသဖြင့် ဦးဝင်းမောင် အသားများပင် တဆတ်ဆတ်တုန် ခဲ့ရသည်။
“သူတို့က အုတ်နဲ့ပုံထားတဲ့စေတီလို့မြင်နေတာဗျ။ သိပ်မှားတယ်” ဟု ဦးဝင်းမောင်ကပြောသည်။ (ဗုဒ္ဓဘာသာဝင်များ သည် ဗုဒ္ဓကိုရည်မှန်း၍ ရုပ်ပွားတော်၊ ဆင်းတုတော်နှင့် စေတီ၊ ပုထိုးများတည်ထား၍ ကိုးကွယ်ကြသည်။)
ယင်းသို့ပြုလုပ်နေကြခြင်းသည် ၎င်း၏စိတ်ထဲတွင် သက်ရှိ ထင်ရှားဘုရားရှင်၏ရှေ့မှောက်တွင် ဝတ်လစ်စလစ်ပုံစံမျိုးဖြင့် နေထိုင်ခြင်းအဖြစ်သာ မြင်မိကြောင်းပြောသည်။
သဇင်ဟိုတယ် အထွေထွေမန်နေဂျာ ဦးအောင်စိုးကလည်း ယင်းအပြုအမူတို့မှာ အဂါရဝအပြုအမူများအဖြစ် လက်ခံသည်။ ထို့ကြောင့် ယင်းကဲ့သို့ အဂါရဝမှုများမဖြစ်စေရန် ရေကူးကန်တွင် ထိုင်ပါက ဘုရားရှိရာဘက်သို့ ခြေဆင်းမထိုင်ရန်နှင့် ရေကူးဝတ်စုံများဖြင့် ဘုရားရှိရာဘက်သို့ မသွားကြရန် ဆိုင်းဘုတ်များရေး၍ သတိပေးထားကြောင်း ပြောသည်။
ရှေးဟောင်းပုထိုးအမြောက်အမြားရှိသော မြို့ဟောင်း တစ်ဝိုက်ရှိ ဟိုတယ်များအားလုံးလိုလိုတွင်လည်း ဘုရားများနှင့် ရေကူးကန်များ ရှိနေသည်။
ဘုရားများဘက်ကို ကြည့်လိုက်ချိန်မှာတော့ ဘုရားပတ် လည်ရှိ မြက်ခင်းပြင်ပေါ်တွင် စားပွဲဝိုင်းများနှင့် ကုလားထိုင်များ ချထားသည်ကို တွေ့ရသည်။ ထို့ပြင် ဘုရားအနီးတဝိုက်တွင် မီးသီးချိတ်ဆွဲထားသောတိုင်လေးများနှင့် ဝါးလုံးကိုမီးတိုင်သဖွယ် ပြုလုပ်အလှဆင်ထားသော တိုင်လေးများကိုတွေ့ရသည်။ စားပွဲ ပေါ်ရှိ မီးနူးစာအုပ်အဖုံးကို ကြည့်လိုက်တော့ ဘုရားများကို မီး ထွန်းအလှဆင်ကာ အနီးအနားတွင် စားပွဲများပြင်ဆင်ထားသည့် ပုံကို မြင်ရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ယင်းသို့ဘုရားများအနီး စားခြင်းသောက်ခြင်းကို ဒေသခံများ၏ကန့်ကွက်မှုကြောင့် ယခု အချိန်တွင် ဓမ္မရံကြီးဘုရားပရဝဏ်အနောက်ဘက်၊ စူဠာမဏိ ဘုရားအနီးက အိုးခြမ်းပဲ့ကုန်းနှင့် ရွှေနန်းယဉ်တော်ဘုရားအနီး တို့တွင်သာခွင့်ပြုထားသည်။ ဘုရားပုထိုးများအနီးတစ်ဝိုက် စား သောက်သောညစာကို Temple Dinner ဟု ခေါ်ကြသည်။ သောက်စရာယမကာတစ်မျိုးမျိုးလည်းပါရှိတတ်သည်။
သို့သော် သူတို့ပိုင်နက်ထဲတွင် ဘုရားပုထိုးများရှိနေသော ဟိုတယ်များအတွက် ယင်းကိစ္စသည် ချွင်းချက်ဖြစ်နေသည်။
သဇင်ဟိုတယ်ကတော့ ရှေးဟောင်းက တားမြစ်ထား သဖြင့် Temple Dinner လည်း မပြုလုပ်တော့ကြောင်း ပြော သည်။ သို့သော် ဧည့်သည်များ တောင်းဆိုလျှင်တော့ ရံဖန်ရံခါ တွင် ဟိုတယ်ဝင်းအတွင်းရှိ ဘုရားများအနီး ကျွေးမွေးခြင်းများ ပြုလုပ်လေ့ရှိတတ်သည်ဟု ပြောပါသည်။
“ရေကူးကန်မြက်ခင်းပြင်မှာ ကျွေးတယ်။ အဲဒီနေရာမှာ ခင်းပေးလိုက်တယ်ပေါ့”ဟု ဦးအောင်စိုးက ဆိုသည်။
၎င်းဆိုလိုသည့် ရေကူးကန်မြက်ခင်းပြင်ဆိုသည်မှာ လည်း ဘုရားများအနီးတစ်ဝိုက်တွင်ရှိ နေသည်။ ဟိုတယ်ဝက်ဘ် ဆိုက် www.thazingarden.com တွင်လည်း ဘုရားများအနီး တွင် စားသောက်ပွဲများပြင်ဆင်နေရာချထားမှုကို ဖော်ပြထား သည်။ ဓာတ်ပုံတစ်ပုံတွင် ဘုရားအနီးမြက်ခင်းပြင်ပေါ်တွင် စားပွဲခုံများ ခင်းထားပြီး ယင်းတို့အပေါ်တွင် ဝိုင်ပုလင်းတစ်လုံးစီ ထောင်ထားသည်ကို တွေ့ရသည်။
အနောက်တိုင်းနိုင်ငံများ၌ ရှေးဟောင်းအဆောက်အအုံ များတွင် ယင်းသို့စားသောက်ကြသည့် ယဉ်ကျေးမှုရှိသော် လည်း ဗုဒ္ဓဘာသာယဉ်ကျေးမှုအရတော့ ယင်းတို့ကိုခွင့်မပြုနိုင် ကြောင်း ပုဂံဧည့်လမ်းòန်များအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးဇော် ဝင်းချိုက ပြောသည်။
“Church (ဘုရားကျောင်း) ထဲလည်း သူတို့သောက်ချင် သောက်မယ်။ အစ္စလာမ်ဆို အရက်သေစာ သူတို့ခွင့်မပြုဘူး လေ။ သူတို့ ဗလီထဲမှာ မပြောနဲ့။ (အစ္စလာမ်နိုင်ငံအချို့က)ဟိုတယ်ထဲ တောင်မရောင်းရဘူး။ တို့ဗုဒ္ဓဘာသာကလည်း ဒီအယူအဆက ရှိကြတယ်လေ”
ဘုရားတွေဟာ အဆင်တန်ဆာလား
ဟိုတယ်လုပ်ငန်းရှင်များသည် ဟိုတယ်ပိုင်နက်ကို ချဲ့ထွင် ရင်း ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ၎င်းတို့ဟိုတယ်ဝင်းထဲတွင် ဘုရားများပါသွားကြသည်။ ပုဂံဒေသခံတို့ကတော့ အဆိုပါဟိုတယ်များသည် ဘုရားများကို ခြံဝင်းခတ်ကာ သိမ်းယူထား သည်ဟုဆိုကြသည်။
ကျွန်တော်သွားရောက်ခဲ့သည့် သဇင်ဟိုတယ်ဆိုလျှင်လည်း မူလက ယခုကဲ့သို့ ဘုရားများ ဟိုတယ်တွင်းတွင် မပါရှိ သေးပေ။ သဇင်ဟိုတယ်နှင့် အခြားသောဟိုတယ်များသည် ပိုင်ရှင်ဆီကပဲ ဝယ်ယူသည်လား၊ သို့မဟုတ် သက်ဆိုင်ရာနှင့် နား လည်မှုယူကာ သိမ်းယူကြလေသလား မသိခဲ့သော်လည်း တဖြည်း ဖြည်းနယ်ချဲ့လာပြီး ဘုရားများကို ဝါးမျိုသွားကြောင်း ပုဂံဧည့် လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက သေချာပြောသည်။
Thazin Hotel ဟိုတယ်သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နောက်သုံးနှစ်အကြာတွင်တော့ မြေများထပ်မံဝယ်ကာ ဆောက်အအုံများ တည်ဆောက်ခဲ့ကြောင်း ယင်းဟိုတယ်၏ အထွေထွေမန်နေဂျာ ဦးအောင်စိုးက ပြောသည်။
ဟိုတယ်အတွင်း ဘုရားများရောက်နေသည့်ကိစ္စနှင့်ပတ်သက်၍တော့ ၎င်းက ယခုလိုဆိုသည်။
“ဟိုတယ်ထဲမှာ ဘုရားပါတာမဟုတ်ဘူး။ ရှေးဟောင်းနယ်နဲ့ ကျွန်တော်တို့ ဟိုတယ်နယ်နဲ့ နယ်ချင်းစပ်နေတဲ့သဘောပါပဲ။ ဘုရားနားက ဟာ(မြေ)တွေက ရှေးဟောင်းပိုင်တဲ့နယ်မြေပေါ့။ ကျွန်တော်တို့ပိုင်တဲ့မြေနဲ့ ဘုရားမြေကြားမှာ ခြံစည်းရိုးမထား ဘူး။ မထားလို့ ကျွန်တော်တို့မြေထဲမှာဘုရား ပါတယ်လို့ ထင်နေကြတာပေါ့”
ပုဂံဒေသဖွံ့ဖြိုးရေးအသင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမောင်က သဇင်ဟိုတယ်နေရာချဲ့ထွင်မှုကို ယခုလို စွပ်စွဲပြောဆိုသည်။
“၂၀၁၃ မှာဆောက်တဲ့ ဘန်ဂလိုတွေက ဘုရားနားမှာ ချည်းဆောက်ပစ်တယ်။ အရင်က အဲဒီနေရာက ဘုရားကုန်းတွေ၊ ပလပ်မြေတွေ။ မြေယာချထားတဲ့နေရာမှာ မပါတဲ့ ပေ ၅၀၊ ပေ ၄၈၀ ရှိတဲ့လမ်းကို အရင်ခယကဥက္ကဋ္ဌ ဦးတေဇက ရောင်းပစ် တယ်။ ဦးမြင့်သန်းအမည်ပေါက်နဲ့”
အထက်ပါဖြစ်ရပ်မှာ အမှန်ပင်ဖြစ်သည်ဟု သဇင်ဟိုတယ်၏ အထွေထွေမန်နေဂျာဖြစ်သူကဆိုသည်။ ၎င်းတို့သည် အဆိုပါလူသွားလမ်းမြေကို သက်ဆိုင်ရာမှ ဦးမြင့်သန်းအမည်ဖြင့် ဝယ် ယူထားခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
ယင်းလမ်း၏အရှေ့ဘက်တွင် လူနေရပ်ကွက်များ မရှိသည့် အတွက် သက်ဆိုင်ရာက ဝယ်ယူခွင့်ပေးလိုက်သည်ဟု သူက ဆို သည်။ ဦးဇော်ဝင်းချိုကတော့ “ဘုရားတွေဟိုတယ်ဝင်းထဲသိမ်း လိုက်သည့်အချိန်တွင်” ဒေသခံများကန့်ကွက်ခဲ့ပေမယ့် အရာ မထင်ခဲ့ဟုဆိုသည်။
သဇင်ဟိုတယ်အနေဖြင့် ဘုရားများကိုသိမ်းယူထားခြင်းမရှိ၍ လူတိုင်းဝင်ထွက်ခွင့်ရှိသည်ဟု ဦးအောင်စိုးက ဆိုသော်လည်း ကျွန်တော် ဟိုတယ်ဝင်းထဲဝင်စဉ်က ယင်းဂိတ်ပေါက်ဝတွင်ပင် မည်သည့်နေရာသို့သွားမည်နည်းဟု တားဆီးမေးမြန်းခြင်းခံရသည်။
ဦးအောင်စိုးက ဘုရားများကို မည်သူမဆို လာရောက်ဖူး မြော်နိုင်သည်ဆိုသော်လည်း ထိုဘုရားများထံ သွားရောက်ရန် ဟိုတယ်ဝင်ပေါက်မှ ဝင်ရသော ဝင်ပေါက်တစ်ပေါက်တည်းသာ တွေ့ခဲ့ရသည်။
ဒေသခံများ၏ အဆိုအရ သဇင်ဟိုတယ်အပါအဝင် မြို့ဟောင်းတစ်ဝိုက်ရှိ ဟိုတယ်များ၏ ပိုင်နက်နယ်နိမိတ်သည် မြို့ ဟောင်းမှ ဒေသခံများအား မြို့သစ်သို့ပြောင်းရွှေ့ခဲ့သည့်အချိန်၌ ယခုလောက်မကျယ်သေး။
တချို့ဟိုတယ်များအတွင်းတွင်တော့ စေတီအချို့ရှိသည်။ သို့သော် အများစုသော ဟိုတယ်ပိုင်နက်များ အတွင်းတွင်တော့ စေတီများ မရှိသေးပါ။
၁၉၉၀ ခုနှစ်တွင်ပုဂံမြို့ဟောင်းအတွင်းတွင် နေထိုင်သည့် ဒေသခံများကို ယခုမြို့သစ်သို့အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ သည်။ ရည်ရွယ်ချက်ကတော့ ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းရေးအတွက်ဖြစ်သည်။ သို့သော် ယင်းအချိန်တွင် ဟိုတယ်များက ချွင်းချက်ဖြစ်ခဲ့သည်။ ဟိုတယ်များကိုတော့ မရွှေ့ခိုင်းခဲ့ပါ။
ယင်းသို့ပြောင်းရွှေ့ခံရပြီးနောက် မြို့ဟောင်းတွင်းရှိ ဟိုတယ်များ တိုးချဲ့ခဲ့ကြသည်ဟု ပုဂံဒေသခံများဖြစ်သော ဦးဝင်း မောင်၊ ဦးသူရနှင့် ဦးဇော်ဝင်းချိုတို့က ပြောပြသည်။ ၎င်းင်းတို့သည် အသက် ၄၀ ကျော်တန်းတွေဖြစ်သည်။ ဦးဝင်းမောင်ဆိုလျှင် ၄၄ နှစ်ဖြစ်ပြီး ဦးသူရဆိုလျှင် ၄၅ နှစ်ရှိနေပြီဖြစ်သည်။
၎င်းတို့မြို့ဟောင်းအတွင်းတွင် နေထိုင်ခဲ့စဉ်က ဆာကူရာဟိုတယ်(ယခင်သီရိပစ္စယာဟိုတယ်) နှင့် သံတဲ(ပုဂံသံတဲ) ဟိုတယ်တို့အကြား မြေကွက်လပ်ကြီးရှိသည့်အပြင် မြစ်ဆိပ်အထိ ပေါက်သော လှည်းလမ်းကြောင်းလည်းရှိခဲ့ကြောင်း ဦးသူရက ရှင်းပြသည်။
ထို့အပြင် မြို့ရိုးနှင့် ကျုံးဟောင်းကြီးလည်းရှိသည်။ နောက် ပိုင်းတွင် ယင်းကျုံးကိုပါတူးဖော်ဖယ်ရှား၍ ယင်းမြေနေရာကို သိမ်းပိုက်လိုက်သည်ဟု ဒေသခံများက ပြောပြသည်။ ယခုအချိန် တွင်တော့ အဆိုပါကျုံးနှင့် မြို့ရိုးသို့ သွားရာလမ်းကို ယင်းဟိုတယ် နှစ်ခုက ပိတ်ဆို့ထားမှုကြောင့် သွားခွင့်မရတော့ပေ။
သံတဲဟိုတယ်နှင့် ပုဂံဟိုတယ်(ယခင်သမဟိုတယ်) တို့ ကြားတွင်လည်း မြေကွက်လပ်ကြီးရှိခဲ့ဖူးသည်ဟု ဦးသူရက ပြော ပြသည်။ ယခုမူ ယင်းဟိုတယ်နှစ်လုံးကြားတွင် ကျောက်တုံး ကျောက်ခဲများဖြင့် ပြည့်နေသည့် လမ်းကျဉ်းကလေးသာရှိနေ သည်။ ထိုလမ်းကလေးအတိုင်း ဆင်းသွားလျှင်တော့ ဧရာဝတီ မြစ်ကမ်းနားသို့ရောက်သည်။
ထိုလမ်းလေးအတိုင်းလျှောက်လာရင်း ပုဂံဟိုတယ်ကို ကာရံထားသည့် အုတ်တံတိုင်းများကိုကျော်၍ ဟိုတယ်အတွင်းရှိ စေတီတစ်ဆူ၏ အထက်ပိုင်းကိုလှမ်းမြင်နေရသည်။ မြစ်ကမ်းနား တွင်တော့ မြေနုကျွန်းများအပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံ များကို တောင်သူများက ဆွတ်ခူးနေသည်။ တောင်ဘီရွာသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က မြေနုကျွန်းပေါ်တွင် စိုက်ပျိုးထားသော မြေပဲများကို နုတ်နေသည်။
သခွားပင်များ၊ ချဉ်ပေါင်ပင်များနှင့် ပြည့်နေသည့် ယင်း သောင်ပြင်မှမြင်ရသည့် ဟိုတယ်အဆောက်အအုံများအကြောင်းကို ယင်းတောင်သူဦးကြီးက ယခုလိုရှင်းပြသည်။ ယခင်က ပုဂံ ဟိုတယ်၏ ပိုင်နက်သည် ယခုလောက်မကျယ်ဝန်းပါ။ ယခုအခါ ဟိုတယ်ဝင်း၏ အလည်ရောက်နေသည့် ထနောင်းပင်ကြီးသည် ယခင်က မြစ်ကမ်းပါးတွင်ရှိသည့် အပင်ကြီးဖြစ်သည်။
သူ၏အဆိုအရဆိုလျှင် ယခု ကမ်းနားတွင် ဆောက်လုပ် ထားသည့် အဆောက်အအုံမှန်သမျှတို့သည် ယခင်တပ်မတော် အစိုးရလက်ထက်တွင် တိုးချဲ့ဆောက်လုပ်ထားသည်သာဖြစ်နေသည်။ ထိုသို့ချဲ့ထွင်ကြရင်းဖြင့် ဘုရားပုထိုးများသည် ဟိုတယ် အဆောက်အအုံ၏ နယ်နိမိတ်အတွင်းသို့ရောက်ရှိသွားကြသည်ဟုဆိုကြသည်။
ပုဂံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝိတ်က တော့ ယင်းတို့သည် အငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရလက်ထက်ကတည်းက လုပ်ထားသည့်ကိစ္စများ ဖြစ်သည့်အတွက် ယခုအချိန်တွင် ပြောရန် ခက်ခဲသွားပြီဖြစ် ကြောင်း ပြောပြသည်။
“ဘုရားတွေနဲ့ သူတို့(ရှေးဟောင်းသုတေသန ဦးစီးဌာန)ကသတ်မှတ်တဲ့ ပေ ၁၂၀ ခွာပါဆိုရင် မြင်းကပါ တစ်ရွာလုံးရွှေ့ရမယ်။ ဝက်ကြီး အင်းတစ်ရွာလုံးရွှေ့။ ပေကြိုးသာ ပတ်ချာလည် လိုက်တွက်ကြည့်ရင် ဘယ်ဟာမှ မလွတ်တော့ဘူး”ဟု ဦးဇော်ဝိတ်က ဆိုသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၂/၂၀၁၄ တွင်တော့ ရှေးဟောင်းအမွေအနှစ် ဒေသများတွင် ဟိုတယ်၊မိုတယ်ကဲ့သို့သော စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အအုံအသစ် ဆောက်လုပ်ခွင့်မပြုတော့ဘဲ လူနေအဆောက်အအုံအသစ်ကိုသာ တည်ဆောက်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။
အထက်ပါညွှန်ကြားချက် ၁(ခ)တွင် “ညောင်ဦးမြို့၊ ပုဂံမြို့သစ်နှင့် မြို့ပြနယ်နိမိတ် လူနေဧရိယာအပါအဝင်တွင် ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်ကြီးများနှင့် စက်မှုလုပ်ငန်းအဆောက်အအုံများ အသစ်တည်ဆောက်ခြင်း ခွင့်မပြု” ဟုရေးသားထားသည်။
ထို့ပြင် ယင်းညွှန်ကြားချက် ၁(င)တွင် “မြို့၊ ရပ်ကွက်၊ ကျေးရွာမှ လူနေအဆောက်အအုံများ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ အသစ်ဆောက်လုပ်ခြင်း၊ ယင်း၏ဝင်းခြံနယ်နိမိတ်တိုးချဲ့ခြင်း၊ ကာရံခြင်းတို့အတွက် ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံ ရန်နှင့် ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်”ဟု ပါရှိသည်။
ယင်းသို့ရှေးဟောင်းသုတေသနဦးစီးဌာန၏ခွင့်ပြုချက် ရယူတည်ဆောက်လျှင်ပင် အမြင့်ပေ ၃၀ ထက်မပိုရ၊ ရှေးဟောင်း စေတီပုထိုးအဆောက်အအုံနှင့် အနည်းဆုံးပေ ၁၂၀ ကွာရမည် ဖြစ်သည့်အပြင် အခြားစည်းကမ်းချက်များကိုလည်း လိုက်နာရ မည်ဟု ဖော်ပြထားသည်။
မြစ်ကမ်းနားသို့ကျူးကျော်ဆောက်လုပ်ထားသဖြင့် လောလောဆယ်တွင် သက်ဆိုင်ရာမှ စတင်စစ်ဆေးနေသော ဟိုတယ်တစ်လုံးရှိပါသည်။ အဆိုပါဟိုတယ်၏ အမည်မှာ ဧရာ ဟိုတယ်ဖြစ်သည်။
ဗူးဘုရားအနီးရှိ ယင်းဟိုတယ်ဖြစ်လာပုံကို ဦးဇော်ဝင်းချို က ယခုကဲ့သို့ ရှင်းပြသည်။
“အရင်ကတော့ BAC Guest House လို့ခေါ်တယ်။ Burma Airways Corporation သူတို့က ပိုင်တာပေါ့။ အဲဒီက နေ ဟိုတယ်ခရီးက ဆက်တာဝန်ယူပြီးတော့ ဧရာဟိုတယ်ဖြစ် သွားတယ်”
ယင်းနောက်တွင် ဟိုတယ်ခရီးက ယင်းဟိုတယ်ကို ပုဂ္ဂလိ ကပိုင်အဖြစ် ရောင်းချခဲ့သည်။
ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန လက်ထောက်òန်ကြားရေးမှူးဦးအောင် ကျော်နိုင်ကတော့ ဟိုတယ်များ မြစ်ကမ်းနားဘက် ကျူးကျော် လာပုံကို ယခုလိုပင် ရှင်းရှင်းလင်းလင်းမှတ်ချက်ပြုသည်။
“သူတို့ကအပိုင်လုပ်ထားတာဗျ။ သူတို့က ကျူးကျော်ပြီး တော့ မြေစာရင်းနဲ့လုပ်ထားတဲ့အခါကျတော့ ကျွန်တော်တို့က သွားစစ်တဲ့အခါကျတော့ ခက်နေတာ “ဟု ဧရာဟိုတယ်အပါ အဝင် ဧရာဝတီမြစ်ကမ်းနားသို့ကျူးကျော်တည်ဆောက်ထား သည့် ဟိုတယ်တို့ကို ရည်ညွှန်း၍ပြောသည်။
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၂)
အမိန့်အောက်တွင် သေဆုံးရသော ဥပဒေ
အဆောက်အအုံအသစ်ထပ်မံဆောက်လုပ်ခြင်းသည် မည် သည့်အတွက်ကြောင့် တရားမဝင်ဖြစ်ခြင်းဖြစ်သည်ကို အောက်ပါ အချက်များနှင့် ချိန်ထိုး၍ စဉ်းစားကြည့်နိုင်သည်။
၁၉၉၈ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီအစိုးရလက်ထက်၌ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအရ ပုဂံဒေသကို ဇုန်သုံးဇုန် အဖြစ်ခွဲခြား၍ ကာကွယ်စောင့်ရှောက်ခဲ့သည်။
ပုဂံမြို့ဟောင်းမှစ၍ မြို့သစ်ပတ်ဝန်းကျင်အထိနှင့် ညောင်ဦးမြို့အနီးအနားအထိသည် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် (Ancient Monumental Zone – AMZ) ဖြစ်သည်။ ကျန်ပုဂံဒေသများကိုလည်း ရှေးဟောင်းနေ ရာတည်ရှိရာဇုန်(Ancient Site Zone – AZ) နှင့် ကာကွယ် ထိန်းသိမ်းထားသောဇုန် (Protected and Preserved Zone – PZ) အဖြစ် သတ်မှတ်ထားသည်။
ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ (PZ) ဇုန်ဆိုသည်မှာ ရှေးဟောင်းအမွေအနှစ်များ၊ ဘုရားပုထိုးများကို မြေပေါ်မြေအောက်တွင် တွေ့ရှိနေရသောနေရာကို ဆိုလိုခြင်းဖြစ်သည်။
ရှေးဟောင်းနေရာတည်ရှိရာဇုန် (PZ)နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် (PZ) များအတွင်းတွင်တော့ မြေပေါ်တွင် ရှေးဟောင်းအမွေအနှစ်အချို့နှင့် မြေအောက်တွင်လည်း ရှေးဟောင်းအမွေအနှစ်များ ကျန်ရှိနေသည်ဟု ပညာရှင်များ ယူဆ ထားသည့်နေရာများဖြစ်သည်။
၁၉၉၈ ဥပဒေအရမူ မည်သည့်နေရာတွင်မဆို အဆောက်အအုံတည်ဆောက်ပါက ရှေးဟောင်းသုတေသနဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံရန်လိုသည်။
ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ မြင်ကွင်းကို ထိခိုက်ခြင်းရှိ၊ မရှိ၊ ရှေးဟောင်းနေရာတို့နှင့် လွတ်ကင်းခြင်းရှိ၊ မရှိ၊ ပတ်ဝန်းကျင် သဘာဝမြင်ကွင်းကို အနှောင့်အယှက်ဖြစ်ခြင်း ရှိ၊ မရှိ၊ ရှေး ဟောင်းအဆောက်အအုံ၏ ခန့်ညားထည်ဝါမှုကို ထိခိုက်မှုရှိ၊ မရှိ၊ ယဉ်ကျေးမှုအမွေအနှစ်များ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်းရှိ၊ မရှိ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေနိုင်ခြင်းရှိ၊ မရှိ ဟူသော အချက်ခြောက်ချက်ဖြင့် စိစစ်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မြေပေါ်မြေအောက်ယဉ်ကျေးမှုအမွေအနှစ်များပြည့်နှက်နေသည့် ပုဂံမြို့ဟောင်းအတွင်းတွင် ယင်းသို့အဆောက်အအုံများ ရှိနေ၊ ဆောက်လုပ်နေသည်မှာ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများ အရ သာမက ရှေးဟောင်းသုတေသနဆိုင်ရာပညာရှင်များ၏ အမြင်တွင်ပါ လက်သင့်ခံနိုင်စရာကိစ္စတော့ မဟုတ်သော်လည်း တပ်မတော်အစိုးရ၏ တစ်သွေးတစ်သံ၊ တစ်မိန့်အောက်တွင် ပညာရှင်များ၏အသံသည် လေထဲတွင်ပင် ကွယ်ပျောက်ခဲ့ရသည်။
“မြို့ရိုးထဲမှာရှိတဲ့ဟာ(ဟိုတယ်)တွေက ရှေးဟောင်းသု တေသနဦးစီးဌာနက ခွင့်မပြုပါဘူး” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်က ပြောသည်။
ဦးအောင်ကြိုင်သည် ရှေးဟောင်းသုတေသနပညာရှင် လည်းဖြစ်သလို ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ရှေးဟောင်း သုတေသနဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ကိုပါ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပုဂံတွင် ဇုန်ခွဲခြင်းလုပ်ငန်းကို ၎င်းင်းတာဝန်ယူစဉ်ကာလက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်(Zone)ထဲတွင် ဟိုတယ်ဇုန် (၁)၊ ဇုန် (၂)၊ ဇုန် (၃) ချထားပေးစဉ် တုန်းက သူသည်တာဝန်ထမ်းဆောင်ဆဲကာလဖြစ်သည်။ သူ့ အနေနှင့်ကတော့ ထိုသို့ဟိုတယ်ဇုန်တွေ ချထားပေးခြင်းကို သဘောမကျပေ။ သို့သော် ယင်းသို့ချထားပေးခြင်းသည် စစ်ဗိုလ် ချုပ်ကြီးများ၏ သဘောဖြစ်၍ ပြန်၍ စောဒကမတက်နိုင်ခဲ့ ကြောင်း ပြောပြသည်။
“လူကြီးတွေဆိုတော့လည်း မပြောရဲကြဘူးဗျ”ဟု ဦးအောင်ကြိုင်က ပြောသည်။
ဦးအောင်ကြိုင်သဘောတူထောက်ခံခဲ့သည်က ယင်းဇုန် သုံးဇုန်အပြင်ဘက်တွင် တည်ဆောက်မည့် ဟိုတယ်ဇုန် (၄) သာ ဖြစ်သည်ဟုဆိုသည်။
သရပါဂိတ်ဟိုတယ်တည်ဆောက်စဉ်ကာလကလည်း ၎င်းင်း အနေဖြင့် တားမြစ်ခဲ့ဖူးလေသည်။ ယင်းအချိန်တွင် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းစိန်ပင်လျှင် “အေးဗျာ…တားတာမှန်တယ်”ဟုပြောခဲ့သည်။ သို့သော် ဟို တယ်ခရီးဝန်ကြီး ဦးစောလွင်နှင့် ဦးဝင်းစိန်တို့တွေ့ပြီးသည့် နောက်တွင် ယင်းအဖြေသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်ဟု ပြောသည်။
ယင်းဟိုတယ်တည်ဆောက်မှုကို တားရသည့်အကြောင်းရင်းကိုလည်း ဦးအောင်ကြိုင်က ယခုကဲ့သို့ ရှင်းပြသည်။
“သရပါဂိတ်ဟိုတယ်ဆို သရပါတံခါးကြီးနဲ့နီးတာကိုး။ သရပါတံခါးကြီးဆိုတာ ပုဂံရဲ့အထိမ်းအမှတ်ကြီးလေ။ အထိမ်း အမှတ်ကြီးနားမှာ ဒီဟိုတယ်ကြီးက ရှိနေတော့ မလုပ်သင့်ဘူးလေ”ဟုဆိုသည်။
သို့သော်လည်း နောက်ပိုင်းတွင်တော့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်က ဖုန်းဆက်ပြီး “မတားနဲ့တော့”ဟုပြောသဖြင့် ခွင့် ပြုခဲ့ရကြောင်း အတိတ်ကို ပြန်ပြောင်းပြောပြသည်။
ဤသို့ဖြင့် ပုဂံဒေသ၏မြေနေရာများသည် ဟိုတယ်များ၏ ဝါးမျိုသိမ်းပိုက်ခြင်းကို ခံလိုက်ကြရသည်။
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၃)
စေတီတစ်ဆူမြေမြှုပ်ခံရခြင်း
ပုဂံမြို့ဟောင်းထဲတွင် ဘောလုံးကွင်းတစ်ကွင်းစာထက်ပင် ကျယ်ဝန်းသည့်ခြံတစ်ခြံရှိသည်။ ယင်းခြံသည် ဗူးဘုရားမှ ပုဂံမြို့သစ်သို့သွားသောလမ်းမကြီးဘေးတွင်ရှိသည်။ ထိုခြံကို ဒေသခံ များကတော့ အသောကခြံဟုခေါ်သည်။
၁၉၉၀ ခုနှစ်မတိုင်ခင်က ဤနေရာများသည် လူနေရပ် ကွက်များဖြစ်သည်။ မြို့ဟောင်းမှ လူများရွှေ့ ပြောင်းလိုက်ချိန်တွင်တော့ အဆိုပါနေရာသည် တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ (ပိုင်ရှင်ကို စုံစမ်းမရသေးပါ) မှန်ချို၊ ကျောင်းမှော်နှင့် ပြည်စုဟူသောရပ်ကွက်များသည် အသောက ခြံဟူသော အမည်ဖြစ်သွားသည်။
ခြံထဲတွင် အနုမြူကပ်ကျော်ဘုရားဟူသော ကိုးတောင် ပြည့်စေတီလေးတစ်ဆူရှိသည်။ ထိုစေတီကို ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်နိုင်ငံရှိမြို့ကြီးများကို အမေရိကန်နိုင်ငံက အနု မြူဗုံးကျဲလိုက်သည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ယင်းကပ် များကိုကျော်နိုင်စေရန် ရည်ရွယ်၍ ဘုန်းကြီးတစ်ပါးက ဧရာဝတီ မြစ်ကမ်းနားတွင် တည်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းဘုရားသည် ဗိသုကာနှင့် သမိုင်းအားဖြင့်မကြီးကျယ် သော်လည်း တည်ထားပုံအားဖြင့်တော့ ထူးခြားနေသည်။ အဆို ပါရပ်ကွက်များသည် ကျောက်ဆွယ် ကျောက်တန်းများဖြင့် ပြည့် နေပြီး ယင်းစေတီကို ယင်းကျောက်ဆွယ်ကျောက်တန်းများ အတွင်း ကျောက်တုံးကြီးတစ်တုံးပေါ်တွင် တည်ထားခဲ့ခြင်းဖြစ်သည်။
အနုမြူကပ်ကျော်ဘုရားဟု ဆိုင်းဘုတ်တပ်ထားသော ခြံ ဝင်းထဲသို့ ကျွန်တော်ရောက်သည့်အချိန်တွင်တော့ ဆောက်လက် စတန်းလန်း အဆောက်အအုံတို့ကို တွေ့နေရသည်။ ယင်း အဆောက်အအုံတို့သည် ချုံနွယ်များဖြင့်ဖုံးလွှမ်းနေသည်။
ခြံစောင့်အဖြစ်ထားသော အဘိုးကြီး၊ အဘွားကြီး လင် မယားသည် ဖုန်အလိမ်းလိမ်းနှင့် အိမ်မကြီးထဲတွင် ထမင်းချက်နေသည်။ ၎င်းတို့သည် ဤနေရာသို့လာရောက်၍ ခြံစောင့်လုပ်နေသည်မှာ ဆယ်နှစ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ သို့သော် ၎င်းခြံကို မည်သူမည်ဝါပိုင်မှန်းလည်းမသိ။ ညောင်ဦးမြို့ပေါ်မှ လူတစ်ယောက်ထံမှသာ နှစ်ယောက်အတွက် တစ်လလျှင် လစာ ၅၅,၀၀၀ ကျပ် ပုံမှန်ထုတ်ကာ နေထိုင်ခဲ့သည်။
ကျွန်တော့်ကို ယင်းခြံထဲသို့လေ့လာရန် ခေါ်လာသူကတော့ ယခုခြံနေရာတွင်နေထိုင်သွားသည့် ဦးသံလုံးဖြစ်သည်။ ဦးသံလုံး ပင်လျှင် ယင်းနေရာသို့ ပြန်လည်မရောက်သည်မှာ နှစ်ပေါင်းများ စွာကြာခဲ့လေပြီ။ ခြံစောင့်အဘွားအိုက ကျွန်တော်နှင့် ဦးသံလုံး ကို အနုမြူကပ်ကျော်ဘုရားဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ ခြံစောင့်အဘိုးအို၏ နားတို့က ထုံစပြုနေပြီဖြစ်သဖြင့် ယင်းခြံ အကြောင်းကို အသံကျယ်လောင်စွာ ပြောနေရသည်။
ခြံစောင့်အဘွားအို၏ မျက်စိတို့က မှုန်စပြုနေပြီဖြစ်သဖြင့် နဖူးပေါ်တွင် လက်ကလေးအုပ်ကာ စမ်းတဝါးဝါး လျှောက်ရင်း လမ်းပြနေသည်။ စကားတပြောပြောနှင့် လျှောက်လာစဉ် စေတီ လေးကို မြင်လိုက်ချိန်မှာတော့ ဦးသံလုံး၏ အသံတို့က ဝမ်းနည်း ခြင်းကြောင့် တုန်စပြုလေပြီ။
“ဒီဘုရားဆိုဘယ်လောက်ရင်နာဖို့ကောင်းလဲ လူလေးရဲ့။ မြေကြီးထဲကိုရောက်သွားတာ” ဟု လှိုက်သံကြီးဖြင့် ပြောလေသည်။
ကျွန်တော်ရှေ့တွင်မြင်နေရသည်က ကျောက်ဆွယ်တစ်ခုပေါ်တွင်တည်ထားသည့် ရွှေဆေးသုတ်ထားသည် စေတီငယ် လေး။ ၎င်းင်းစေတီ၏ထီးပင်လျှင် မြေကြီးနှင့် ပြင်ညီလုနီးပါး ဖြစ်နေပြီး ကျင်းတစ်ခုထဲသို့ စေတီအဆူလိုက် ပြုတ်ကျထားသည့် နှယ် ဖြစ်နေသည်။
မြို့ဟောင်းပြောင်းရွှေ့သွားပြီးနောက် အစိုးရထံမှ ယင်း ခြံကို ဝယ်ယူလိုက်သူတို့သည် ကမ်းနားတစ်လျှောက် လူတစ်ရပ် သာသာမြင့်သည့် ကျောက်ထရံကြီးကိုကာလိုက်ပြီးနောက် ကွက် လပ်ဖြစ်နေသည့်အပိုင်းကိုတော့ မြစ်ထဲက သဲများကို စုပ်တင်၍ ဖို့ခဲ့ကြသည်။ သဲဖို့ခဲ့စဉ်တွင် ၎င်းင်းစေတီကိုပါ ရော၍ ဖို့ခဲ့ကြသည်။
ယင်းစေတီအားတည်သည့် ဘုန်းကြီး၏ဆွေမျိုးများ လိုက် လာပြီး ရှာဖွေတူးဖော်ထားခြင်းကြောင့် ယခုကဲ့သို့မြင်နေရခြင်း ဖြစ်ကြောင်း ခြံစောင့်အဘွားအိုက ပြောပြသည်။
ယင်းဖြစ်စဉ်သည် ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် òန်ကြား ရေးမှူး ဦးအောင်ကျော်နိုင်လက်ထက်တွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ကမ်းပြိုမည်စိုးသောကြောင့် ၎င်းင်းတို့ထံ သို့လာ၍ မြေထိန်း နံရံတည်ဆောက်ခွင့်တောင်းသဖြင့် ခွင့်ပြုလိုက်ရာ ၎င်းင်းတို့ပိုင် နက်ကိုပင်ကျော်၍ ဘုရားနေရာအထိကာယူကာ ဘုရားကိုပါ မြေဖို့လိုက်ကြောင်းပြောသည်။
“အဲဒါကအောက်မှာ ဘုရားပါသွားတယ်လေ။ ကျွန်တော် လည်းစိတ်မကောင်းဘူး။ ပထမ ကျွန်တော်တို့ဆီ ခွင့်ပြုမိန့် တောင်းတုန်းက အဲဒါမပါဘူးဗျ”ဟု ဦးအောင်ကျော်နိုင်က ပြောသည်။
ယခင်မြို့ဟောင်းမပြောင်းခင်ကဆိုလျှင် ကျောက်ဆွယ် ကျောက်တန်းများရှိသော ယင်းနေရာသို့ နိုင်ငံခြားသားများ လာ ရောက်လေ့လာကြပြီး နေဝင်ချိန်ကိုလည်းဘုရားတည်ထား သည့်ကျောက်တုံးကြီးပေါ်မှ လာကြည့်လေ့ရှိသည်။ သို့သော် ယခု အချိန်တွင်တော့ သဲများဖို့လိုက်သဖြင့် ကျောက်ဆွယ်ကျောက် တန်းများ မြုပ်ကုန်ကြောင်း ဦးဝင်းမောင်က ဆိုသည်။
“ဒီနေ့ လက်တွေ့တူးပြလို့ရတယ်။ ဘယ်နေရာမှာ ဘာဆို တာ ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော်လက်ညှိုးထိုးပြမယ်” ဟု ဦးဝင်းမောင်က ငယ်ဘဝက မျက်စိထဲတွင် စွဲထင်ခဲ့ရသည့် ကျောက်ဆွယ်ကျောက်တန်းတို့ကို ပြန်ပြောင်းအောက်မေ့ရင်း ပြောသည်။
အထက်တွင်ဖော်ပြခဲ့သည်များကတော့ ယခင်စစ်အစိုးရ လက်ထက်တွင် ဖြစ်ပျက်ခဲ့သည်များဖြစ်သည်။ ယခုခေတ်တွင် လည်း ယင်းကဲ့သို့ပင် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများကို သိမ်းယူခြင်းများဖြစ်ပွားလျက်ရှိနေသည်။
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၄)
ခြံခတ်ခံရသော စေတီများ
ယခုဖြစ်ပျက်နေသည့်နေရာများသည် ပုဂံမြို့ဟောင်းနှင့် ပုဂံမြို့သစ်တို့တွင်ဖြစ်သည်။ ပုဂံမြို့ဟောင်းမှ လမ်းဟောင်းအတိုင်း ညောင်ဦးဘက်သို့သွားလျှင် ညောင်ဦးမြို့အနီးတွင် ဝက်ကြီးအင်းရွာရှိသည်။ ယင်းရွာတွင်လည်း ပြဿနာအများအပြား ဖြစ်နေသည်။
ယင်းဝက်ကြီးအင်းရွာသည်လည်း ရှေးဟောင်းစေတီပုထိုးများ ပေါများလှပြီး MZ ဇုန်ထဲတွင်ပါဝင်သည်။ ဝက်ကြီးအင်းရွာရှိ ဘိုးဘွားရိပ်သာနှင့် တစ်ဖက်တစ်ချက်တွင် ပါဒစေတီခြေတော်ရာတစ်စုံနှင့် ဆင်းတုတော်တစ်ဆူရှိနေသည်။ ယင်းတို့သည် အင်း၀ ခေတ်က မိုညင်းမင်းကြီး၏ကောင်းမှုဖြစ်သည်။
ပုဂံရောက်စဉ်ကာလတွင် ယင်းခြေတော်ရာဘုရားနှင့် စေတီဆီသို့ ကျွန်တော်သွားရောက်ရန်ကြိုးပမ်းခဲ့သည်။ ယင်းစေ တီနှင့် ညာဘက်ကပ်လျက်တွင် ကားရေဆေးဆီထိုးဝင်းဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ ယင်းဝင်းအတွင်းဝင်ရောက်၍ ကြည့်ပါက စေတီကို လှမ်းမြင်ရသော်လည်း ခတ်ထားသည့် တံတိုင်း တွင်တော့ ဝင်ပေါက်မရှိ။
တံတိုင်းတစ်လျှောက် လှည့်ပတ်ကြည့်ရာတွင်တော့ ဘုရားနှင့် မနီးမဝေးတွင် ဂိုထောင်တစ်လုံးနှင့် အိမ်သာအခန်းများကို အုတ်တံတိုင်းခြားလျက် တွေ့ရသည်။ စေတီ၏ အရှေ့တွင်တော့ အနန္ဒပုဂံ ဟုရေးထိုးထားသော ဟိုတယ်တစ်လုံးက ကာဆီးထားသည်။ ယင်းဟိုတယ်သို့သွားရောက်ကာ ဘုရားအတွင်းသို့ဝင်ရောက်ခွင့်တောင်းသော်လည်း ဟိုတယ်ဂိတ်စောင့်များက အဆို ပါဘုရားသို့ သွားရောက်၍ မရကြောင်းပြောသည်။
ယင်းဘုရားအရှေ့တွင် တည်ဆောက်ထားသည်မှာ အနန္ဒ ဟိုတယ်နှင့် Eden BBB စားသောက်ဆိုင်တို့ဖြစ်သည်။ ယင်းတို့ကိုပတ်ကျော်၍ နောက်ဖေးလမ်းကြားမှဝင်ရောက်ရန် သွားသော်လည်း ခွေးကြီးတစ်ကောင်ကိုသာ တွေ့ရသဖြင့် ပြန်လှည့် လာခဲ့ရသည်။ အနီးအနားရှိဒေသခံများကို မေးမြန်းရာ ယင်း အနောက်ဘက်မှသွားပါက ဘုရားသို့ ရောက်နိုင်သည်ဟုဆိုသည်။ သို့သော် ခြံထဲတွင် အယ်လ်ဇေးရှင်းခွေးများ အမြောက်အမြား မွေးမြူထား၍ မည်သူမျှမသွားတော့ဟု ဆိုသည်။
အဆောက်အအုံဆောက်ပါက ယင်းခြေတော်ရာဘုရားကို ပိတ်သွားမည်ဖြစ်သောကြောင့် အဆိုပါနေရာတွင် အဆောက် အအုံဆောက်လုပ်ခွင့်ကို ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံ ဌာနခွဲတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဘိုကေလက်ထက်တွင်လည်း ခွင့်မပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဦးဘိုကေနောက်ပိုင်းတွင် ညွှန်ကြားရေးမှူးတာဝန်ထမ်း ဆောင်ခဲ့သည့် ဦးအောင်ကြိုင်ကလည်း ညောင်ဦးမှ လုပ်ငန်းရှင် တစ်ယောက် ဤနေရာတွင် အဆောက်အအုံဆောက်မည်ဆို သောကြောင့် စာထုတ်၍ တားမြစ်ခဲ့ကြောင်းပြောသည်။
ယင်းသို့အဆောက်အအုံများတည်ဆောက်လိုက်ခြင်း ကြောင့် စေတီနှစ်ဆူ၊ ရုပ်ပွားတော်တစ်ဆူ၊ ကျောင်းပျက်တစ်ကျောင်းနှင့် ခြေတော်ရာတစ်စုံတို့ အတွင်းတွင် ပိတ်မိသွားတော့သည်။
လွန်ခဲ့သည့်နှစ်နှစ်ခန့်က ယင်းအနန္ဒပုဂံ(ဒေသအခေါ်Adventure)ဟိုတယ်ကိုစတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ် စဉ်အခါကပင် ဒေသခံများက ကန့်ကွက်ခဲ့ကြောင်း ဦးဝင်းမောင်က ပြောသည်။
ယင်းအချိန်တွင် ဒေသခံများက ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ညွှန်ကြားရေးမှူးရာထူးဖြင့် တာဝန် ထမ်းဆောင်နေသော ဦးနိုင်ဝင်းကို သွားရောက်တိုင်ကြားချိန်တွင် တော့ ယာယီတည်ဆောက်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် ပြန် ဖျက်ရမည်ဟု ပြန်ဖြေခဲ့ကြောင်းပြောသည်။
ယင်းသို့ ‘ဘုရားကိုချောင်ထဲပို့သလို’ ဖြစ်သွားသည်ကို မြင် ရသည်မှာ မျက်ရည်ပင်ကျခဲ့ရသည်ဟု ဦးဝင်းမောင်က ဆိုသည်။ ယင်းဟိုတယ်သည် လက်ရှိယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ၏ ရှယ်ယာများပါခြင်းကြောင့် ဆောက်လုပ်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမောင်က ဆိုသည်။ (ထိုဟိုတယ်တွင် ဦးအေးမြင့်ကြူ၏ ရှယ်ယာပါ၊ မပါကိုတော့ မော်ကွန်းက သီးသန့် အတည်ပြုချက် မပြုလုပ်နိုင်သေးပါ။)
ယမန်နှစ်၊ ဧပြီလအတွင်း ပုဂံဒေသစစ်ဆေးရေးခရီးစဉ် အဖြစ် ပုဂံသို့ ဒုတိယသမ္မတဦးညဏ်ထွန်း လာရောက်ခဲ့သည်။ ထိုစဉ်က ခွင့်ပြုချက်မရဘဲ တည်ဆောက်ထားသော အဆောက် အအုံများမှာ တည်ဆောက်လက်စသာဖြစ်နေသော်လည်း လာ စစ်ဆေးပြီး နောက်ပိုင်းတွင်မှ ပြီးစီးအောင်ဆက်လက် ဆောက် လုပ်သွားကြောင်း ဦးဝင်းမောင်က ပြောသည်။
ပုဂံဒေသခံ ဦးသူရကတော့ လွန်ခဲ့သည့်ငါးနှစ်ဝန်းကျင်က ဤနေရာတွင် ကွက်လပ်ကြီးသာရှိသေးဟုဆိုသည်။ သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင်မှ ယင်းသို့ တည်ဆောက်မှုများ ပို၍ဆိုးလာကြောင်းပြောပြသည်။ သူက ယခုကဲ့သို့လည်း မှတ်ချက် ပြုသေးသည်။
“ဥပဒေက သူတို့(အစိုးရ)ပါးစပ်ထဲမှာရှိတယ်”
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၅)
သြဇာမညောင်းသော ရှေးဟောင်း
လွန်ခဲ့သည့်နှစ်လကျော် ဝက်ကြီးအင်းရွာမှ ကိစ္စတစ်ခုသည် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။
ဓာတ်ပုံဆရာတစ်ယောက်သည် ဝက်ကြီးအင်းရွာ၌ရှိသော ဘုရားများအား ဓာတ်ပုံရိုက်ရန်သွားခဲ့သည်။ ယခင်ကလည်း နှစ်ကြိမ် သူသွားရောက်ဓာတ်ပုံရိုက်ခဲ့ဖူးသည်။ ယခုတတိယအကြိမ် တွင်တော့ ယင်းနေရာအား ခြံဝင်းခတ်ထားသည်ကို တွေ့ရပြီး ဝင်ခွင့်လည်း မရတော့ပေ။
မည်သည့်နိုင်ငံသားဖြစ်သနည်းဟု ယင်းခြံတွင်နေထိုင်သည့် နိုင်ငံခြားသားက ၎င်းကိုမေးသည်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း ၎င်းက ပြန်ဖြေရာ ဝင်ခွင့်မပေးနိုင်ကြောင်း ပြန်ပြောခဲ့သည်ဟု Facebook ပေါ်တွင် ရေးသားခဲ့ရာမှ ထိုနေရာသို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲများ၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ သွားရောက်စစ်ဆေးခဲ့ကြသည်။
ဘုရားများကို ခြံစည်းရိုးကာရံထားခြင်းနှင့် ခြံအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းသည် တရားမဝင်သဖြင့် ပြန်လည်ဖျက်သိမ်းပေးရန်လည်း ပြောကြားခဲ့လေသည်။
The Bagan Step ဟု ဆိုင်းဘုတ်ရေးထားသည့် ယင်းနေရာသို့ ကျွန်တော်ရောက်ချိန်တွင်တော့ ပိတ်ဆို့ထားသည့် ခြံဝင်းတံခါး မရှိတော့။
သို့သော် အုတ်ဖြင့်ပြုလုပ်ထားသည့် တံခါးတိုင်နှစ်တိုင်နှင့် ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်တဲနှစ်လုံးကတော့ ရှိနေသည်။ အစောင့်တဲတွင်တော့ “PRIVATE PLEASE ASK BEFORE ENTERING” ဟု အင်္ဂလိပ်စာဖြင့် ရေးသားထားသည်။ ကျွန်တော်ဝင်သွားစဉ်တွင်တော့ တားဆီးမည့်သူမရှိ။
ဝင်လျှင်ဝင်ချင်း ညာဘက်တွင်တော့ အုတ်ကျောင်းပျက်ကြီးနှစ်လုံး။ ပေ ၂၀ ခန့်မြင့်သော ယင်းကျောင်းကြီးတွင် တစ်ကျောင်းက ပြိုပျက်လျက်ရှိပြီး အခြားတစ်ကျောင်းကတော့ နံရံတစ်ခြမ်းသည် အုတ်ထရံကြီးကာထားသကဲ့သို့ ထီးတည်း ကြီးဖြစ်နေသည်။
ယင်းကျောင်းပျက်များကြားမှနေပြီး ရွှေရောင်တဝင်းဝင်း နှင့် ရွှေစည်းခုံစေတီအထွတ်ပိုင်းကို လှမ်းမြင်နေရသည်။ ယင်း ခြံဝင်းအတွင်းတွင် အခြားကျောင်းပျက်နှစ်ခုနှင့် ကွမ်းတောင် ပေါက်ဘုရား(လိုဏ်ဘုရား) တစ်ဆူလည်း ရှိနေသေးသည်။
စက္ကူပန်းပင်များနှင့် အခြားအလှသစ်ပင်များစိုက်ပျိုးထားသော ယင်းခြံဝင်းအတွင်းတွင်တော့ ကောင်လေး တစ်ယောက်က ရေပိုက်ဖြင့် ပန်းပင်များကို ရေလောင်းနေသည်။ ဘုရားများ၊ ကျောင်းများကိုကျော်၍ ကွေ့ကွေ့ကောက်ကောက် ဖောက်ထားသော လမ်းကလေးအဆုံးတွင်တော့ သစ်သားအိမ်တစ်လုံးနှင့် ရေကူးကန်တစ်ကန်ရှိနေသည်။
ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုဝန်ချုပ်ကိုယ်တိုင် ယင်းခြံအတွင်းနေထိုင်သည့် နိုင်ငံခြားသူအမျိုးသမီးနှင့် တွေ့ဆုံ၍ သစ်သားအိမ်နှင့် ရေကူးကန်စသည့် တရားမဝင် ဆောက်လုပ်ထားမှုများကို ဖျက်သိမ်းပေးရန် ပြောကြားခဲ့ကြောင်း ဒုဝန်ချုပ် ကိုယ်တိုင် ကျွန်တော့်ကို ပြောပြသည်။
တည်ဆဲဥပဒေအရဆိုလျှင် ရှေးဟောင်းသုတေသနဦးစီး ဌာန၏ ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးပင် ခတ်ခွင့်မရှိပေ။ ထိုနေရာသို့ ကျွန်တော်ရောက်သွားစဉ်က ဆောက်လုပ်ထားသည့်အိမ်နှင့် ရေကူးကန်မှာ မဖျက်သိမ်းသေးဘဲ ရှိနေသေးသည်ကို တွေ့ခဲ့ရသည်။ ခြံစည်းရိုးကိုတော့ ဖွင့်ထားပေးထားသည်ကို တွေ့ရသည်။
ဦးအောင်ညွန့်အမည်ဖြင့် ဝယ်ယူထားသော ဤနေရာသည် ပြင်သစ်လူမျိုးလင်မယားနှစ်ယောက် နေထိုင်လျက်ရှိသည်ဟု ဦးအောင်ကြိုင်က ပြောသည်။ ယင်းပြင်သစ်အမျိုးသမီးသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကပင် ဤနေရာတွင် လာရောက် နေထိုင်တတ်ပြီး ယင်းဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးထားခြင်းဖြစ်သည်ဟု ဦးအောင်ကြိုင်က ပြောသည်။
ယခုအချိန်တွင် အဆိုပါခြံသည် ပိုင်ရှင်အမည်သုံးဦး ပြောင်းလဲသွားသော်လည်း ၎င်းတို့သည် ထိုခြံအတွင်း၌ပင် နေထိုင်လျက်ရှိသည်။ ယခုအချိန်တွင်တော့ ယင်းခြံကို ချစ်ညီစိုးအမည်ဖြင့် နာမည်ပေါက်လျက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပြသည်။
၎င်းပြင်သစ်များသည် ပုဂံသို့ရောက်ရှိချိန်တွင် နေထိုင်ရန် တဲငယ်တစ်လုံးကို ဦးအောင်ကြိုင်တို့လက်ထက်ကပင် ဆောက်လုပ်ထားသည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်ကမှစ၍ အိမ်ဆောက်ခြင်း၊ ရေကူးကန်တူးခြင်းနှင့် ခြံစည်းရိုးခတ်ခြင်း တို့ကိုပါ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ပုဂံဒေသခံများအနေဖြင့် ယင်းနေရာတွင်အဆောက်အအုံ ဆောက်လုပ်မှုများကို လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပင် သိရှိ၍ ရှေးဟောင်းသုတေသနဦးစီးဌာနသို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှုများ မပြုလုပ်ခဲ့ကြောင်း ဦးဝင်းမောင်က ပြောသည်။
လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုအများအပြားပေါ်ထွက်လာသည့်အချိန်တွင်မှ ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းသုတေသနဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကတော့ အခြားနေရာများတွင်လည်း မြေကွက်များကို နောက်ကွယ်မှဝယ်ယူမှုများလည်းရှိနိုင်သေးသည်ဟု ထင်ကြေးပေးသည်။ သူက ယခုလိုလည်း ဆိုသေးသည်။
“ယာမြေကိုအလွယ်တကူဝယ်လိုက်တယ်။ ယာမြေထဲမှာ ဘုရားတွေရှိတယ်။ လောဘသားတွေက နောင်တစ်ချိန်မှာ တစ်ခုခုဆောက်မယ်ဆို (တဲ့ရည်ရွယ်ချက်နဲ့) ဝယ်ပြီးတော့ ခြံခတ် လိုက်ေ တာ့ ဘုရားတွေပါသွားတယ်”
လူမှုကွန်ရက်တွင်မတက်ဘဲ ဖြစ်နေသည့်ကိစ္စများလည်း ဝက်ကြီးအင်းထဲတွင်ရှိနေသေးသည်။ ယင်းကိစ္စသည် ဝက်ကြီး အင်းဂူပြောက်ကြီးဘုရားအနီးတွင်ဖြစ်သည်။ နံရံဆေးပန်းချီ ကောင်း လွန်းသောကြောင့် ဂူပြောက်ကြီးဟု အမည်တွင်ခဲ့သည့် ယင်းဘုရားရှိ နံရံဆေးပန်းချီများကို ဥရောပတိုက်သားအချို့က ပြတိုက်တွင်ထားရန် တစ်ချိန်တုန်းက လွှဖြင့်ထိုးဖြတ်ကာ ခိုးယူခဲ့သည်။ ငလျင်ဒဏ်လည်း ခံခဲ့ရသောကြောင့် ယင်းစေတီ၏ကွမ်း တောင်ပင် တိမ်းစောင်းနေသည်။
ယင်းဘုရားအတွင်းရှိ နံရံဆေးပန်းချီများသည် ဒေါက်တာ သန်းထွန်းကပင် မြန်မာပန်းချီဆရာတို့၏ ဂုဏ်ယူဝင့်ကြွားနိုင်သည့် လက်ရာများဟု ဂုဏ်ယူရေးသားခဲ့သည့် အနုပညာလက်ရာများဖြစ်သည်။
ယင်းဂူပြောက်ကြီး ညာဘက်ကပ်လျက်တွင် ခြံတစ်ခြံ ရှိနေသည်။ ယင်းခြံသည် သစ်ပင်ချုံနွယ်များဖြင့် ကွယ်လျက်ရှိပြီး အထဲတွင် အဆောက်အအုံတစ်လုံးနှင့် ကားတစ်စီးကိုတွေ့ရ သည်။ ခြံစည်းရိုးအတွင်းတွင်လည်း ပိုက်ကွန်အချို့နှင့် ကာရံထား သဖြင့် အတွင်းဘက်သို့ သဲကွဲစွာမတွေ့ခဲ့ရ။
ဘုရားအပြင်ဘက်ရှိ သစ်ပင်တွင် ‘ကားကြီးအဝင်အထွက် ရှိသည်၊ ကားများပိတ်မရပ်ရ’ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထား သည်။ ယင်းခြံ၏ ရှေ့မျက်နှာစာတွင်တော့ လူတစ်ရပ်ခန့် ဝါးထရံ ဖြင့် ကာရံထားပြီး ROYAL HOUSE RESORT ဟု အမည် တပ်ထားသည်။ ခြံစည်းရိုးပတ်လည် ကာရံထားသည့် ယင်း အဆောက်အအုံနှင့် မနီးမဝေးတွင်လည်း အင်းဝခေတ်က အုတ် ကျောင်းပျက်ကြီးတစ်လုံး ရှိနေသေးသည်။
ယင်းခြံဝင်းအတွင်းတွင်လည်း ရှေးဟောင်းသုတေသန ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတည်ဆောက်လျက် ရှိခြင်းကြောင့် တားမြစ်ထားကြောင်း ဦးအောင်ကြိုင်က ပြောပြသည်။
ဂူပြောက်ကြီးဘုရားအနီးတွင်နေထိုင်သူတစ်ဦးကတော့ ယင်းခြံဝင်းထဲတွင် စက်ယန္တရားကြီးများ အသုံးပြုတည်ဆောက် နေသည့် အသံများ ကြားရကြောင်းပြောသည်။
ယင်းသို့ စက်ယ္တရားများအသုံးပြု၍ အဆောက်အအုံများ ဆောက်လုပ်နေခြင်းသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များကို တုန်ခါ၍ပျက်စီးစေနိုင်ကြောင်း ဦးအောင်ကြိုင်က ထောက်ပြ သည်။
ဦးအောင်ကြိုင်ကတော့ သူတာဝန်ယူစဉ်ကာလက ဤ နေရာတွင် သရက်ပင်များနှင့် ယာခင်းများသာရှိကြောင်း ပြောပြ သည်။ ယခုအချိန်တွင်တော့ ယင်းနေရာသည် စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးပိုင်ဆိုင်ထားပြီး “သစ်ပင်ကြိုသစ်ပင်ကြားမှာ Restaurant လိုလို၊ ဘာလိုလိုနဲ့ တိတ်တိတ်ဆောက်ပစ်တယ်”ဟု ဦးအောင်ကြိုင်က ဆိုသည်။
“အဲဒါလည်း ဌာနက တားတယ်။ ဟိုနေ့က အစည်းအဝေး မှာတောင်ပြောတယ်။ တားရဲ့သားနဲ့ ဆက်ဆောက်တယ်”ဟု ၎င်းင်းက ပြောသည်။
တားသည်ဆိုသော်လည်း စာထုတ်၍ တားဆီးခြင်းသာ ဖြစ်၏။ ပုဂံဒေသခံများအနေဖြင့် သူတို့ပြုလုပ်သမျှတို့ကို ရပ် ကြည့်နေရသလိုဖြစ်နေရကြောင်း ဦးဝင်းမောင်က ပြောသည်။ သူက ယခုလိုလည်း ဆိုသည်။
“ဝက်ကြီးအင်းက တော်တော်လွန်လာတယ်။ အဲဒီနေရာ မှာ အဆောက်အအုံတွေ ဆောက်တာကို ဘယ်သူတွေက ခွင့်ပြု လိုက်တာလဲ၊ ကျွန်တော်တို့က မေးရမှာ။ မေးသင့်တဲ့အချိန်လည်း ရောက်နေပြီ”
ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် ယင်းကိစ္စရပ် များနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားမရှိဘဲ ‘မြွေမသေ၊ တုတ် မကျိုး’ လုပ်နေသည့်အတွက် ရလဒ်ထွက်ပေါ်မလာခြင်းဖြစ် ကြောင်း ဦးဝင်းမောင်က ဝေဖန်ထောက်ပြသည်။
ဂူပြောက်ကြီးဘေးတွင် ကပ်လျက်ရှိသည့် ယင်းခြံဝင်းတွင် အဆောက်အအုံ မည်မျှဆောက်လုပ်ပြီးစီးသနည်းဟူသည်ကို ဒုတိယသမ္မတ ပို၍ပင် သိနိုင်သည်။ ဒုတိယသမ္မတ ပုဂံဒေသသို့ လာရောက်ခဲ့စဉ်က မီးပုံးပျံစီး၍ ကြည့်ရှုစစ်ဆေးခဲ့လေသည်။ ထို သို့ကြည့်ရှုစဉ်အတွင်း အုတ်ဖိုများကိုပင်တွေ့မြင်ခဲ့ပြီး ပုဂံဒေသ တွင် အုတ်မဖုတ်ရန်တားမြစ်ခဲ့သည်ဟု ဦးအောင်ကြိုင်က ပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသောညွှန် ကြားချက်အမှတ် ၂/၂၀၁၄ တွင် ရှေးဟောင်းအမွေအနှစ်ဒေသ များ၌ အုတ်စိမ်းရိုက်ခြင်း၊ အုတ်ဖုတ်ခြင်းတို့ကို တားမြစ်ထားသည်။
အထက်တစ်နေရာတွင်ဖော်ပြခဲ့သည့် ပြင်သစ်လင်မယား နေထိုင်နေသော the Bagan Step ရှေ့ရှိ ရှေးဟောင်း အဆောက်အအုံအနီးတွင်ပင် အုတ်ဖုတ်နေသည့်လုပ်ငန်းများကို လည်း တွေ့ရသည်။ ယင်းနေရာသည် မြန်မာ့ဆက်သွယ်ရေးရုံး၏ အနီးအနားတွင်ပင် ဖြစ်သည်။
ကျွန်တော်သွားရောက်ခဲ့သည့် နောက်တစ်နေရာကတော့ ပုဂံဒေသတွင် ဥပဒေချိုးဖောက်မှုရှိ၊ မရှိ အငြင်းပွားဖွယ်ရာအဖြစ် ဆုံးနေရာဖြစ်သည်။
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၆)
စနစ်ဟောင်းက ဆိုးမွေ
ထိုနေရာကတော့ ပုဂံဒေသအနှံ့ ဆိုင်းဘုတ်ထောင်ထားသော ဇုန်မြေပုံထဲမှ ဟိုတယ်ဇုန် (၁) ဆိုသည့်နေရာဖြစ်သည်။
ယင်းနေရာသည် ဦးချစ်ခိုင်၏ ဧဒင်အုပ်စုကုမ္ပဏီပိုင်ဆိုင်သည့်နေရာဖြစ်သည်။ ထိုနေရာကို ဧဒင်ခြံဟုခေါ်ကြသည်။ အစိုးရအိမ်တော်ကြီးနှင့် မြင်းကပါရွာတို့အကြား မင်္ဂလာစေတီ၏အနောက်ဘက်တွင်တည်ရှိသည်။
၃၃ ဧက ကျယ်ဝန်းသောယင်းနေရာကို ဗိုလ်ချုပ်ကြီးခင် ညွန့်လက်ထက်က ဟိုတယ်ဇုန်အဖြစ် သတ်မှတ်၍ နိုင်ငံခြားသား တစ်ဦးအား ငှားရမ်းရန်စီစဉ်ခဲ့သည်။ ထိုသူက ယင်းဇုန်အတွင်းရှိ ဘုရားတစ်ဆူအား မီးထွန်းပြီး မဟာရံတံတိုင်းပေါ်တွင် မြင်း လှည်းမောင်းရန်တောင်းဆိုသည်ကို ဦးအောင်ကြိုင်ကန့်ကွက်ခဲ့သည့်အတွက် ငှားရမ်းရန် အစီအစဉ်ပျက်သွားခဲ့ရသည်။ ၁၉၉၆ ခုနှစ်တစ်ဝိုက်တွင်တော့ ဦးချစ်ခိုင်အား လုပ်ကိုင်ရန် ပေးအပ်ခဲ့ လေသည်။
ယင်းနေရာသည် ယခင်အချိန် ခရီးသွားလုပ်ငန်းမဖွံ့ဖြိုး သေးမီကတည်းက နိုင်ငံတော်က ဟိုတယ်လုပ်ရန် ချထားပေးခဲ့ ခြင်းဖြစ်ကြောင်း ဧဒင်လုပ်ငန်းခွင်တာဝန်ခံ ဦးကိုကိုမောင်က ပြောသည်။ အနာဂတ်တွင် တိုးတက်လာမည့် ခရီးသွားလုပ်ငန်း များအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ယင်းအချိန်တွင်ချထား ပေးခြင်းဖြစ်ပြီး ထိုစဉ်က လုပ်ကိုင်လိုသူပင်မရှိခဲ့ကြောင်း ဦးကိုကို မောင်က ပြောသည်။
အဆိုပါနေရာသည် မြို့ဟောင်းနှင့်မလှမ်းမကမ်းတွင် ရှိ သည့်အပြင် ယင်းခြံထဲတွင် ဘုရားပေါင်း ၂၂ ဆူလည်းရှိသည်။ စေတီအရေအတွက်နှင့် ဟိုတယ်အကျယ်အဝန်းကို နှိုင်းယှဉ်မည် ဆိုလျှင် သုံးဧကလျှင် စေတီနှစ်ဆူနှုန်းရှိသည့် သဘော ဖြစ်နေသည်။
ထိုဟိုတယ်စတင်တည်ဆောက်ကတည်းက ထိုဝင်းထဲရှိ ဘုရားများကို သွားရောက် ဖူးမြော်ခွင့်မရတော့ကြောင်း ဒေသခံ များက ပြောသည်။ အဆိုပါခြံထဲမှ ၂၂ ဆူသော ဘုရားများထဲတွင် မြင်းကပါရွာသားများ မှတ်မှတ်ရရဖြစ်နေသည့် ဘုရားတစ်ဆူရှိ နေသည်။ ယင်းဘုရားသည် ပေါင်းကူးဘုရားဖြစ်သည်။ ရွာသား တိုင်းလိုလို ယင်းပေါင်းကူးဘုရားနှင့်ပတ်သက်သော အတိတ် တဘောင်တစ်ခုကို အလွတ်ရနေကြသည်။ ‘ပေါင်းကူးပြို သားငို တောင် မချော့နဲ့’ဟူ၏။
ယင်းတဘောင်၏အဓိပ္ပာယ်မှာ ပေါင်းကူးဘုရားထဲတွင် ဌာပနာထားသည့်ရွှေငွေတို့မှာ များပြားလွန်းလှသဖြင့် ဘုရား ပြိုပါက ငိုနေသည့် သားကိုပင်ထားကာ သွားရောက်ယူငင်ကြရန် ဖြစ်သည်ဟုဆိုသည်။
မြစ်ကမ်းပါးထဲသို့ တစ်ခြမ်းပြိုကျနေသော ယင်းဘုရားကြီးသည် ပျူခေတ်လက်ရာဘုရား ဖြစ်ကြောင်း ရှေးဟောင်းသုတေသီ ဦးအောင်ကြိုင်က ပြောသည်။
ယင်းဘုရားကို သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက တော့ ယခုလိုမှတ်တမ်းတင်ထားခဲ့သည်။
“၆၆၂ ပေါင်းကူးဘုရား ဧရာဝတီကမ်းထိပ် အုတ်တိုက် အောက်ခြေများကဲ့သို့ရှိသည်။ ကျန်စစ်မင်းလက်ထက် ဧရာဝတီ ကို တံတားကူးရန် ရည်ရွယ်၍ ဆောက်လုပ်သောနေရာဖြစ်သည် ဟုပြောကြသည်”
ယင်းအပြင် ထိုဇုန်ထဲတွင် နံရံဆေးပန်းချီများ ကောင်း သော လိုဏ်နှစ်ဆင့်နှင့် ဘုရားတစ်ဆူရှိသေးသည်။ ထိုဘုရားကို တော့ နှစ်ဆင့်ဘုရား ဟူ၍ခေါ်ဝေါ်ကြသည်။ နောက်တစ်ဆူက တော့ သမိုင်းတန်ဖိုးအရကြီးလှသော ဘုရားဖြစ်ပြီး ဘွဲ့အမည်မှာ အဂ္ဂတေ့ဖြစ်သည်။
အဂ္ဂတေ့သည် ၁၂ ရာစု က တည်ထားခဲ့သော ဘုရားဖြစ် သည်။ ယင်းဘုရားမြောက်ဘက်နံရံတွင် သက္ကရာဇ် ၉၀၀ ကျော် က လှုပ်ခတ်သောငလျင်ကြောင့် ရှေးဟောင်းဘုရားများ ပျက် စီးရခြင်းကို မင်စာရေးထိုးထားသည်။
ဦးအောင်ကြိုင်ပင်လျှင် ယင်းဘုရားသို့သွားပြီး မင်စာ ဖတ်လိုသည့်အတွက် “ကျွန်တော်ရှေးဟောင်းကပါ”ဟုပြော၍ ခွင့်တောင်းပြီးမှ ဝင်ခွင့်ရခဲ့ကြောင်းပြောသည်။
အဆိုပါဘုရားများကို ဧဒင်က ယခုလိုပိတ်ပင်ထားခြင်းနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ကြသေးသည်ဟု ဦးအောင် ကြိုင်က ပြောပြသည်။ သို့သော်သူတို့၏ကန့်ကွက်မှုက အရာ မထင်ခဲ့ပေ။
မင်္ဂလာစေတီနောက်ဘက်တွင်ရှိနေသော ထိုနေရာသို့ ကျွန်တော်သွားရန်ကြိုးစားခဲ့ရာတွင်တော့ ဂိတ်ပေါက်ဝမှပင် လှည့်ပြန်လာခဲ့ရသည်။ ယင်းနေရာအတွင်းသို့ ဝင်ရောက်သည့် ဂိတ်ပေါက်တွင်ပင် “ဝင်လို့မရဘူး၊ ဘယ်ကိုသွားမလို့လဲ”ဟု အမေးခံရသည်။ ကျွန်တော်က အထဲဝင်ကြည့်ချင်လို့ပါဟု ပြော လိုက်ရာ ဂိတ်တွင်စောင့်နေသူနှစ်ဦးအနက် တစ်ဦးက “ဝင်လို့ မရဘူး”ဟုသာ တုံ့ပြန်သည်။
ယင်းဟိုတယ်လုပ်ငန်းခွင်တာဝန်ခံဖြစ်သည့် ဦးကိုကို မောင်ကတော့ ဘုရားဖူးသက်သက်လာသည့်သူများကိုတော့ ဘုရားဆီသို့ လိုက်ပို့ပေးကြောင်းပြောသည်။
“Construction ထဲမှာတော့ အန္တရာယ်ရှိတယ်လေ။ ယန္တရားတွေ၊ ဘာတွေ Accident တွေဖြစ်မှာစိုးလို့ လိုက်ပို့ပေး တယ်”ဟု ၎င်းင်းက ပြောပြသည်။
သို့သော်လည်း မြင်းကပါရွာမှ ဒေသခံများပြောကြသည်က ဧဒင်ခြံအတွင်းသို့ ဝင်ထွက်မှုကို တင်းတင်းကျပ်ကျပ် တားမြစ် ထားသည်ဟု ဆိုသည်။ ရှေးဟောင်းသုတေသနဌာန ဒုတိယ òန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်း ယင်းသို့ ဘုရားပုထိုး များ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်ပြီးယခုလို ထောက်ပြသည်။
“ပြည်သူလူထုအတွက် ဒါတွေက ရှေးဟောင်းအမွေအနှစ်တွေ။ ဒါတွေကိုပိတ်ထားတဲ့အတွက် ပြဿနာကို လက်ယပ်ခေါ် နေသလိုဖြစ်နေတယ်”
ဧဒင်အုပ်စုကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည့် ဦးချစ်ခိုင်ကတော့ ယခုအချိန်တွင် ဘုရားများကို ပိတ်ထားသည်ဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်းအတွင်း အန္တရာယ်ကင်းရှင်းရေးအတွက် ဖြစ်ကြောင်းပြောသည်။
“ဘုရားပွဲရက်တွေမှာ အန်ကယ်တို့ဖွင့်ပေးပါတယ်”ဟု ပြောသည်။
၎င်းတို့အနေဖြင့် ယင်းဘုရားများကို အမြဲပင်ထိန်းသိမ်း ပေးနေပြီး ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပြင်ဆင်မည်ဆို ပါကလည်း ယင်းကုန်ကျစရိတ်ကို လှူဒါန်းပေးသွားမည်ဟု ကတိ ပေးထားကြောင်းနှင့် တည်ဆောက်ရေးကာလ ပြီးသွားလျှင် တော့ ဘုရားများသို့သွားရန် သီးသန့်လမ်းများစီစဉ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိအချိန်တွင်တော့ ဟိုတယ်အလုံးပေါင်းများစွာတည် ဆောက်ပြီးစီးနေပြီး နောက်ထပ်ဟိုတယ်များလည်း တည် ဆောက်နေဆဲဖြစ်သည်။
ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် မြင်းကပါရွာသားတို့ ဧရာဝတီမြစ်အတွင်းသို့ဆင်းသည့် မြေနေရာကိုလည်း ဧဒင်က သိမ်းသွားကြောင်း ရွာသားတွေက ပြောပြသည်။
အသိမ်းဆည်းခံရသောမြေသည် ၃ ဒသမ ၈ ဧကရှိသည်ဟု မြင်းကပါရွာသား ကိုသိန်း(အမည်လွှဲ)ကပြောသည်။ ယခင်က သူတို့သည် ထိုနေရာကိုဖြတ်၍ ဧရာဝတီမြစ်ဆီသို့ဆင်းကြရသည်။
“အရင်တုန်းက မြစ်နဲ့ မြင်းကပါနဲ့ ခွဲလို့မှမရတာ”ဟုကိုသိန်း၏အစ်ကိုဖြစ်သူက ဆိုသည်။
ယခင်အချိန်တုန်းက အလုပ်သိမ်းချိန်ဆိုလျှင် မြင်းကပါ သားတို့ ပုဆိုးယူပြီး မြစ်ဆိပ်ကို ရေကူးရန် သွားခဲ့ကြသည်။ မြင်းကပါ တစ်ရွာလုံးနီးပါးသည် ယွန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်း ကျောင်းပြုကြသည်။ တစ်နေကုန် ထိုင်လျက် ယွန်းလုပ်ငန်းလုပ်ရသော သူတို့၏ ညောင်းညာကိုက်ခဲနေခြင်းတို့သည် ဧရာဝတီမြစ် ထဲတွင် ရေကူးလိုက်လျှင် အကြောများလျော့၍အပန်းပြေသွားသည်ဟု ကိုသိန်းက ယွန်းဗန်းများကို ကော်ပတ်စားရင်း ပြောသည်။
မင်းကပါအလယ်ရွာမှဖြတ်သန်း၍ မြစ်ဆိပ်သို့ ဆင်း၍မရ တော့သော်လည်း မြင်းကပါချောင်း၏ အခြားတစ်ဖက်တွင် ကျန် သေးသော သုံး၊ လေးပေခန့် လူသွားလမ်းကလေးမှ မြစ်ဆိပ်သို့ ဆင်းလိုကတော့ ဆင်းနိုင်သေးသည်။ အဆိုပါနေရာသည်လည်း ဝယ်ယူသည့်သူက ဝယ်ယူထားပြီးဖြစ်နေသည်။
“အခုကျန်တဲ့လူတွေပါ ဟိုတယ်ဆောက်မယ်ဆိုရင်တော့ မြစ်ဆိုတာ အရုပ်ရေးကြည့်ရတော့မှာ”ဟု ၎င်းင်းကဆက်ပြောသည်။
ဧဒင်လုပ်ငန်းတာဝန်ခံဦးကိုကိုမောင်ကတော့ မြင်းကပါရွာ ခံများကပြောသည့် မြစ်ဆိပ်သို့ဆင်းသောလမ်း ယခင်ကတည်း က မရှိကြောင်း ပြောသည်။
မြင်းကပါရွာသားများက ရွာပိုင်မြေဟုပြောသော ၃ ဒသမ ၈ ဧက ကိုလည်း ဦးကိုကိုမောင်က ငြင်းဆိုထားပြီး တစ်ဧကခန့်ရှိ သည့် မြေကိုတော့ ပိုင်ရှင်ကိုငွေပေးချေ၍ ဝယ်ယူထားခဲ့ဖူး ကြောင်း ပြောလေသည်။
ပုဂံဒေသအနှံ့အပြားတွင် အုပ်ချုပ်ရေးပိုင်းနှင့် ရှေးဟောင်း သုတေသနဦးစီးဌာနက ချိတ်ဆွဲထားသောမြေပုံများအရတော့ ယင်းဧဒင်နေရာ(ဟိုတယ်ဇုန်-၁) နှင့် မြင်းကပါချောင်းတို့အကြား ကွက်လပ်တစ်ခုရှိနေသည်။ ယခင်က ရွာသားများက ယင်းနေရာ ကို ဖြတ်ပြီး မြစ်ဆီသို့သွားခဲ့ကြသည်။ သို့သော် ယခုအခါ ထိုနေရာကို ဖြတ်ပြီးသွား၍မရတော့ကြောင်း ရွာသားများက ပြောသည်။
ယင်းမြေပုံတွင်ပါရှိသော ကွက်လပ်အကြောင်း ဦးချစ်ခိုင် အားမေးမြန်းရာ ၎င်းင်းက “(ဟိုတယ်နှင့်)မြင်းကပါချောင်းဘေးက ကွက်လပ်ကို အန်ကယ်တို့သိမ်းမထားဘူး။ မြင်းကပါချောင်း အစပ်အထိတောင် ဟိုတယ်ဇုန်က ပါပါတယ်” ဟု ပြောသည်။
ထို့အပြင် မြင်းကပါချောင်း အခြားတစ်ဖက်ကမ်းတွင်ရှိ သော မြေကိုပင် လာရောင်းသဖြင့် “လိုရမည်ရ ဝယ်ယူထား ကြောင်း” သူက ပြောသည်။
ယခု ဧဒင်ဟိုတယ်က သိမ်းဆည်းခဲ့သည့် နေရာများသည် မြင်းကပါရွာသားများအတွက် ဆူးပုပ်ရွက်ခူးရာ၊ ဆီးသီးကောက် ရာ၊ ထင်းချိုးရာနေရာများဖြစ်ခဲ့ဖူးသည်။ ယခုမူ ထိုအခွင့်အရေး များ ပိတ်ပင်ခြင်းခံနေရသည်။ ပုဂံဒေသသို့ နိုင်ငံခြားသားခရီး သည်များ လှိုင်လှိုင်မဝင်စဉ်က ယွန်းသာလုပ်တတ်သည့် မြင်း ကပါရွာသားများအတွက် ယင်းနေရာသည်ထမင်းအိုးလည်း ဖြစ် ခဲ့ဖူးသည်။ ယင်းနေရာတွင် မြင်းကပါရွာသားတို့ ရွှေကျင်ခဲ့ကြသည်။
ဥပဒေပညာရှင်ဖြစ်သည့် ဦးကိုနီကတော့ အချိန်ကာလ ကြာမြင့်စွာ အဆက်မပြတ်အသုံးပြုခွင့်ရသည့် အရာတစ်ခုသည် ဥပဒေအရလည်း တစ်သက်လုံးအနေဖြင့်လည်း ဆက်လက်အသုံး ပြုခွင့်ရရမည်ဖြစ်ကြောင်း ဆိုသည်။
“ဒီဘုရားကိုလူတွေက သွားလို့လာလို့ရနေတယ်။ အဲဒီ လိုသွားလာနေတာဟာ အနှစ်နှစ်ဆယ်ရှိပြီဆိုပါတော့။ ဒါဆိုရင် ဒါဟာ အများပြည်သူ သွားလာပိုင်ခွင့်ရှိတဲ့နေရာဖြစ်သွားပြီ။ ကာလစည်းကမ်းသတ်အက်ဥပဒေအရ ဘယ်သူမှတားလို့ဆီးလို့ မရတော့ဘူး”ဟု ရှင်းပြသည်။
ပုဂံမြို့သစ်တွင်နေထိုင်သည့် ဦးသူရကတော့ ယင်းစေတီ ပုထိုးများသည် ပုဂံခေတ်မှစ၍ အများသူငါ ဝင်ထွက်သွားလာဖူး မြော်ခွင့် ရှိခဲ့သည်ဖြစ်၍ ဝင်ထွက်သွားလာကြသည်မှာ နှစ်ပေါင်းတစ်ထောင်ဝန်းကျင်ရှိနေပြီဖြစ်ပြီးယခုခေတ်တွင်မှ ပိတ်ဆို့ခြင်း ခံရကြောင်းပြောသည်။
ပုဂံဒေသကလူများအတွက် ဘုရားပုထိုးများသည် ကိုး ကွယ်ယုံကြည်ရာနေရာများဖြစ်သလို ပူအိုက်သောအညာနွေ အတွက် ကွန်းခိုစရာနေရာများလည်း ဖြစ်လေသည်။
မြင်းကပါရွာတွင်နေထိုင်သော ဦးသိန်းဝင်းက “ခုချိန်ဆိုရင် ပုဆိုးလေးခေါင်းဆောင်း၊ ရေဘူးလေးနဲ့ ဆေးလိပ် မီးခြစ် ကလေးနဲ့ ဘုရားထဲသွားနေ၊ သုံးနာရီခွဲ၊ လေးနာရီမှပြန်လာ။ လေလေးတဟူးဟူးနဲ့ အေးနေတာပဲ။ အခုသွားလို့ မရတော့ဘူး”ဟု လွန်ခဲ့သည့် ၁၅ နှစ်ခန့်က တံခါးမရှိ ဓားမရှိဝင်ထွက်သွားလာ ခဲ့သည့်ဘုရားပုထိုးများသို့သွားရန် တားမြစ်ခြင်းခံရကြောင်းကို ပြောသည်။
ဦးချစ်ခိုင်ကတော့ မြေနေရာများနှင့်ပတ်သက်၍ မူလပိုင် ရှင်များသာမက နောက်ထပ်လာရောက်၍ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သူများပါဟုဆိုသော ဒေသခံများကိုပါ ညှိနှိုင်းပြီး လျော် ကြေးများ ပေးအပ်ခဲ့ပြီးကြောင်း ပြောသည်။
“သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတို့၊ ဘာတို့လည်း မေးလို့ရ ပါတယ်။ ဒါတွေအားလုံးကို သူတို့နဲ့ညှိနှိုင်းပြီး သူတို့တောင်းဆိုတဲ့ တန်ဖိုးကိုပေးလျော်ခဲ့ပြီးပါပြီ။ သိမ်းယူထားတာမရှိပါဘူး” ဟု ပြောသည်။
ဦးဇော်ဝင်းချိုကတော့ “ဧဒင်နေရာတွင် ပုဂံခေတ်ဘုရင် များ၏ သင်္ချိုင်းရှိသည့်နေရာဟုယုံကြည်ရပြီး ယင်းနေရာကို ရှာဖွေတူးဖော်မှုများလုပ်သင့်သည်နေရာဖြစ်သည်”ဟုပြောသည်။
ဦးဇော်ဝင်းချိုယုံကြည်လောက်သည့် အကြောင်းအရင်းကလည်း ရှိနေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဧဒင်အနေဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ရှေးဟောင်းရွှေပြားတစ်ချပ်အပ်ခဲ့ဖူးသည်။
“(အ)ခေါင်းတွေဘာတွေမှာ ထိပ်က အလှအပနဲ့ ရွှေပြား ကပ်ကြတာ သာမညပုဂ္ဂိုလ်တော့မဟုတ်ဘူးပေါ့။ ထူးခြားတဲ့ မင်းညီမင်းသားတို့လို၊ ရှင်ဘုရင်တို့လိုဟာတွေ” ဟု ဦးအောင်ကြိုင်က ဆိုသည်။
ရွှေပြားကို ဦးအောင်ကြိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်က လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ၎င်းင်းရွှေပြားအတွက်လည်း ကျပ် သိန်း ၈၀ ပြန်လည်ပေးအပ်ခဲ့ကြောင်းဦးအောင် ကြိုင်က ပြောသည်။
ဧဒင်အနေဖြင့် ဤတစ်ခုသာ ရှေးဟောင်းသုတေသနဦးစီး ဌာနသို့ အပ်ဖူးခြင်းဖြစ်ပြီး အခြားမည်သည့်အရာများရှိနိုင်သေးသည်ကို ပြော၍ မရနိုင်ကြောင်း ဦးအောင်ကြိုင်က ပြောသည်။
ဦးချစ်ခိုင်ကတော့ ၎င်းတို့လုပ်ငန်းခွင်အတွင်း မြေကြီးတူးရာ၌ အလုပ်သမားမြောက်မြားစွာရှိသည့်အတွက် အလုပ်သမား တစ်ယောက် တွေ့သွားခဲ့လျှင်လည်း အခြားတစ်ယောက်သိမည် ဖြစ်သလို တစ်ဆင့်စကားတစ်ဆင့်နားဖြင့်လည်း ပြန်လည်သိရှိ မည်ဖြစ်ကြောင်းပြောသည်။ ၎င်းင်းတို့အနေနှင့်လည်း ရွှေပြားစ တွေ့ခဲ့သည့်အချိန်တွင်ပင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ချက်ချင်း အပ်လိုက်ကြောင်း ပြောပြသည်။
“အန်ကယ်တို့ စိတ်ထဲမကောင်းတာပေါ့၊ အန်ကယ်တို့ အဆင့်အနေနဲ့ ဒီရှေးဟောင်းပစ္စည်းကို တူးဖော်ပြီး ရှာဖွေရမယ့် အဆင့်လည်း မဟုတ်ပါဘူး”ဟု ဆက်ပြောသည်။
ဦးကိုကိုမောင်ကလည်း ယခုလိုဆိုသည်။
“ရတာကတော့ အိုးကွဲစတွေပဲရှိတယ်။ အဲဒါကတော့ ဘယ် နေရာတူးတူးထွက်တယ်။ ကျန်တာကတော့ ဘာမှမတွေ့ ဘူး”
ဧဒင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရှေးဟောင်းပစ္စည်း များ တွေ့လိမ့်မည်ဟု ဒေသခံများက သံသယရှိသလို ယင်းနေရာ က မြေကြီးများတွင်လည်း ရွှေများရှိနိုင်ကြောင်း ဒေသခံများက ယူဆထားသည်။
ယခင်က ယင်းနေရာများတွင် ကိုသိန်းတို့ ဒေသခံတွေ ဝမ်း စာအတွက် ရွှေကျင်ခဲ့ကြသည်။ ရွှေကျင်သည်ဆိုခြင်းထက် ရွှေ ရှာသည်ဟူသော စကားက ပိုမှန်လိမ့်မည်။
“ဒီမြေကရွှေအားကြီးထွက်တယ်”ဟု ကိုသိန်းက ပြောသည်။
“(ရွှေ) ပုတီးလုံးက ကနုတ်တွေနဲ့။ မှန်ဘီလူးနဲ့ကြည့်ရ တယ်။ ဘယ်လိုဖော်ထားတယ်မသိဘူး။ အဲဒါက ခုနစ်ရွေးတို့၊ တစ်ပဲတို့ ရှိတယ်။ (ရွှေ)လိပ်ရုပ်ကလေးတွေ တွေ့တယ်”ဟု ရွှေ ကျင်ခဲ့စဉ်က ရရှိခဲ့သည့် ထူးထူးဆန်းဆန်းပစ္စည်းများအကြောင်း ပြောပြသည်။
ကိုသိန်းတစ်ယောက် ထိုနေရာမှ ရွေးစေ့ထက်အနည်းငယ် ကြီးသော ကျောက်နီတစ်ပွင့်လည်း တွေ့ခဲ့ဖူးသည်။ တစ်နေ့လျှင် ခြောက်ကျပ်၊ ခုနစ်ကျပ်သာ ရသောခေတ်တွင် ထိုကျောက်ကို ညောင်ဦးက ပန်းတိမ်ဆရာက ၇၅၀ ကျပ်ပေးသဖြင့် ရောင်းချခဲ့ သည်ဟုပြောသည်။ နောက်ပိုင်းတွင်တော့ ၎င်းင်းရောင်းချလိုက် သောသူသည် ကားဝယ်စီးသည်ကို တွေ့ခဲ့ရပြီး ယခုအချိန်အထိ လည်း ချမ်းသာကြွယ်ဝနေကြောင်း ကိုသိန်းက စိတ်ရှည်လက် ရှည်ပြောပြသည်။
သို့သော် မြင်းကပါသားများအနေဖြင့် အပေါ်ယံမြေကိုသာ ယူ၍ ရွှေရှာခဲ့ပြီး ဘုရားကုန်းများအနီးသို့တော့ ကျိန်စာများကို ကြောက်သဖြင့် တူးဖော်မှုမပြုခဲ့ကြကြောင်းဆိုသည်။
ယင်းနေရာတွင် ဒေသခံများက ရွှေရှာခြင်းများ ပြုလုပ်ကြ သဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး အနေဖြင့် ဦးအောင်ကြိုင်က သွားရောက်တားမြစ်ခဲ့ဖူးသည်။
ကိုသိန်း၏အစ်ကိုဖြစ်သူကတော့ ဧဒင်ခြံအတွင်းသို့ လွန်ခဲ့ သည့် ခြောက်လခန့်က ရောက်သွားခဲ့ဖူးသည်ဟုဆိုသည်။
ယင်းဝင်းထဲတွင် နေထိုင်သည့် ကောင်မလေးတစ်ယောက် ၏မိဘအား မင်္ဂလာစကားပြောရန် ရပ်မိရပ်ဖအနေဖြင့် ဝင် ရောက်ခဲ့ခြင်းဖြစ်သည်။ အထဲရောက်ချိန်တွင်တော့ “ဘာလို့ လာတာလဲ”ဆိုပြီးတော့ အစောင့်က ငေါက်လွှတ်လိုက်သဖြင့် အရှက်ရမိကြောင်း ပြောသည်။
ပေါင်းကူးဘုရားဘက်သို့လှည့်ကြည့်ရာတွင် ရင်ပါနင့်ခဲ့ရကြောင်း ၎င်းက ခုလိုပြောပြသည်။
“ပေါင်းကူးပတ်ချာလည်များ ဘတ်ဖိုး(မြေတူးစက်)ကြီးနဲ့ ကုတ်နေတာ၊ အုတ်ချပ်တွေကိုဒီတိုင်း ထိုးချနေတာကွာ”
ရွာထဲတွင်အဆောက်အအုံဆောက်ပါက ဘယ်လိုဆောက် ရမယ်၊ ဘာညာလာပြောပေမယ့် ကုန်းတွေကို မြေတူးစက်နှင့် ထိုး တာတောင် ရှေးဟောင်းသုတေသနဦးစီးဌာနက မတားဘဲ ကြည့် နေကြောင်းကို သူက ပြောပြီး ယခုကဲ့သို့ဆက်ပြောရင်း အသံ တိမ်ဝင်သွားလေသည်။
“ဘာပြောနေနေ ရင်ထဲမကောင်းခဲ့ဘူးကွာ”
ဦးအောင်ကြိုင်အနေဖြင့်လည်း ယင်းသတင်းကိုတော့ သိုးသိုးသဲ့သဲ့ကြားသိခဲ့ရသည်။
“အဲဒီနေရာမှာ ကျောင်းပျက်ကလေးတွေတော့ရှိတယ်။ ဘုရားပျက်ကလေးတွေ၊ ကုန်းလေးတွေရှိတယ်။ ကြားတာကတော့ ဟုတ်၊ မဟုတ်တော့ မသိဘူး။ ကုန်းနှစ်ကုန်းထိုးပစ်တယ် ကြားတယ်။ အဲဒါကတော့ မလုပ်သင့်ဘူးပေါ့၊ ဒါခိုက်တယ်။ မမြင် အပ်တဲ့ ဟာတွေက ခိုက်တယ်”ဟုပြောသည်။
ပုဂံခေတ်ကာလတွင် ယုံကြည်ကိုးကွယ်ရာကိစ္စရပ်တို့နှင့် ပတ်သက်သည့် ဘုရား၊ ပုထိုး၊ ကျောင်းကန်၊ ဥမင်နှင့် ကျုံးမြို့ရိုး တို့ကိုသာ အုတ်၊ ကျောက်တို့ဖြင့် တည်ဆောက်ကြပြီး သာမန်လူ နေအိမ်များကို သစ်၊ ဝါးတို့ဖြင့်သာ တည်ဆောက်ကြသည်။ နန်း တော်ရာများကိုပင် အောက်ခြေကိုသာ အုတ်တို့ဖြင့် တည် ဆောက်ပြီး အပေါ်ပိုင်းကိုတော့ သစ်တို့ဖြင့်သာ တည်ဆောက်ခဲ့ ကြလေသည်။
ထို့ကြောင့် ဟိုတယ်ဆောက်ရန် တူးဆွဖြိုဖျက်လိုက်သောအုတ်အဆောက်အအုံတို့သည် ဘာသာရေးနှင့်ဆိုင်သည့် အဆောက်အအုံတို့သာ ဖြစ်နေမည်ဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကောက်ခံရယူထား သောစာရင်းများအရလည်း ပုဂံဒေသတွင် မတူးဖော်ရသေးသော ကုန်းပေါင်း ၈၀၀ ကျော် ရှိနေသေးသည်။
“ပုဂံမှာမတူးဖော်ရသေးတဲ့ ကုန်းတွေ အများကြီးရှိတယ် ဆိုတော့ အဲဒါတွေတော့ ပျက်စီးနိုင်တာပေါ့။ ကျွန်တော်တို့ မသိ ခင်မှာ တူးလိုက်တဲ့အခါကျတော့ အဲဒါမျိုးတွေက ပျက်စီးနိုင် တယ်”ဟု ဒုညွှန်ချုပ် ဦးသိန်းလွင်က ပြောသည်။
ဧဒင်လုပ်ငန်းတာဝန်ခံ ဦးကိုကိုမောင်ကတော့ ၎င်းင်းတို့ သည် စက်ယန္တရားကြီးများကို ဘုရားများအနီး တည်ဆောက်ရေး လုပ်ငန်းခွင်များအတွင်း အသုံးမပြုကြောင်း ငြင်းဆိုသည်။
“ကျွန်တော်တို့ယန္တရားတွေက မြစ်ထဲမှာပဲ သုံးတာရှိ တယ်။ သဲကျုံးတာတို့၊ မြစ်ထဲမှာ မြေထိန်းနံရံလုပ်တာတို့”ဟု ပြောသည်။
ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က လည်း ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်။
“အန်ကယ်ဆောက်လုပ်ရေးသမားပါ။ နိုင်ငံတကာကို လည်း လေ့လာတယ်။ အန်ကယ်တို့တည်ဆောက်တယ်ဆိုရင် ယ္တရားဆိုတာ ဒီထန်းပင်ကြီးတွေ၊ ဘာတွေကို ရွှေ့ပြောင်းတဲ့ အခါ သုံးတဲ့ဟာတစ်ခုပါပဲ။ ဒီဟာကို ထိခိုက်အောင်လို့ ဠငဘမေ-အငသည တွေ၊ ဘာတွေများတဲ့စက်တွေကို အန်ကယ်တို့မသုံးပါဘူး”ဟုဆိုသည်။
ထို့အပြင် ဥယျာဉ်စိုက်ပျိုးခြင်းတို့အတွက်လည်း ရှေး ဟောင်း၏ကြိုတင်ခွင့်ပြုချက်ရမှာသာလျှင် ဆောင်ရွက်ရသည်။ သို့သော်လည်း ယင်းဥပဒေတို့သည် ဧဒင်ခြံထဲကိုရော၊ အနီးပတ် ဝန်းကျင်ကိုပါ မသက်ရောက်သကဲ့သို့ ဖြစ်နေသည်။
ယင်းခြံ၏အပြင်ဘက်ဖြစ်သည့် မင်္ဂလာစေတီ အနောက် ဘက်တွင်ပင် သစ်ပင်များစိုက်ပျိုးနေသည်မှာ တောထနေသည်။ òန်ကြားချက်အမှတ် ၂/၂၀၁၄ အရ လယ်မြေယာမြေများပေါ် တွင်သာ စိုက်ပျိုးခွင့်ရှိပြီး ယင်းသို့စိုက်ပျိုးရာတွင်လည်း မြေ အနက် တစ်ပေသာ တူးခွင့်ရှိပြီး ခြောက်ပေထက်မြင့်သော သစ် ပင်များလည်း စိုက်ခွင့်မရှိပေ။
ဧဒင်ခြံအတွင်း သစ်ပင်တွေစိုက်ပျိုးနေမှုများနှင့်ပတ်သက် ၍လည်း အငြင်းပွားဖွယ်ရာများဖြစ်နေသည်။
ဧဒင်အနေဖြင့် ၎င်းင်းခြံထဲတွင် မည်သို့သောသစ်ပင်များ မည်သည့်နည်းဖြင့်စိုက်သနည်းဟူသည်ကို ပုဂံဒေသဖွံ့ဖြိုးရေး အသင်းမှ ဦးသူရက ယခုလိုပြောပြသည်။
“သစ်ပင်တွေကို ရွှေ့စိုက်ခဲ့တာ။ သစ်ပင်တွေကို ဘယ် လောက်အထိရက်စက်လဲဆိုတော့ ထနောင်းပင်ကြီးတွေကို ရွှေ့ စိုက်တာ”ဟုပြောသည်။
အနီးအနားပတ်ဝန်းကျင်ရွာများအတွင်းရှိ သက်တမ်းရင့် ထနောင်းပင်၊ တမာပင်၊ ထန်းပင် စသည်တို့ကို အပင်ပွဲစားများမှ တစ်ဆင့်ဝယ်ကာ စက်ယန္တရားကြီးများသုံး၍ ရွှေ့စိုက်ခဲ့ကြသည်။ ယင်းတို့ကိုစိုက်ရန် မြေကြီးအတွင်း ရှစ်ပေလောက် ကျင်းများ လည်းတူးခဲ့သည်ဟု ဦးသူရက ပြောပြသည်။
“စိမ်းညက်(စိမ်းညက်ညီအစ်မဘုရား)အရှေ့ဘက်က ထနောင်းတောဆိုရင်ကုန်ပြီ”ဟု ဆက်ပြောသည်။
ဦးဝင်းမောင်ကတော့ ယခုနေရာသည် လုံးဝတူးဆွခွင့်မရှိသည့်နေရာများဖြစ်သည့်အပြင် ပါးစပ်ရာဇဝင်အရ စုက္ကတေး သင်္ချိုင်းရှိခဲ့သည်ဟု ဆိုကြသောနေရာလည်းဖြစ်နေကြောင်း ပြောသည်။
“သစ်ပင်တွေကို မြေကြီးတွေ တူးတူးပြီး သစ်ပင်စိုက် တဲ့အခါ ဒါသာမန်မဟုတ်နိုင်တော့ဘူး။ တစ်ခုခုကို သူတို့ရှာဖွေ နေတာလားပေါ့။ သံသယစိတ်တွေ ပွားလာတယ်”ဟုဆိုသည်။
ပုဂံဒေသခွဲ၏ ညွှန်ကြားရေမှူးဦးအောင်နိုင်မြင့်ကတော့ ရုံးချုပ်က ဧဒင်ကိုစောင့်ကြည့်ပါဟုဆိုသဖြင့် စောင့်ကြည့်၍ပင် နေရကြောင်းပြောသည်။
“စောင့်ကြည့်ပါဆိုလို့ စောင့်ကြည့်ပြီး အစီရင်ခံစာတင်နေ ရတယ်။ သူတို့ဘယ်လောက်ပြီးသွားပြီဆိုတာ ရာနှုန်းနဲ့ တို့က ပြောရသလိုဖြစ်နေတယ်။ သူတို့အလုပ်သမားတွေ(အလုပ်) လုပ် သလား၊ မလုပ်သလား သွားစစ်ပေးရသလိုဖြစ်နေတယ်”
ယခုအချိန်တွင် ပုဂံဒေသတွင်ဖြစ်ပေါ်နေသည့် ဟိုတယ် အရှုပ်အရှင်းများကို တရားစွဲဆိုရန်ပြင်ဆင်နေမှုရှိသော်လည်း အဆိုပါ ဟိုတယ်စာရင်းထဲတွင် ဧဒင်ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်း မပါဝင်ပေ။
ရှေးဟောင်းသုတေသနအနေဖြင့် ဧဒင်ဟိုတယ်တည် ဆောက်ရေးလုပ်ငန်းကို ဆက်လက်မလုပ်ကိုင်ရန် တားထား သည်ဆိုသော်လည်း ကျွန်တော်ရောက်သည့်အချိန်တွင်တော့ အရှိန်အဟုန်ကောင်းကောင်းနှင့် တည်ဆောက်နေဆဲပင် ဖြစ် သည်။ လုပ်ငန်းခွင်အတွင်းမှ ထွက်လာသော ပန်းရံလုပ်သား တစ်ဦးကို မေးမြန်းကြည့်ရာ ၎င်းင်းတို့လုပ်ငန်းခွင်အတွင်းပင် လူ ၆၀ ခန့်ရှိနေပြီး ထိုသို့လုပ်ငန်းခွင်များစွာ ရှိနေသည်ဟုပြောသည်။
မြင်းကပါရွာထဲတွင်ရှိသောဘုန်းကြီးကျောင်း(ရှမ်းကျောင်း)ထဲတွင်ပင် ယင်းလုပ်ငန်းခွင်မှ အလုပ်သမားများ တဲထိုးပြီး နေ နေကြသည်။ ယင်းတို့အနီးတွင်ရှိသော ရေမရှိသည့် မြင်းကပါ ချောင်းထဲသို့ ကျွန်တော်နှင့် မြင်းကပါရွာသား ကိုသိန်းတို့ ဖြတ်သန်းသွားသည့်အခါတွင်တော့ မစင်ပုံများက နေရာအနှံ့အပြား ပင်ရှိနေသည်။
မြင်းကပါချောင်းကိုလွန်လျှင် ဧရာဝတီမြစ်၏သဲသောင် များပေါ်တွင် စိုက်ထားသော ယာခင်းများကိုဖြတ်၍ ကျွန်တော် နှင့် ကိုသိန်းတို့ဧဒင်ခြံရှိရာဘက်သို့ လာခဲ့ကြသည်။
ကျွန်တော်မြင်တွေ့ရသည့်မြင်ကွင်းကတော့ သဲသောင်ခုံ ပေါ်တွင် မြေတူးစက်၊ မြေသယ်ကား၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံး ကရိန်းစက် စသည်တို့သည် မြို့ကြီးတစ်မြို့ တည်ဆောက်နေ သည့်အလား ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ခဲ့ရသည်။
ဧရာဝတီမြစ်သဲသောင်ပြင်ကို တူးဖော်နေမှုများ၊မြေစာစုပုံမှုများ၊ ဓာတ်ကြိုးသွယ်တန်းထားမှုများနှင့် ကျွန်တော်တို့ရှေ့ တွင် ဆီးမိုးနေသည့် ကျောက်နံရံကြီးကိုလည်း တွေ့မြင်ရသည်။ ယင်းကျောက်နံရံထက် မြေပြင်ပေါ်တွင်တော့ အုတ်စိမ်းများ လှန်းထားသည်ကိုတွေ့ရသည်။
ရှေ့သို့ဆက်သွားကြမလားဟု ကျွန်တော်က ကိုသိန်းကို မေးရာ ၎င်းင်းက “မြန်မာပြည်လွတ်လပ်ရေးရနေတာ ၄၈ ခုနှစ်က တည်းက၊ မြန်မာပြည်ထဲဘယ်သွားသွားရတယ်”ဟုပြောပြီး ရှေ့ ဆက်သွားလေသည်။
ကျောက်နံရံထက်တွင် ပေါင်းကူးဘုရားကို မြင်လိုက်ချိန် တွင်တော့ ကျွန်တော်က လက်ကိုင်ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက် လိုက်သည်။
ထိုအချိန်တွင် ယင်းလုပ်ငန်းခွင်အတွင်းမှ လူတစ်ယောက် က “ဓာတ်ပုံမရိုက်နဲ့”ဟုအော်ဟစ်ကာ ပြေးဆင်းလာလေသည်။ ကျွန်တော်တို့ရိုက်နေသည်မှာ ဧရာဝတီမြစ်သဲသောင်ပြင်ပေါ်မှ ဖြစ်သည်။ သို့သော်လည်း ထိုသူတို့သည် မြစ်ကိုပင် ပိုင်လေသည် လားမပြောတတ်။
၁၉၄၈ ခုနှစ် ကတည်းက လွတ်လပ်ရေးရသည်ဟုဆိုသော ကိုသိန်းနှင့် ကျွန်တော်တို့လည်း လှမ်းမေးသည့်သူ မရောက်မီ နောက်လှည့်၍ ပြန်လာခဲ့သည်။
မြစ်ချောင်းအင်းအိုင်များအနီး မြေနုကျွန်းများအပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတည်ဆောက်နေမှုများသည် ဥပဒေကြောင်းအရ တရားဝင်၊ မဝင်မေးမြန်းရာ တရားလွှတ် တော်ရှေ့နေ ဦးကိုနီက “မရဘူးကွ။ အခုမင်းမေးတာက လူတွေ မတော်မတရား လုပ်နေကြတဲ့ဟာတွေကို မေးနေတာ”ဟု ပြန် လည်ဖြေကြားသည်။
“ရှင်းရှင်းပြောရရင် အဲဒါညစ်ပတ်တာပေါ့။ တရားမဲ့ပြု ကျင့်တာ။ ဒါကိုအာဏာပိုင်တွေခွင့်ပြုတယ်ဆိုရင် အာဏာပိုင် တွေနဲ့ ပေါင်းပြီး မဟုတ်တာလုပ်တာ”ဟု သူက ဆက်ပြောသည်။
ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က မြစ်ကမ်းနားတွင်တည်ဆောက်နေသော မြေထိန်းနံရံ တည်ဆောက်မှုသည် ၎င်းင်းတို့အနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ တားမြစ်စာပင် ထုတ်ထားသည်ဟု ပြောသည်။
ယင်းမြေထိန်းနံရံသည် ဧရာဝတီမြစ်ပိုင်နက်ထဲတွင် မြေဖို့ ကာကာရံထားသည့်အတွက် ရေကြောင်းပိတ်ဆို့မှုဖြစ်စေသည် ဟု သူက ဥပမာပေး၍ ရှင်းပြသည်။
“ရေစီးကြောင်းတစ်ခုမှာ အရှေ့က ဘလော့(ပိတ်ဆို့)ခံ လိုက်ပြီဆိုတာနဲ့ တန့်သွားပြီးတော့ ဝဲဖြစ်တတ်တယ်။ ဝဲဖြစ်လာ ပြီးတော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကို တိုက်မှာစိုးလို့ ကျွန် တော်တို့ကတားတယ်”ဟု ဦးအောင်ကျော်နိုင်က ရှင်းပြသည်။
ဗူးဘုရားအနီးရှိ ဧရာဟိုတယ်မှစတင်၍ ဧဒင်ဟိုတယ်အထိ ဟိုတယ်များက ဧရာဝတီမြစ်ကမ်းနားပိုင်းတွင် အဆောက်အအုံ များပိတ်ဆို့ကာ တည်ဆောက်လိုက်သောကြောင့် မြစ်အောက် ပိုင်းကျသော လောကနန္ဒာဘုရားအနီးရှိ စားသောက်ဆိုင်များနှင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် ကမ်းပြိုမှုဖြစ်ပေါ်လာကြောင်း သူကပြောသည်။
ယင်းသို့တည်ဆောက်နေခြင်းသည် ကာလစည်းကမ်း သတ်ဥပဒေ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ် ထိန်း သိမ်းရေးဥပဒေတို့နှင့် မညီညွတ်သလို ရေအရင်းအမြစ်နှင့် မြစ် ချောင်းများထိန်းသိမ်းရေးဥပဒေအရလည်း ငြိစွန်းနေသည်။
ကမ်းနားနယ်မြစ်ချောင်းနယ်တို့တွင် အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ မြေတူး ခြင်း၊ မြေဖို့ခြင်း၊ တမံဖို့ ခြင်း၊ သဲတူးခြင်း၊ သဲစုပ်ခြင်း၊ သဲကျုံးခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်းတို့ကို ယင်းဥပဒေ ပုဒ်မ ၁၂၊ ၁၃ နှင့် ၂၃(ခ) တို့အရ တားမြစ်ထားသည်။
ယင်းတို့ကိုချိုးဖောက်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်ဟု အဆိုပါဥပဒေတွင် ဖော်ပြထားသည်။
ဦးကိုကိုမောင်ကတော့ ယင်းသို့မြစ်ထဲတွင် သဲကျုံးခြင်းကဲ့ သို့သော ကိစ္စမျိုးကို ပုဂံဒေသတွင် ခွင့်ပြုချက်အထူးတလည် တောင်းခံကြခြင်းမရှိသဖြင့် ၎င်းင်းတို့အနေဖြင့် မတောင်းခံခဲ့ခြင်း ဖြစ်ကြောင်းပြောသည်။
ဦးချစ်ခိုင်ကတော့ ယင်းသို့သဲ၊ ကျောက်များ စုပုံခြင်း၊ ထုတ်ခြင်းနှင့်ပတ်သက်၍ ယခုလိုမှတ်ချက်ပေးသည်။
“အန်ကယ်တို့လည်း ဆောက်လုပ်ရေးလုပ်နေတာ။ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာတောင် ဒီလိုခွင့်ပြုချက်တောင်းတာ နည်း ပါတယ်”ဟု ဆိုသည်။
ခရိုင်အုပ်ချုပ်ရေးမှူးကတော့ အစိုးရအာဏာပိုင်များ အနေဖြင့် ၎င်းင်းတို့တိုးချဲ့တည်ဆောက်ခြင်းကို ခွင့်ပြုမထားသကဲ့ သို့ မြေထိန်းနံရံကြီး (Retaining Wall) တည်ဆောက်မှုကိုလည်း လာရောက်တင်ပြထားခြင်းမရှိဟု ပြောသည်။
ဦးချစ်ခိုင်ကတော့ မြေထိန်းနံရံတည်ဆောက်ရန် ယခင် အစိုးရလက်ထက်ကတည်းက တင်ပြထားကြောင်း ပြောသည်။ ထို့အပြင် ၎င်းင်းတို့အနေဖြင့်လည်း ကမ်းပါးများပြိုတော့မည့် အ္တရာယ်ရှိသည့်အတွက် အကုန်အကျခံ၍ လုပ်ဆောင်လိုက်ရ ကြောင်း ပြောသည်။
“အဲဒီမှာသွားကြည့်ရင်တော့ တွေ့မှာပေါ့။ ဘုရားတစ်ဆူ ဆိုရင် တစ်ခြမ်းပြိုကျသွားပြီ။ အဲဒီတော့ ဒီဟာကြီးက ဆက်ထား ရင် အကုန်လုံးရေတိုက်စားပြီး ပြိုကျသွားမယ်”
ယင်းကိစ္စသည် ရှေးဟောင်းသုတေသနဦးစီးဌာနက လုပ်ရမည့်တာဝန်ဖြစ်ပြီး ၎င်းင်းတို့အနေဖြင့် ငွေကြေးမြောက်မြားစွာ အကုန်အကျခံ၍ ဆောင်ရွက်ထားရခြင်းဖြစ်ကြောင်းပြောသည်။
ကမ်းနားတွင် ဤကဲ့သို့ မြေထိန်းနံရံတည်ဆောက်ခြင်းသည် ရှေး ဟောင်းအမွေအနှစ်ကို ထိခိုက်စရာမရှိဟုလည်း သူကပြောသည်။ ထို့ပြင် ၎င်းင်းတို့ဘေးကပ်ရက်တွင် တည်ဆောက်ထားသည့် နိုင်ငံ တော်ဧည့်ဂေဟာဆိုလျှင်လည်း သံကူကွန်ကရစ်နှစ်ထပ် အဆောက်အအုံကြီးဖြစ်ပြီး မည်သည့်ရှေးဟောင်းအဆောက် အအုံကိုမျှ ထိခိုက်သွားခြင်း မရှိကြောင်း ပြောသည်။
ဦးကိုကိုမောင်ကတော့ မြေထိန်းနံရံတည်ဆောက်သည့် အချိန်တွင် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ခဲ့ဖူးသော်လည်း ပုံစံ များ ပြန်ပြောင်းတင်ခိုင်းခြင်းဖြင့် လုပ်ငန်းကြန့်ကြာနေသော ကြောင့် ၎င်းင်းတို့တည်ဆောက်လိုက်ကြောင်း ပြောပြသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ သက်ဆိုင်ရာက တားဆီးနေသည့်ကြားမှ တည်ဆောက်နေခြင်းသည် “ဥပဒေကို ပြောင်ချိုးဖောက်ရာ ရောက်တာပဲ”ဟု ယင်းကိစ္စအပေါ် သုံးသပ်သည်။
ဧဒင်ဆောက်လုပ်ရေးခွင်အား Phase 1 နှင့် Phase 2 အဖြစ် ခွဲခြားဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခု Phase 1 ထဲတွင် တော့ လုံးချင်းဟိုတယ်ပေါင်းအလုံး ၇၀ ကျော်ဆောက်လုပ်ထား ပြီးဖြစ်ကြောင်း ဦးကိုကိုမောင်က ပြောသည်။ ကျန်အပိုင်းတွင် ဟိုတယ် ၄၉ လုံးတည်ဆောက်ရန် လျာထားသော်လည်း ယင်းနေ ရာတွင် အလုပ်သမားများထားရှိထားခြင်းနှင့် ဥပဒေအသစ်များ လည်း ထွက်ရှိလာသဖြင့် ယင်းတို့ကိုဆောက်လုပ်ရန်အတွက် ပြန်လည်စဉ်းစားနေကြောင်း ပြောသည်။
“အန်ကယ်တို့တစ်တွေက ဆက်လုပ်ဖို့အတွက်ကို တင်ပြ မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတားတဲ့ဟာတွေက အရင် တုန်းက ခွင့်ပြုမထားဘဲဆောက်တဲ့ဟာတွေနဲ့ ရောပြီး အမှုဖြစ် နေတယ်။ အန်ကယ်တို့က မူလကတည်းက ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာ”ဟု ဦးချစ်ခိုင်က ပြောသည်။
ရှေးဟောင်းနေရာတည်ရှိရာ ဇုန်နေရာတွင် ဟိုတယ်ဇုန် အဖြစ် သတ်မှတ်ခြင်းမှာ မဖြစ်သင့်သည့်ကိစ္စဖြစ်ပြီး ယင်းမှာ စီမံ ခန့်ခွဲမှုအမှားများသာဖြစ်ကြောင်း ယူနက်စကိုမှ ကျွမ်းကျင်ပညာ ရှင်များက ပြောသည်။
တပ်မတော်အစိုးရလက်ထက်က လက်ရှိဧဒင်နေရာဖြစ် သည့် ဟိုတယ်ဇုန်(၁)အပါအဝင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (MZ)ထဲတွင်ပင် ဟိုတယ်ဇုန်(၂) နှင့် (၃)တို့ကိုပါ သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့အတွက် ကြောင့် ယခင်ကခွင့်ပြုထားသည့် ယင်းလုပ်ငန်းများသည် ရှေး ဟောင်းသုတေသနအမြင်အရ လက်မခံနိုင်စရာဖြစ်နေပြီး ယခု နောက်ပိုင်းပေါ်ထွက်လာသည့် ဥပဒေများအရလည်း တရားမဝင် တော့ပေ။
ပုဂံဒေသခံဦးဝင်းမောင်ကတော့ ယင်းတို့ဆောက်လုပ်နေ ခြင်းသည် ဥပဒေအရ မှန်ကန်ကောင်း မှန်ကန်နိုင်မည်ဖြစ်သော် လည်း စီးပွားရေးသမားများအနေဖြင့် ယဉ်ကျေးမှုရှုထောင့်အရကြည့်သင့်ကြောင်းပြောသည်။
တရားလွှတ်တော်ရှေ့နေဦးကိုနီကလည်း ယင်းသို့ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်စပ်နေသည့်နေရာတွင် အဆောက်အအုံများ တည်ဆောက်ရန်မသင့်ကြောင်း ပြောဆိုပြီး ဟိုတယ်များကို ဝေးဝေးလံလံတွင် ဆောက်ပြီး ရှေးဟောင်းအမွေ အနှစ်များကို ခြေရာလက်ရာ မပျက်ထားသင့်ကြောင်း ပြောသည်။
“တချို့တချို့သော စီးပွားရေးသမားတွေက တကယ့်ကို ယဉ်ကျေးမှုအမွေအနှစ်မြေတွေပေါ်မှာ အဆောက်အအုံတွေ ဆောက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဟိုဘက် စစ်အစိုးရခေတ်မှာ ဆိုရင် လူကြီးနဲ့ပိုင်ရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ပုံမျိုးနဲ့ လုပ် ထားတာတွေလည်း တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၇)
ခေါင်ကမလုံ
ရှေးဟောင်းအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသော စည်ပင်ဝင်းအတွင်း၌ပင် ရှေးဟောင်းအမွေအနှစ်များ လျစ်လျူရှုခြင်းခံနေရသည်။
ပုဂံညောင်ဦးလမ်းဟောင်းဘေး ရွှေစည်းခုံဘုရားအနီးတွင် စောင်းတန်းအဟောင်းတစ်ခုရှိသည်။ ယင်းစောင်းတန်းကို ရှေး ဟောင်းသုတေသနဦးစီးဌာနက ထိန်းသိမ်းထားသည်ဟူသော ဆိုင်းဘုတ်ချိတ်ထား၍ သစ်သားတန်းလေးများဖြင့် ကာရံထားသည်။
ယင်းစောင်းတန်းနှင့် မနီးမဝေးတွင် အခြားစောင်းတန်း တစ်ခုလည်း ရှိနေသေးသည်။ စောင်းတန်းဟုဆိုသော်လည်း စေ့စေ့ကြည့်မှသာ ရေးရေးပေါ်နိုင်သည့်စောင်းတန်းဖြစ်နေသည်။ အဝတ်အစားအစုတ်များ၊ အမှိုက်သရိုက်များ၊ ရေဆိုးများနှင့် ထနောင်းရွက်ကြွေများက ယင်းနေရာတွင်ပြည့်နှက်နေသည်။ အုတ်တံတိုင်းအသစ်များ၊ ခြံစည်းရိုးများအောက်တွင် ယင်း စောင်းတန်းအုတ်ရိုးများက မြုပ်နေသည်။
တစ်နေရာတွင် စောင်းတန်းလျှောက်လမ်းကို ဝါးထရံများ ဖြင့် ပိတ်ကာထားသည်။ ဝါးထရံတစ်ဖက်တွင်တော့ စောင်းတန်း သည်ထင်ရှားစွာရှိနေပြီး စောင်းတန်းအဝတွင် ခြင်္သေ့ကြီး နှစ်ကောင်ကို ကားများအနောက်တွင် တွေ့နေရသည်။
ခြင်္သေ့ကြီးများနှင့် စောင်းတန်းအပိုင်းတချို့ ရောက်နေ သည့်နေရာကတော့ ညောင်ဦးမြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဝင်းအတွင်းပင်ဖြစ်သည်။
ရှေးယခင်အခါများက ရွှေစည်းခုံဘုရားဖူးရန် လာသူတို့ ကို ဆီးကြိုခဲ့ကြမည့် ခြင်္သေ့တို့သည် ယခုအချိန်တွင်တော့ စည် ပင်ကားများကို စောင့်ကြပ်နေရဟန်တူသည်။ ခြင်္သေ့များ၏ခန္ဓာ ကိုယ်တွင် ကွန်ကရစ်များကွာလျက် အုတ်များအချပ်လိုက်ပေါ် နေပြီး ယင်းအုတ်များကြားတွင်လည်း မြက်ပင်များ ပေါက်နေ သည်။ ဝမ်းဗိုက်အောက်တွင်လည်း ပိုက်လုံးအတိုအစများ၊ ခွက် များ၊ ပုလင်းများနှင့် တိုလီမုတ်စများ ပြည့်နေလေသည်။
‘သခင်မင်းပြုသောအခါဤမြေကြီး၌ ခမ်းနားသိုက်မြိုက် ခြင်းသည် ကောင်းကင်ဘုံ၏ခမ်းနားသိုက်မြိုက်ခြင်းနှင့် တူလတ္တံ’ဟု ကျန်စစ်သားရေးထိုးခဲ့သည့် ရွှေစည်းခုံကျောက်စာနှင့် ဆန့် ကျင်စွာပင် ဤစောင်းတန်းသည် ယခုအချိန်တွင်တော့ ကျက် သရေညှိုးနွမ်းလျက်ရှိသည်။
နောက်ဖြစ်စဉ်တစ်ခုကတော့ ပုဂံပြတိုက်ကြီး တည် ဆောက်လိုက်သည့် ကိစ္စပင်ဖြစ်သည်။ မြို့ရိုးတံတိုင်းအတွင်း မြေ ၁၀ ဒသမ ၉၇ ဧကပေါ်တွင် တည်ဆောက်သော ယင်းပြတိုက်ကြီး တည်ဆောက်ခဲ့စဉ်ကလည်း ပညာရှင်များနှင့် ဒေသခံများက ကန့်ကွက်ခဲ့ကြသေးသည်။ ပြတိုက်ဝင်းထဲတွင် ဘုရားလေး ဆူရှိသည်။
ယင်းပြတိုက်ကြီးသည် ရှေးဟောင်းဒေသမြင်ကွင်းကို အဟန့်အတားအနှောင့်အယှက်ဖြစ်နေခြင်းနှင့် ယင်းနေရာတွင် လည်း တူးဖော်ရန် ရှေးဟောင်းအမွေအနှစ်များ ရှိနေနိုင်သည်ဟူ သော အကြောင်းပြချက်နှင့် ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအဆောက်အအုံသည် ၁၉၉၈ ဥပဒေမပေါ်ထွက် ခင်က တည်ဆောက်ထားသောကြောင့်ဟု ဆိုနိုင်သော်လည်း ယင်းဥပဒေထွက်ပေါ်ပြီး နောက်ပိုင်းတွင်လည်း နန်းတော်ရာနှင့် နန်းမြင့်မျှော်စင်ကဲ့သို့သော ဥပဒေနှင့်မညီသော အဆောက်အအုံ တို့ကို ဆောက်လုပ်ခဲ့ကြပြန်သည်။
သို့သော် ယင်းကာလအတွင်းတွင်ပင် နန်းတော်ရာနှင့် သရပါဂိတ်ဟိုတယ်ကဲ့သို့သော အဆောက်အအုံတို့ကို ဆောက် လုပ်စေခဲ့သည်။ ဦးသူရကလည်း ယင်းသို့တည်ဆောက်မှုများနှင့် ပတ်သက်၍ ယခုလိုမေးခွန်းထုတ်သည်။
“ဥပဒေကို မလိုက်နာတာက သူတို့ကိုယ်တိုင်။ သူတို့ထုတ် တဲ့ ဥပဒေမို့လို့ သူတို့လိုက်နာစရာမလိုဘူးလား”
ယင်းသို့ နန်းတော်ရာတည်ဆောက်ခဲ့မှုကို ဦးသူရ၊ ဦးဝင်း မောင်နှင့် ဝါရင့်ဧည့်လမ်းညွှန်များဖြစ်သည့် ဦးခင်မောင်အေး၊ ဦးဇော်ဝင်းချိုတို့ ကန့်ကွက်ခဲ့သလို ပြည်သူ့လွှတ်တော်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူးဖြစ်သည့် ဦးအောင်ကြိုင်ပင်လျှင် ယင်းနေရာသို့ မသွားရောက်ခဲ့ပေ။
ရှေးဟောင်းအမြင်အရ ယင်းနန်းတော်ပြတိုက်တို့သည် ယဉ်ကျေးမှုအမွေအနှစ်များကို အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်ကြိုင်က ပြောသည်။ သို့သော် ဗိုလ်ချုပ်ကြီးများက မြန်မာလူမျိုးများ ခန့်ခန့်ညားညားနှင့် နေထိုင်ခဲ့သည်ကို ပြသလို၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လုပ်ချင်ခဲ့တာလေ၊ သူ့ သဘောပေါ့”
သို့ပေမဲ့ ပုဂံမြို့သူမြို့သားများမကြိုက်သဖြင့် ယင်းနန်း တော်ရာနေရာသို့ သွားရောက်ခြင်းမရှိပေ။
“ရှေးဟောင်းက ပါပါတယ်ဖြစ်မှာစိုးလို့ မသွားရဲဘူး” ဟု ဦးအောင်ကြိုင်က ရယ်ရင်းပြောသည်။
ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
(အပိုင်း – ၈)
ကူကယ်ရာမဲ့ပုဂံ
ပုဂံရှိဘုရားများနှင့် မြေများကို အပိုင်သိမ်းခြင်း၊ ဌာနဆိုင် ရာများနှင့်ပူးပေါင်း၍ မြေနေရာများကျူးကျော်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များပြုလုပ်ပြီး ရှေးဟောင်းအမွေအနှစ် များကို ထိခိုက်ပျက်စီးစေနိုင်သည့် လုပ်ရပ်များ လုပ်ကိုင်နေခြင်း ကို ပုဂံဒေသအနှံ့တွေ့ရှိရသည်။
ပုဂံဒေသအတွင်း ပြိုပျက်တော့မည့် ရှေးဟောင်းအမွေ အနှစ်များအနီး အဆောက်အအုံဆောက်လုပ်ခြင်း၊ ဘုရားပုထိုးများကို ခြံဝင်းခတ်ခြင်း၊ ဥမင်လိုဏ်ခေါင်းများကို ပိတ်ဆို့ဆောက် လုပ်ခြင်း၊ ဟိုတယ်များတွင် ဘုရားပုထိုးပုံစံမုခ်ဦးပုံစံ အဆင်တန် ဆာများ ပြုလုပ်ထားခြင်း အစရှိသည့် ကိစ္စများကို မမြင်မတွေ့ချင် သည့်အဆုံး မြင်တွေ့နေရသည်။
ယခုအချိန်တွင် ဆောက်လုပ်ထားကြသည်မှာ အတော် လွန်နေပြီဖြစ်ပြီး ၎င်းတို့ကိုတားမြစ်ရမည်မှာ ရှေးဟောင်းသုတေ သနဦးစီးဌာန၏အလုပ်ဖြစ်သော်လည်း ကျူးကျော်ထားမှုများကို ဖျက်သိမ်းရန်မှာ နိုင်ငံတော်အစိုးရက လုပ်မှသာရမည် ဖြစ်ကြောင်း ဦးအောင်ကြိုင်က ပြောသည်။
ရှေးဟောင်းသုတေသနမှ ဝန်ထမ်းငယ်တစ်ဦးကလည်း ဟိုတယ်များကို သွားရောက်တားဆီးရာ၌ ၎င်းင်းတို့သြဇာမပေါက် သည့်အကြောင်းကို “ကျွန်တော်တို့ချည်း လှိမ့်ခံနေရတယ်ဗျာ၊ ရေးကြပါဦး”ဟု ကျွန်တော်နှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။
မြို့ခံများအနေဖြင့်လည်း လွန်ခဲ့သည့်နှစ်နှစ်ကျော်က အဆို ပါကိစ္စများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “ပုဂံချစ်သူများအသင်း နဲ့ လူတစ်ရာ၊ နှစ်ရာလောက်တော့ရှိမှာပေါ့။ ဆန္ဒပြတယ်။ နောက် ဆုံးပိတ ်Result ကတော့ ဘာမှဖြစ်မသွားဘူး”ဟု ပုဂံဒေသခံ စာရေးဆရာ၊ ပုဂံခရီးသည်များလမ်းòန်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးအောင်မြင့်က ပြောသည်။
သူတို့အနေဖြင့်လည်း ယင်းသို့စီးပွားရေးလုပ်ငန်းရှင်များနှင့် ထိပ်တိုက်တွေ့လျှင် ထောင်ကျသွားနိုင်သောကြောင့် ဆက် လက်မကန့်ကွက်တော့ခြင်းဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ထက် တတ်ကျွမ်းနားလည်တဲ့ ဦးနှောက်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေအထက်မှာရှိတာပဲ။ သူတို့က ခွင့်ပြုပေး လိုက်တယ်ဆိုတော့ ကျွန်တော်တို့က တားလည်း အပိုပဲ” ဟု ဦးအောင်မြင့်က ဆိုသည်။
ယင်းသို့ဖြစ်ပွားနေသည့် ပြဿနာများကို နမူနာယူ ဖြေရှင်းရန် ပုဂံသမိုင်းထဲတွင်ပင် ရှိနေသည်။
ပုဂံခေတ်က တရုတ်ပြေးမင်းခေါ် နရသီဟပတေ့၏ အဘိုး တော်စပ်သူ ကျစွာမင်းလက်ထက်တွင်လည်း ဘုရားမြေသိမ်း သည့် ကိစ္စရပ်များ ဖြစ်ပွားခဲ့ဖူးသည်။ ဘုရားကျောင်းကန်သို့ လှူဒါန်းထားသည့် ဘုရားပတ်လည်ရှိ ဝတ္တကမြေများအတွက် ဘုရင်က မြေခွန် မရရှိပေ။ ထို့ကြောင့် အကြေအညာတွင် ရှိသော ဝတ္တကမြေအားလုံးကို ကျစွာမင်းသိမ်းယူခဲ့သည်။ ထိုအချိန်တွင် ဘုန်းကြီးများက ဘုရားကျောင်းကန်မြေများကို မသိမ်းသင့် ကြောင်း ပြောလေသည်။
အကြောင်းမှာ မြေယာကို သာသနာတွင်လှူပါက သာ သနာတည်သမျှ အနှစ်ငါးထောင်လုံးတည်သည်ဟု ပြောကြ သည်။ မူလလှူထားသော ကျောင်းပျက်စီးသွားပါကလည်း နီးစပ် ရာကျောင်းများက ယင်းမြေကိုဆက်ခံခွင့်ရမည်ဟု ဘုရင်ကို ပြောခဲ့သည်။
ကျစွာမင်းသည် အမတ်များပါဝင်သော ခြောက်ဦးကော်မတီဖွဲ့၍ စစ်ဆေးစေခဲ့သည်။ ကော်မတီက ‘မင်းဖြစ်ပါစေ ဝတ္တက မြေကို မဖျက်နိုင်’ဟုဆုံးဖြတ်ချက်ချလိုက်သဖြင့် မြေအားလုံး ပြန်လည်လှူဒါန်းခဲ့ရသည်။
ကျစွာမင်း၏သားဖြစ်သော ဥဇနာမင်းလက်ထက်တွင် လည်း ယင်းသို့မြေအငြင်းပွားမှုဖြစ်ပွားခဲ့ပြီး သာသနာ့မြေကို ပြန်လည်ပေးအပ်ခဲ့ရသည်။
ယူနက်စကိုမှ ပညာရှင်များကလည်း အချို့သောမြေများ သည် ယခင်အစိုးရလက်ထက်ကတည်းက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ချပေးထားခဲ့ခြင်းဖြစ်သော်လည်း ရှေးဟောင်း အထိမ်းအမှတ်တည်ရှိရာဇုန်ထဲတွင် ရောက်ရှိနေသဖြင့် ၎င်းလုပ်ငန်းရှင်များလည်း နစ်နာမှုမရှိစေရန် အခြားနေရာများတွင် အစားပေးသင့်ကြောင်း အကြံပြုသည်။
ယနေ့ခေတ်တွင် ပုဂံဒေသအခက်အခဲများကို ဖြေရှင်းရန် အုပ်ချုပ်ရေးပိုင်းမှ ဆယ်ဦးကော်မတီဖွဲ့ထားသည်။ ထိုဆယ်ဦး ကော်မတီအနေဖြင့် လောလောဆယ်တွင် ဟိုတယ်လုပ်ငန်းများ ကို စိစစ်ဆဲသာဖြစ်ပြီး ဘုရားသိမ်းထားသည့် ကိစ္စများတွင်လည်း အုပ်ချုပ်ရေးပိုင်းမှ စဉ်းစားသုံးသပ်နေကြကြောင်းသာ ဆိုသည်။
ဥပဒေပြုရေးဘက်တွင်လည်း ညောင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်အား ယခုကိစ္စများကို လွှတ်တော်တွင် မေးမြန်းဆွေးနွေးရန်ရှိပါသလားဟု မေးမြန်းရာ “လူကြီးတွေကို အားနာတယ်လေ။ လူကြီးတွေကောင်းမယ်ထင် လို့ လုပ်ခဲ့တာ၊ လွှတ်တော်မှာ တရားဝင်မေးဖို့တော့မရှိပါဘူး”ဟု ဖြေကြားခဲ့သည်။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတို့က မီးစိမ်းမပြသည့်အခါ ပုဂံဒေသအတွက် တရားစီရင်ရေးသည် အသက်မဲ့နေသည်။ ယခု အချိန်တွင်တော့ ယင်းကိစ္စနှင့် ပတ်သက်၍ မဏ္ဍိုင်သုံးရပ်လုံး တိတ်ဆိတ်နေသလိုဖြစ်နေသည်။
ယခုပြဿနာအချို့ကို ပြည်တွင်းရှိ သတင်းစာ၊ ဂျာနယ် အချို့ကလည်း ရေးသားခဲ့ဖူးသည်။ သို့သော်စတုတ္ထမဏ္ဍိုင်၏ ကလောင်သွားသည် ဧရာဝတီမြစ်ရေပြင်တွင် အရုပ်ရေးသကဲ့သို့ သာ ဖြစ်ခဲ့ရသည်။ ထိထိရောက်ရောက်မရှိခဲ့။
ယခင်အချိန်က ပုတတ်လိုက်ရင်း ပုတတ်ဝင်သွားသည့် ကျင်းကိုပင် မတူးဆွခဲ့သည့် ပုဂံသားတို့၏ ပုဂံမြေသည် ယခုအခါ တွင် စက်ယန္တရားကြီးများသုံး၍ တူးဆွခြင်းကိုခံနေရပြီ။ တစ်မြို့ လုံး အနှံ့အပြားရှိနေသည့် အုတ်ကျိုးအုတ်ပဲ့တစ်ချပ်ကိုပင် အသုံး မပြုခဲ့သည့် ပုဂံသားတို့၏ ပုဂံမြေသည် ပုဂံသားတို့၏ရှေ့တွင်ပင် မြေတူးစက်ကြီးများ၏ အသွားအောက်အုတ်ရိုးတို့ တဖွားဖွား လွင့်စဉ်နေရပြီ။ အရိမဒ္ဒနပူရမည်သော ပုဂံပြည်၏တံခါး၀ လောက နန္ဒာဆိပ်ကမ်းသည် စီးပွားရေးသမားတို့၏ မတော်လောဘ ကြောင့် ပြိုစပြုနေပြီ။
ပုဂံပြည်၏ ပြည့်ဦးကင်းနှင့်တူသော ဥမင်လိုဏ်တို့သည် အခြိမ်းခြောက်ခံနေရလေပြီ။ ပြည့်ဝမ်းနှင့်တူသော ပုဂံမြေသည် လည်း ကုတ်ဆွတူးဖော်ခြင်းခံနေရလေပြီ။ ပြည့်တံခွန်နှင့်တူသော စေတီပုထိုးတို့ကိုလည်း သိမ်းယူခြင်း၊ အဂါရဝအမှုများ ပြုလုပ်၍ အလှဲခံနေရလေပြီ။
သို့သော်ဦးဇော်ဝင်းချိုနှင့် ပုဂံဒေသခံအချို့တို့ကတော့ ယခုလို အားတင်းရင်း ပြောသည်။
“ငါတို့ကတော့ တာဝန်ရှိတယ်လို့ခံယူပြီး စိတ်ဓာတ်မကျဘဲ ပြောနေကြတာ။ ပြောခွင့်ရတော့ ပြောနေရမှာပဲ။ တစ်ခါနဲ့ မရ နှစ်ခါ၊ နှစ်ခါနဲ့ မရ သုံးခါ။ တစ်ခေါက်ခေါက်တော့မိမှာပါ”
၁၉၉၈ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ အခန်း(၄)ပုဒ်မ (၆) အရဆိုလျှင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံမြင်ကွင်း၊ ပတ်ဝန်းကျင် သဘာ၀ မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု ယဉ်ကျေးမှုဝန် ကြီးဌာနက ယူဆပါက မည်သည့်အဆောက်အအုံကိုမဆို ဖျက် သိမ်းနိုင်လေသည်။
ဦးဝင်းမောင်က ယင်းဥပဒေကို ကိုးကားရင်း ယခုလိုေ၀ ဖန်သည်။
“၉၈ ဥပဒအရ အကုန်ဖျက်လို့ရတယ်။ အခု ဘာကြောင့် မဖျက်နိုင်တာလဲ။ ခြေလွန်လက်လွန်တွေ လုပ်ထားတယ်။ ဝန်ကြီးဌာနက ငွေကြေးဥစ္စာတွေကို လက်ခံပြီးတော့ လုပ်ထားတဲ့ လုပ်ငန်းစဉ်လို့ ကျွန်တော်တို့မြင်တယ်” ဟု သူက ပြောသည်။