သယံဇာတထောင်ချောက်ကို လှမ်းမြင်နေရတဲ့ ရေနံမှော်များရဲ့ ရွှေခေတ်အလွန်
နေအောင်
Myanmar Times, December 21, 2017
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရေနံမှော်လို့ခေါ်တဲ့ လက်ယက်တွင်းရေနံမြေတွေ ခေတ်စားခဲ့တာ ဆယ်စုနှစ် တစ်ခုကျော်လာခဲ့ပါပြီ။ ရေနံမှော်တစ်ခုပြီးတစ်ခု လှည့်လည်ကျက်စားကြတဲ့ ရေနံမုဆိုးတွေကြား ကြီးပွားချမ်းသာသွားသူရှိသလို ပျက်စီးဆုံးရှုံးခဲ့သူတွေလည်း အများပင်။ ရေနံမှော်တွေကြောင့် သူဌေးဖြစ်ခဲ့တဲ့ ဒေသခံတွေရှိသလို အထွက်နှုန်းလျော့ကျသွားတဲ့ ရေနံမှော်အနီးအနားမှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ ဒေသခံတွေလည်း အများသားပါပဲ။
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းက ရေနံလက်ယက်တွင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်လျှောက် ရေနံထွက်ရှိမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ မင်းလှမြို့နယ်ထဲက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကျေးရွာတချို့ဟာ ရေနံမှော်တန်ခိုးနဲ့ တစ်အိမ်ထောင် ကားတစ်စီးပိုင်ဆိုင်တဲ့အထိ စီးပွားရေးပြေလည်ခဲ့ကြပါတယ်။
မင်းလှမြို့နယ်ထဲမှာ စိုက်ပျိုးရေးလုပ်ငန်းကို ကျောခိုင်းပြီး ရေနံတူးတဲ့လုပ်ငန်းကို ဒေသခံတွေ ပြောင်းလဲလုပ်ကိုင်လာကြတာ ဆယ်စုနှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ရေနံမှော်လုပ်ငန်းရဲ့အကျိုးအမြတ်က သူတို့ရဲ့ ဝင်ငွေစီးကြောင်းကို အဆမတန် တိုးပွားကျယ်ပြန့်လာစေခဲ့တာ ဖြစ်ပါတယ်။
”အိမ်သာကျင်းတူးတာ ပေါက်ပြားသုံးလေးချက်စိုက်ရုံနဲ့ ရေနံထွက်လာရော၊ အိမ်တိုင်းမှာရေနံတွင်းတွေရှိတယ်” လို့ မင်းလှမြို့နယ် ရေနံမကျေးရွာဒေသခံတစ်ဦးက ဆိုပါတယ်။
ရေနံမကျေးရွာတစ်ခွင်လုံး သံပိုက်လုံးတိုင်တွေထောင်ထားတဲ့ ရေနံတူးစင်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ရန်ကုန်အဝင် တိုးကြောင်လေးဆက်သွယ်ရေးစခန်းကိုမြင်လိုက်ရသလို ရေနံမကျေးရွာတစ်ခွင်လုံး ထိုးထိုးထောင်ထောင် ရေနံစင်တွေ လက်ညှိုးထိုးမလွဲ တွေ့မြင်ရပါတယ်။
ရေနံအထွက်နှုန်းမြင့်မားခဲ့တဲ့ ၂ဝဝ၄ ခုနှစ် ဝန်းကျင်ကစလို့ မင်းလှမြို့နယ်ထဲက ထန်းကိုင်း၊ ရေနံမ၊ ဒဟတ်ပင်၊ ကျောက်တစ်လုံး၊ ကျောက်ထစ်စတဲ့ ရေနံမှော်တွေဆီကို အနယ်နယ်အရပ်ရပ်က သိန်းချီတဲ့ လူတွေရွှေ့ပြောင်းလာခဲ့ကြတယ်။
ရေနံမှော်လုပ်ငန်းရှင်တွေအဆိုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ မင်းလှမြို့နယ်အတွင်းက ရေနံမှော်တွေက တစ်ရက်ကို ပျမ်းမျှရေနံပီပါ ၂,ဝဝဝ ကျော် ထွက်ရှိခဲ့တယ်လို့ ဆိုကြတယ်။ ရေနံအထွက်နှုန်းကောင်းခြင်းနဲ့အတူ တိုးပွားလာတဲ့ရွှေ့ပြောင်းလုပ်သားတွေကြောင့် မင်းလှမြို့ရဲ့ ငွေကြေးစီးဆင်းမှုလည်း တစ်ရှိန်ထိုးမြင့်တက်ခဲ့ပါတယ်။
ရေနံမထွက်ခင်ကာလတွေက မိုးခေါင်ရေရှားဒေသဖြစ်တဲ့ မင်းလှမြို့နယ်မှာ မိရိုးဖလာ ပဲ၊ နှမ်းစိုက်တောင်သူတွေဟာ စားဝတ်နေရေး ဖူလုံရုံမျှသာပဲ ရှိခဲ့တာပါ။ သူတို့ရဲ့ ယာခင်းပြင်တွေ ရေနံမှော်တွေအဖြစ် ပြောင်းလဲလိုက်ပြီးချိန်မှာတော့ သူတို့ရဲ့စီးပွားရေးကလည်း ရုတ်ခြည်းဦးမော့လာခဲ့တယ်။ နှမ်းရောင်းဝယ်တဲ့ ကုန်သည်တွေလည်း ရေနံလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာခဲ့ကြတယ်။
”ထန်းကိုင်းရွာက အိမ်တိုင်းမှာ ကိုယ်ပိုင်ကားရှိတယ်၊ ဇိမ်ခံကားဆိုတာမျိုးက မှော်ထဲမှာအကြမ်းစီးကြတာ” လို့ မင်းလှမြို့ခံ ကိုမျိုးကိုက ဆိုတယ်။
ရေနံမှော်တန်ခိုးနဲ့ အကျိုးကျေးဇူးများခဲ့သူတွေထဲမှာ ဒေသခံတွေသာမက အစိုးရလူကြီးမင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မကွေးတိုင်းဒေသကြီး မင်းလှနဲ့ မြိုင်မြို့နယ်ထဲက ရေနံမှော်တွေ လုပ်ကိုင်ခွင့်ပြုရာမှာ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဆိုပြီး ကောက်ခံခဲ့ပါတယ်။
ကိုယ်ကျိုးအတွက် ရည်ရွယ်ချက်ရှိရှိ ရန်ပုံငွေကောက်ခံခဲ့ခြင်းဖြစ်တဲ့အတွက်စုံစမ်းစစ်ဆေးပေးဖို့ ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ် မေလအတွင်း အဆိုတင်သွင်းခဲ့ပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက် ရန်ပုံငွေတွေ ပြန်လည်လွှဲပြောင်းပေးဖို့ သမ္မတရုံးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကောက်ခံခဲ့တဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလျံအနက် ၁ ဒသမ ၇ ဘီလျံကို ပြန်လည်လွှဲပြောင်းပေးဖို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက သဘောတူခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်နဲ့ တာဝန်ရှိသူတွေဖော်ထုတ်နိုင်ခဲ့တဲ့ ပမာဏက ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလျံ ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း ၈,ဝဝဝ နီးပါးဖြစ်တဲ့ ဒီပမာဏဟာ ရေနံမှော်တွေရဲ့ ရွှေရောင်ခေတ်ကို လှစ်ပြနေပါတယ်။
သို့သော်လည်း ဆယ်နှစ်ကျော်လာပြီဖြစ်တဲ့အချိန်မှာတော့ မင်းလှမြို့နယ်ထဲက ရေနံမှော်တွေရဲ့ ရွှေရောင်ခေတ်ဟာ တဖြည်းဖြည်းမှိန်ဖျော့လာခဲ့ပြီဖြစ်ပါတယ်။ရေနံအထွက်လျော့နည်းလာပြီး အရင်က တစ်ရက်ကို ရေနံပီပါ ၂,ဝဝဝ ကျော် ထွက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ကစလို့ တစ်ရက်ကို ပီပါ ၈ဝဝ လောက်ပဲ ထွက်တော့တယ်လို့ ရေနံမှော်လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ရေနံမုဆိုးတွေဟာ အလားအလာကောင်းတဲ့ ရေနံမှော်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့လုပ်ကိုင်ကြပါတယ်။ ရေနံအထွက်လျော့နည်းလာတဲ့ မင်းလှရေနံမှော်တွေကို ရေနံမုဆိုးတွေ တဖြည်းဖြည်းစွန့်ခွာလာနေကြပါတယ်။ အိုမင်း ဟောင်းနွမ်းနေတဲ့ ရေနံသယ်ဟိုင်းလတ်ကားအစုတ်တွေ၊ ဈေးဝယ်သူကျဲပါးလာတဲ့ ရေနံမှော်တွေထဲက ဈေးဆိုင်တန်းတွေ၊ စားသောက်သူ မရှိသလောက်နည်းပါးလာတဲ့ မင်းလှမြို့ပေါ်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေက ရေနံမှော်တွေရဲ့ အကျဘက်ကို ဖော်ညွှန်းနေပါတယ်။
”မင်းလှရဲ့စီးပွားရေးက တော်တော်ယိုင်လာတယ်၊ မှော်တွေကအလုပ်မဖြစ်တော့ ရောင်းလို့ဝယ်လို့ အဆင်မပြေတော့ဘူး” လို့ မင်းလှမြို့က ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းက ဆိုတယ်။ ရေနံအထွက်နှုန်းကျဆင်းလာခဲ့ပြီဖြစ်တဲ့အတွက် ရေနံတူးစင်တွေကို ကျောခိုင်းရင်း ပဲ၊ နှမ်းစိုက်ဖို့ ယာခင်းတွေဘက် ခြေလှမ်းပြင်လာကြပါတယ်။
ရေနံမှော်ခေတ်ကောင်းစဉ်က ရရှိခဲ့တဲ့ငွေယားလေးတွေကို စီမံခန့်ခွဲနိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေလည်း ရှိနေပါတယ်။ မိရိုးဖလာ ယာလုပ်ငန်းလုပ်ကိုင်ရင်း လက်ဖျားငွေသီးခဲ့တဲ့ ဆယ်စုနှစ်အလွန်က ရွှေရောင်ခေတ်ကိုတော့ လွမ်းနေကြဦးမှာပါ။
ရေနံမှော်တွေရဲ့ သဘောသဘာဝအတိုင်း ခေတ်ကောင်းစဉ်မှာ မိသားစုဝင်တိုင်းက ရွှေရောင်အိပ်မက်တွေ မက်ခွင့်ရခဲ့တယ်။ ရေနံမှော်တွေ နီးဂုံးချုပ်လာချိန်မှာတော့ အနာဂတ်ရည်မှန်းချက်က မရေရာမှုတွေနဲ့ပါ။
”ရွာမှာတချို့က ကားတွေပြန်ရောင်းကုန်ပြီ။ တိုက်တွေဘာတွေနဲ့ဖြစ်လာတယ်။ ကောင်းကောင်းသုံးနိုင်၊ စားနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုယာပဲပြန်စိုက်ကြရတော့မယ်” လို့ ဒဟတ်ပင်ကျေးရွာက ကိုစိုးသူက ပြောပါတယ်။
ရေနံထွက်ရှိစဉ်က တစ်ရက်ကို ဝင်ငွေသိန်းနဲ့ချီခဲ့တဲ့အတွက် ပဲစိုက်စိုက်နှမ်းစိုက်စိုက် ရတဲ့ဝင်ငွေက သူတို့အတွက် မက်လောက်စရာ မဟုတ်နိုင်တော့ပါဘူး။”အရင်က တစ်ပတ်စာဝင်ငွေကို အခုတော့ တစ်နှစ်လုံး ပဲနှမ်းစိုက်ပြီး ရှာရတော့မယ့် အနေအထားရောက်နေပြီ” လို့ ကိုစိုးသူက ညည်းတွားပါတယ်။
”ကျွန်တော်တို့ဆီမှာ ရေနံထွက်ပြီဆိုကတည်းက ငွေမရှားတော့ဘူး၊ အရင်က နှစ်ပြားတစ်မူးခွာသုံးနေရတဲ့ အထဲမှာ အခုလိုပေါပေါသီသီသုံးရတာ အဆင်ပြေတာပဲ။ ဒါပေမဲ့ အခု(ရေနံ)အထွက်နှုန်းလျော့ပြီး ရေနံတွင်းတွေ ကန်းသွားတော့ ယာပြန်လုပ်ပေါ့၊ ဒါပဲလုပ်တတ်တာကိုး” လို့ မင်းလှမြို့နယ် ဒဟတ်ပင်ကျေးရွာက ဦးဇော်မြင့်မောင်က ဆိုပါတယ်။
မင်းလှမြို့နယ်အတွင်းမှာ လုပ်ကိုင်ခဲ့ကြတဲ့ နယ်လှည့်ရေနံမုဆိုးတွေ ယခုနှစ်အတွင်းမှာ ပြောင်းရွှေ့ကျက်စားလာတဲ့ နောက်ထပ် ရေနံမှော်တစ်ခုကတော့ မကွေးတိုင်းဒေသကြီး အနောက်မြောက်ခြမ်း ပေါက်မြို့နယ်ထဲက လယ်အိုရေနံမှော် ဖြစ်ပါတယ်။
ပေါက်မြို့နယ် လယ်အိုရေနံမှော်နဲ့ မြိုင်မြို့နယ်အတွင်းက ဆူးဝင်းနဲ့ ဝယ်တောင် ရေနံမှော်တွေဟာ နယ်လှည့်ရေနံမုဆိုးတွေကို ဖိတ်ခေါ်နေပါတယ်။ အဲဒီရေနံမှော်တွေရဲ့ လက်ရှိအထွက်နှုန်းက တစ်ရက်ပီပါအလုံးရေ ၈,ဝဝဝ လောက်ရှိပါတယ်။ ရေနံမုဆိုးတစ်သိန်းကျော်လောက် ပြောင်းရွှေ့လာပြီ ဖြစ်ပါတယ်။
မြိုင်မြို့နယ်ထဲက ဝယ်တောင်ကျေးရွာအနီးဝန်းကျင်တစ်ဝိုက်မှာ ၁၉၉၅ ခုနှစ်လောက်ကတည်းက ရေနံတူးဖော်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ မြိုင်မြို့နယ်အတွင်းက တခြားရေနံမှော်တစ်ခုဖြစ်တဲ့ ဆူးဝင်းကျေးရွာမှာတော့ ၂ဝ၁ဝ ပြည့်ဝန်းကျင်က ရေနံမှော် စဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်နဲ့ မြိုင်မြို့နယ်အတွင်း ရေနံမှော်တွေမပေါက်ခင်က ဒေသခံအများစု ဖျာရက်တာ၊ တောင်းရက်တာ စတဲ့အလုပ်တွေကိုပဲ လုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့နေ့စဉ်ဝင်ငွေက ကျပ် ၂,ဝဝဝ ခန့်သာ ရှိခဲ့ပေမဲ့ ရေနံမှော်အားကောင်းလာတာနဲ့အမျှ ဒေသခံတွေရဲ့ နေ့စဉ်ဝင်ငွေလည်း တိုးလာခဲ့ပါတယ်။
”တော်တော်ဆင်းရဲကြတယ်။ ဝတ်တဲ့အင်္ကျီတောင် တစ်ထည်က နှစ်ထည်မရှိဘူး။ အခုကတော့ တစ်နေ့ကို တစ်သောင်းနဲ့ တစ်သောင်းခွဲကြားမှာ အနည်းဆုံးရကြတယ်” လို့ ဒေသခံဦးသန်းမြင့်က ပြောပါတယ်။
”ဝယ်တောင်မှာ ရေနံထွက်တာကြာနေပြီ၊ အခုသိပ်မထွက်တော့ဘူး၊ လယ်အိုဘက်မှာတော့ လျှံကျင်းတွေ ပေါက်နေတော့ အားလုံးကအဲဒီကို အာရုံစိုက်နေကြတယ်။ ဝယ်တောင်က တချို့ကတော့ တိုက်ကြီးဆောက်ပြီးမှ ရေနံထပ်မရတော့လို့ အကြွေးနွံထဲပြန်ရောက်သွားတယ်” လို့ မကွေးတိုင်းဒေသကြီး EITI ဆိုင်ရာ စောင့်ကြည့်အဖွဲ့ပေါက်မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းဦးက ပြောပါတယ်။
ရေနံမှော်တစ်ခု အထွက်လျော့သွားရင် တခြားတစ်နေရာကို ပြောင်းရွှေ့လုပ်ကိုင်ကြတာဟာ ရေနံမုဆိုးတွေရဲ့ သဘာဝပါပဲ။ နယ်လှည့်ရေနံမုဆိုးတွေအတွက် ထူးမခြားနားဆိုပေမဲ့ ဒေသခံတွေအတွက်တော့ ရေနံမှော်တစ်ခုရဲ့သက်တမ်းက ဘဝအပြောင်းအလဲကို ဖန်တီးနိုင်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ၊။
ဆယ်စုနှစ်တစ်ခုအတွင်း ရေနံမှော်အများစုက ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဆင်းရဲနိမ့်ပါးရာ နေရာဒေသတွေမှာ ပေါ်ထွက်ခဲ့တယ်။ ဒေသခံတွေအတွက် တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့ နေ့စဉ်ဝင်ငွေကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ အထွက်နှုန်းလျော့ကျလာတဲ့ ရေနံမှော်တွေတစ်ခုပြီးတစ်ခု ရှိလာသလို သိန်းနဲ့ချီတဲ့ ရေနံမုဆိုးတွေကို ထမ်းပိုးထားဆဲရေနံမှော်တွေလည်းရှိနေဆဲပါပဲ။
ရေနံမှော်တွေရဲ့ အတက်အကျက ဒေသခံတွေရဲ့ဘဝကိုလည်း အပြောင်းအလဲဖြစ်စေပါတယ်။ ရေနံမှော်ခေတ်ကောင်းစဉ်မှာ ရရှိခဲ့တဲ့ငွေကြေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ဖို့၊ တခြားအကျိုးအမြတ်ရှိရာ လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ဖို့ဆိုတာ ဒေသခံတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။
”တစ်သက်လုံး ယာပဲလုပ်ခဲ့ကြတာ။ လက်ထဲငွေရှိလာရင်လည်း ဘာဆက်လုပ်တတ်မှာလဲ၊ သားပျိုသမီးပျိုရှိတဲ့ အိမ်တွေဆို ကလေးတွေ သုံးဖြုန်းတာနဲ့ အကြွေးတောင်ပြန်တင်တယ်” လို့ လက်ရှိ ရင်ဆိုင်နေရတဲ့ သူတို့ရဲ့ အတွေ့အကြုံကို မင်းလှမြို့နယ်၊ ဓာတ်ကုန်းကျေးရွာသူဒေါ်သန်းမြင့်က ပြောပြတယ်။
ရေနံလို သဘာဝသယံဇာတတွေဟာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေဖြစ်ပေမဲ့ ရရှိတဲ့ ဝင်ငွေကို စီမံခန့်ခွဲနိုင်မှု အားနည်းခဲ့ရင်တော့ တိုင်းပြည်ဟာ သယံဇာတထောင်ချောက်အတွင်း ကျရောက်နိုင်တယ်လို့ Natural Resource Governance Institute (NRGI) အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ သဘာဝသယံဇာတကျင့်ထုံးအသုံးချရေး အစီအစဉ်စာတမ်းမှာဖော်ပြထားပါတယ်။
”သယံဇာတပေါကြွယ်ဝတဲ့ဒေသတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ သယံဇာတကုန်သွားရင် အဲဒီလူ့အဖွဲ့အစည်းက တော်တော်လေးဆုတ်ယုတ်သွားတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အဲဒီလိုမဖြစ်အောင် သယံဇာတ က ဝင်ငွေတွေအများကြီးဝင်တဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးကို ဖြန့်လိုက်တယ်၊ စိုက်ပျိုးရေးလိုကဏ္ဍတွေမှာ ဖွံ့ဖြိုးဖို့ ကြိုတင်စီစဉ်လေ့ရှိတယ်။ တကယ်လို့ သယံဇာတကုန်သွားရင် စိုက်ပျိုးရေးကဏ္ဍမှာ အဆင်သင့်ဖြစ်နေတယ်” လို့ NRGI (Myanmar) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဟိုဆာနာချေးက ဆိုပါတယ်။
ရေနံမှော်ခေတ်ကောင်းစဉ်က ရရှိတဲ့ဝင်ငွေတွေကို စိုက်ပျိုးရေးလို မူလလုပ်ငန်းတွေမှာ ကြိုတင်ရင်းနှီးမြှုပ်နှံထားပြီး မူလလုပ်ငန်းတွေကို ပိုမိုအားကောင်းဖွံ့ဖြိုးအောင် စီမံခန့်ခွဲနိုင်ဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။
ရေနံမှော်ခေတ်ကောင်းချိန်မှာ အသေးစားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ဒေသခံတွေကို တိုက်တွန်းပါတယ်။
”အဓိကတော့ ကိုယ်ကျွမ်းကျင်ရာမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံကြမယ်ဆိုရင် အကျိုးအမြတ်ရှိမယ်ထင်ပါတယ်။ မင်းလှဘက်ကလူတွေ သိပ်ပြီးအဆင်မပြေတော့ဘူးဆိုတာမျိုးတွေ ကြားရတယ်။ ရေနံလုပ်ငန်းမှာ သိန်း လေးငါးရှစ်ဆယ်ရင်းမှ လေးငါးခြောက်သိန်းလောက်ပဲ ကျန်တယ်ဆိုတာမျိုး ကြားရတယ်။ ရေနံကတော့ နည်းနည်းရှားပြီပေါ့” လို့ ဦးထွန်းထွန်းက ပြောပါတယ်။
လက်ဖျားငွေသီးစေခဲ့တဲ့ ရေနံမှော်အများစုဟာ နေဝင်ချိန်ကို ရောက်လို့လာပါပြီ။ ရေနံမုဆိုးတွေရဲ့ အားတက်သရော ခြေလှမ်းတွေ နှေးကွေးလေးလံလာသလို ဒေသခံတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေလည်း တဖြည်းဖြည်း မှေးမှိန်လာနေပါပြီ။ ရေနံမှော်တွေရဲ့ နေဝင်ချိန်နဲ့အတူ သယံဇာတထောင်ချောက်အတွင်း ကျဆင်းလာမယ့်သူတွေကတော့ အနည်းနဲ့အများ အသေအချာပါပဲ။