စဉ့်အိုးတန်း ဆိပ်ကမ်းက အလောင်းစည်သူ
သက်ဦးမွန်
လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ခန့်။ ရန် ကုန်မြစ်နံဘေးရှိ စဉ့်အိုးတန်းဆိပ်ကမ်း၌ ဖြစ်သည်။ ဆိပ်ခံဘောတံတားထိပ်တွင် လူတွေဝိုင်းအုံနေကြသည်။ ဝိုင်းအုံနေရ သည့်အကြောင်းက ဆိပ်ကမ်းမှာ ပစ္စည်း လာချသည့်တက္ကစီသမားတစ်ဦး ကား ပေါ်တွင် သေဆုံးနေသောကြောင့်ဖြစ်၏။ သေသူ၏ နား၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး တို့မှ သွေးများထွက်နေသည်။
အလောင်းကိုဆေးရုံသို့ပို့ရမည်ဖြစ်သည်။ သို့သော်ကိုင် မည့်သူတစ်ယောက်မှ မရှိ။ ရဲတွေကလည်း အလောင်းကိုင်မည့် သူ လိုက်ရှာနေကြသည်။ ထိုအချိန် လူအုပ် ကြားထဲမှ အသံတစ်သံ ထွက်လာသည်။
”အလောင်းကို ကျွန်တော်ကိုင် ပေးမယ်”
သူရဲကောင်းတစ်ဦးပေါ်ထွန်းလာသလို ထိုသူက လူအုပ် ကြားထဲ ထင်ထင်ရှားရှားဖြစ်သွားသည်။ အသံပိုင်ရှင်ကို ကြည့် လိုက်သောအခါ မည်းမည်းပိန်ပိန်၊ လက်ပြင်ကိုင်းကိုင်းနှင့် လေ တိုက်လျှင် လဲတော့မည့်ပုံ။ ထိုသူကအလောင်းကို ကိုင်ပေးရသည့် အတွက် သူ့ကိုအခွင့်အရေးတစ်ခုပေးရန် ရဲကိုတောင်းဆိုလိုက် သည်။ ရဲတစ်ဦးက ”ပိုက်ဆံလိုချင်လို့လား” ဟု မေးသည်။
သူလိုချင်သည်က ပိုက်ဆံ မဟုတ်။
သူ့ကို စဉ့်အိုးတန်းဆိပ်ကမ်းတွင် လွတ်လွတ်လပ်လပ် အိပ်ခွင့်ပေးရန်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆိပ်ကမ်းကို အိမ် လုပ်နေရသောသူက ရဲဖမ်းမှာကြောက်သောကြောင့် နေ့စဉ်ဆိပ် ခံဘောတံထားထဲတွင် အိပ်နေရသည်။ ထိုထဲတွင် အေးလည်း အေးသည်။ အနံ့အသက်ကလည်းမကောင်း။ ခြင်လည်း အတော် ကိုက်ခံရသောကြောင့် မအိပ်ချင်တော့။ ဒါကြောင့် ဆိပ်ကမ်းပေါ် တွင် လွတ်လွတ်လပ်လပ်နေခွင့် အိပ်ခွင့်ရချင်သည်ဟု ရဲကို အသနားခံတောင်းဆို၏။
ရဲများက သဘောတူသည်။ သို့သော် ”မင်း မခိုးနဲ့၊ မဝှက်နဲ့၊ မလိမ်နဲ့။ အဲဒါဆိုရင် ဒီကမ်းနားမှာ စဉ့်အိုးတန်းနဲ့ ဝါးတန်းလမ်း အထိ ကြိုက်သလိုနေ”ဟုဆိုကာ ထိုသူ၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။ လက်ခံလိုက်သည်နှင့် တက္ကစီပေါ်မှ အလောင်း ကို ကိုင်တွယ်ပွေ့ချီကာ ဆိုက်ကားပေါ်သို့တင်ပြီး ဆေးရုံသို့ ပို့ပေး လိုက်သည်။
ထိုအချိန်မှစ၍ ဆိပ်ကမ်းနားတွင် ရေပေါ်ပေါ်လာသည့် အလောင်းများ၊ အကြောင်းအမျိုးမျိုးကြောင့် ကမ်းနားဝန်းကျင် တွင် သေဆုံးသူများ၏ ကျန်ရစ်သောရုပ်ကလာပ်မှန်သမျှကို ကိုင်တွယ်ထုပ်ပိုး၊ ထမ်းတန်ထမ်း၊ ပွေ့တန်ပွေ့ကာ ဆေးရုံသို့ အရောက် ပို့ဆောင်ပေးသည့်အလုပ်ကို သူတာဝန်ယူ ဆောင်ရွက် ရတော့သည်။
ရဲတွေကလည်း အလောင်းတစ်လောင်းတွေ့သည်နှင့် သူ့ကိုပဲ သတိရကြပြီး ခေါ်တာကြောင့်လည်းပါသည်။ ယနေ့ အချိန်ထိ သူသယ်ယူ၊ ဆယ်ယူရသည့် အလောင်းများက နှစ်ရာ နီးပါးရှိပြီဟု ရဲတစ်ယောက်က သူ့ကိုပြောဖူးသည်ဟု ဆိုသည်။ ထိုသူ့ကို ရင်းနှီးသူများက ဘယ်လက်သန်သဖြင့် ဘယ် ကျော်ဟုခေါ်ကြသည်။ အမည်ရင်းကတော့ ချစ်ဦးဝင်းဆိုသူပင် ဖြစ်သည်။ သူ့အမည်ရင်းကိုမေးလျှင် ဆိပ်ကမ်းတွင် မည်သူမှ သိ မည်မဟုတ်။ ဘယ်ကျော်ဆိုလျှင်တော့ စဉ့်အိုးတန်းဆိပ်ကမ်း တစ်ဝိုက်က အကုန်သိကြသည်။ ဒါ့အပြင် နောက်ထပ်နာမည် ပြောင်တစ်ခုလည်းရှိသေးသည်။ အလောင်းဆယ်သည့် အလုပ် ကို လုပ်ကိုင်သည့်အတွက် ရင်းနှီးသူများက သူ့ကို အလောင်းစည်သူ ဟုခေါ်လေ၏။
သူသည် ဤဆိပ်ကမ်းသို့ ဆယ်နှစ်ကျော်အရွယ်ကတည်းက ရောက်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆိပ်ကမ်းက သူ့အတွက် အိမ်ဆိုလည်းဟုတ်သည်။ လုပ်ငန်းခွင်ဆိုလည်းမမှား။ သည်မှာ အလုပ်လုပ်၊ သည်မှာအိပ်၊ သည်မှာစားကာ သည်နေရာမှာ သူ့ ဘဝအချိန်တော်တော်များများ ကုန်လွန်ခဲ့ရသည်။ သူ့အလုပ်က ကုန်ထမ်းသည်။ အလောင်းဆယ်သည်။ ထိုအချိန်ကတော့ ရလာ သည့်ငွေနှင့် သောက်လိုက်စားလိုက်။ အလောင်းတွေ့ရင်လည်း ဆင်းဆယ်လိုက်နှင့် သံသရာလည်နေ၏။
အလောင်းဆယ်သည့်အချိန်က သတ်သတ်မှတ်မှတ်မရှိ။ တွေ့သည့်အချိန် သူက ဆယ်သည်။ တစ်ခါတလေ တစ်နေ့တည်း သုံး၊ လေးလောင်းဆယ်ရသည်။ အရက်ကလေးသောက်ထား တော့ မာန်ကလေးက ကြွသည်။
အသက်ရှင်နေသူ လူတစ်ဦးထက် သေသူတစ်ဦးက ပိုလေး သည်။ ထိုသို့လေးသောအလောင်းများကို မ,ရသည်မှာ လွယ်ကူ သည့်အလုပ်တော့မဟုတ်ပါ။ အရက်သောက်ထားသည့်အရှိန် ကြောင့်သာ အလောင်းကိုနိုင်အောင် မ,နိုင်ခြင်းဖြစ်သည်ဟု ဘယ်ကျော်က ဆိုသည်။
သူကိုင်တွယ်ခဲ့သည့်အလောင်းများက ရေထဲမှဆယ်ရတာ ပိုများသည်ဟု ဘယ်ကျော်ကဆိုသည်။ ရန်ကုန်မြစ်ထဲ အလောင်း တစ်လောင်းတွေ့သည်နှင့် သူလည်း ရေထဲဆင်းကာ ကြိုးနှင့် ချည်သည်။ ပြီးလျှင်ကြိုးတစ်စကို သမ္ဗာန်တွင်ချည်ပြီး အလောင်း ကို ကုန်းပေါ်သို့ဆွဲတင်ရသည်။ ကုန်းပေါ်ရောက်သည်နှင့် တာ လပတ်နှင့်ထုပ်ပိုးကာ အဆင်ပြေရာ ဂါလီ သို့မဟုတ် ဆေးရုံကား နှင့် ဆေးရုံသို့ ပို့ဆောင်ရသည်။
အလောင်းတွေအများစုက ယောကျ်ားများဖြစ်သည်ဟု ဘယ်ကျော်ကဆိုသည်။ ရေပေါ်တွင် မိန်းမနှင့် ယောကျ်ားက ကွာ သည်။ ရေပေါ်တွင်ယောကျ်ားကမှောက်လျက်၊ မိန်းမကပက်လက် ပေါ်သည်ဟု ဘယ်ကျော်က သူ့အတွေ့အကြုံအရ ပြောပြသည်။
သူအလောင်းဆယ်ခဲ့ရသည့်အတွေ့အကြုံများကို ပြန် လည်ပြောပြနေသည့် ဘယ်ကျော်တစ်ယောက် ကွမ်းလေးဝါး လိုက်၊ ကွမ်းတပျစ်ပျစ်ထွေးလိုက်နှင့် သူလက်ရှိ အတူနေထိုင်နေ သော မွေးစားမိဘတွေ ဖွင့်ထားသည့် ထမင်းဆိုင်တွင် ထိုင်ရင်း သူ့ဘဝအကြောင်း ပြောပြနေခြင်းဖြစ်သည်။
လက်ရှိသူ့ပုံစံက ဝဝလုံးလုံးနှင့် အရပ်က ပုပြတ်ပြတ်။ အသားအရောင်က အညိုထက် အမည်းဘက်ကဲသည်။ ပါးဖောင်း ဖောင်းနှစ်ဖက်မှာ အဝါရောင်သနပ်ခါး ပါးကွက်ကြီးနှစ်ခုက ထင်ထင်ရှားရှား။
လက်နှစ်ဖက်စလုံးနှင့် ရင်ဘတ်တွင် ဆေးမင်ကြောင်တွေ လည်း ထိုးထားသည်။ အရက်သမားဘဝက ထိုးထားခြင်းဖြစ် သည်။ ညာဘက်လက်တစ်လျှောက်ထိုးထားသည်က လက်မောင်းထိပ်တွင်သူ့နာမည်’ချစ်ဦးဝင်း’၊ ထိုအောက်တွင် ‘ကိုကျော် မင်း ခိုင်၊ မမြင့်အေး’။ ထိုစာလုံးများကို အသည်းပုံခပ်ရှည်ရှည်နှင့် ပတ်ထားသည်။ သူ၏ ဒုတိယမြောက် မွေးစားအဖေနှင့် အမေ နာမည်များ ဖြစ်သည်။ လက်ရှိ သူဝိုင်းလုပ်ဝိုင်းစား လုပ်ကိုင်နေ သည့် ထမင်းဆိုင်ပိုင်ရှင်များဖြစ်သည်။
ထိုအောက်တွင်တော့ လက်မောင်းကိုပတ်ထားသည့် သူ၏ပထမဆုံးမွေးစားအမေ ‘အမေမိကိုချစ်သည်’စာတန်း၊ ထိုအောက် တွင် အသည်းပုံသေးသေးလေးထဲ၌ ‘ချစ်မေမေ’ဆိုသည့်စာ၊ အောက်ကိုထပ်ဆင်းတော့ တံတောင်ဆစ်အောက်မှ လက် ချောင်းတွေအထိ မည်းမည်းဝိုင်းဝိုင်းများ၊ လေးထောင့်များ တွန့် လိမ်နေသောမျဉ်းများနှင့် ရှုပ်ရှုပ်ထွေးထွေး။
ဘယ်ဘက်လက်တွင်လည်း လက်မောင်းမှလက်ဖမိုးအထိ ကနုတ်ပန်းများလက်တစ်ချောင်းလုံးအပြည့်ထိုးထားသည်။ လက်ဖဖိုးမှစ၍ လက်ကောက်ဝတ်အကျော်တွင်ဆုံးသည့် ‘မေ မေ’၊ ‘ဖေဖေ’ဆိုသည့် စာလုံးခပ်ကြီးကြီးတစ်လုံးလည်းပါသည်။ လည်ပင်းဘယ်ဘက်ခြမ်းတွင်လည်း နှုတ်ခမ်းပုံတစ်ခု။
စကားပြောနေရင်း ဈေးဝယ်သူလာသောကြောင့် ထမင်း ထရောင်းသေးသည်။ ပြန်လာတော့ လည်ပင်းမှာရွှေဆွဲကြိုး ခပ် ကြီးကြီးတစ်ကုံးဝတ်လာသည်။ မွေးစားအမေက ဆင်ထားခြင်း ဖြစ်သည်ဟု သူကဆိုသည်။ နေ့လယ်ဆို ထမင်းရောင်းနေရင်း ဝတ်ခိုင်းသည်။ ညဆိုလျှင် သူ့အမေက ပြန်သိမ်းထားသည်ဟု ဆို ပါသည်။
ဆိပ်ကမ်းမို့ အသံတွေက ဆူညံနေသည်။ ကုန်တင်ကုန်ချသူ များ၊ ဈေးရောင်းဈေးဝယ်များ၊ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ် သို့ ပြေးဆွဲသည့်သမ္ဗာန်များ၏စက်သံများဖြင့် ဆူညံပွက်လော ရိုက်နေသည်။ နေ့လယ်ထမင်းစားချိန်မို့ ဆိုင်က လူကျသည်။ မိုးကလည်း ခပ်ဖွဲဖွဲကျလာသည်။ ခဏစကားပြောလိုက် သူက ဈေးထရောင်းလိုက်နှင့် ဖြစ်နေသည်။
စကားကောင်းနေတုန်းကျန်ခဲ့ရသည့် ကျွန်တော့်မှာ ဆန့် တငင်ငင်။ သူ့ဘဝအကြောင်းကလည်း သိပ်ကို စိတ်ဝင်စားဖို့ ကောင်းသည်။ ဆိပ်ကမ်းမှာ ဆွေမရှိ၊မျိုးမရှိ တစ်ကောင်ကြွက် သမားဘယ်ကျော့်အကြောင်းကို ကမ်းနားတွင် သိကြသည်က အလောင်းဆယ်သူ၊ ကုန်ထမ်းသမား၊ အရက်သမား၊ လေလွင့်နေ သည့်လမ်းပေါ်က ကောင်လေးတစ်ယောက်အဖြစ်သာ။
တကယ်တမ်း သူ့ဘဝဖြစ်စဉ်တစ်လျှောက်လုံးကို နှိုက်နှိုက် ချွတ်ချွတ် မေးမြန်းသည့်အခါမှာတော့ သူဖြတ်သန်းလာခဲ့ရသည့် လမ်းက ဆိပ်ကမ်းကဘဝထက်ပင် ကြမ်းတမ်းနေသေးသည်ကို သိခွင့်ရခဲ့လေသည်။
ငယ်ဘဝ ချစ်ဦးဝင်း
ဘယ်ကျော့်ဇာတိက မအူပင်မြို့နယ်၊ မြစ်တစ်ဖက်ကမ်းရှိ တစ်လုတ်လပ်ကျေးရွာကဖြစ်သည်။ မွေးချင်းမောင်နှမငါးဦးရှိပြီး သူက အကြီးဆုံးသား။ သူ့အဖေက အုန်းပင်တက်သည့်အလုပ်ဖြင့် မိသားစုကိုရှာဖွေကျွေးမွေးသည်။ မိသားစုများသည့်အတွက် အုန်းပင်တက်ရသည့်ဝင်ငွေက မလောက်င။ တစ်ခါတလေ ထမင်းတောင်နပ်မမှန်။ ကျပ်ကျပ်တည်းတည်း နေထိုင်ခဲ့ရသည်။ ကျောင်းလည်း မနေခဲ့ရ။ ဘုန်းကြီးကျောင်းတွင်တော့ ရေးတတ် ဖတ်တတ် နှစ်နှစ်ခန့် နေခဲ့ဖူးသည်။
အဖေဖြစ်သူက အရက်၏ကျေးကျွန်။ နေ့စဉ် အလုပ်မှ ပြန် လာတိုင်း မူးလာတတ်သည်။ မူးပြီဆိုလျှင်လည်း သွေးကဆိုး သည်။ မူးနေချိန် သူ့မျက်စိရှေ့ ထော်လော်ကန့်လန့်တစ်ခုခု တွေ့ ပါက မိန်းမဖြစ်သူကိုလည်း ရိုက်၊ သားသမီးတွေကိုလည်း ရိုက် နှက်တတ်သည်။
ဘယ်ကျော်ဆို သူ့အဖေမူးလာပြီဆိုလျှင် နေစရာနေရာမရှိ တော့။ အိမ်မှာရှိသော အလုပ်တွေကို အပြစ်ပြောစရာမရှိအောင် လုပ်ကိုင်ထားတတ်သည်။ သို့ပေမဲ့ အရိုက်ခံက မလွတ်။ စိတ်တိုင်း မကျလျှင်ရိုက်တော့သည်။ ရိုက်တာမှ သူများနှင့်မတူ။
”အပင်မှာကြိုးတုပ်တယ်။ လက်နှစ်ဖက်ကိုကြိုးတုပ်၊ ခြေ ထောက်ကို ကြိုးတုပ်ပြီးရိုက်တာ။ သူစိတ်ကျေနပ်မှ လွှတ်ပေး တာ”ဟု သူငယ်စဉ်က သူ့အဖေရိုက်သည့်ပုံစံကို ဘယ်ကျော်က ပြန်ပြောပြသည်။
ထို့ကြောင့်လည်း သူ အိမ်မှာမနေချင်တော့။ အသားတွေ လည်းနာလှပြီ။ အဖေဖြစ်သူကိုလည်း အရမ်းကြောက်ရသည့် အတွက် လွတ်လွတ်လပ်လပ် အိမ်နှင့်ဝေးရာကိုထွက်ပြေးချင် သောစိတ်တွေ သူ့ထံကိန်းအောင်းလာခဲ့၏။ ပထမတစ်ကြိမ် သူ အိမ်မှထွက်ပြေးဖူးသည်။ အဝေးကြီးတော့မဟုတ်။ အိမ်မှ ကား မှတ်တိုင်တစ်တိုင်စာလောက် အကွာအဝေးတွင်ရှိသော ပန်းခြံ တစ်ခုထဲသို့ဖြစ်သည်။ ပန်းခြံထဲတွင် ထမင်းမစား၊ ရေမသောက် နှင့် မနက်ကတည်းက သွားအိပ်နေခြင်းဖြစ်သည်။
နေ့လယ်ရောက်တော့ အဘိုးဖြစ်သူက တွေ့သွားပြီး အိမ် သို့ ပြန်ခေါ်လာခဲ့သည်။ ပြန်ရောက်တော့လည်း ထွက်ပြေးသော ကြောင့် အဖေဖြစ်သူ၏အရိုက်အနှက်ကိုခံရသေးသည်။ ရိုးရိုးရိုက် တာ မဟုတ်၊ သူ့ကိုကုပ်ကနေဆွဲကာ ကိုင်ပေါက်လိုက်ခြင်း ဖြစ် သည်။ ကြမ်းပြင်နှင့်ဆောင့်မိကာ မျက်ခုံးတစ်ဖက်ကွဲသွားသည်။
ထိုအရိုက်ခံရပြီးချိန်၌ ဘယ်ကျော်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက် သည်။ နောက်တစ်ခါထွက်ပြေးရင် ဘယ်တော့မှ အိမ်ပြန်မလာ တော့ဘူးဟူ၍ပင်ဖြစ်၏။ ထိုသို့ဆုံးဖြတ်ချက်ကို သူ့အမေကိုလည်း ပြောပြလိုက်သည်။
ထိုနေ့ကိုရောက်လာခဲ့လေပြီ။
တစ်နေ့တွင် ဘယ်ကျော့်ကို သူ့အဖေက အရက်ဝယ်ခိုင်း၏။ အရက်ဝယ်ပြီးပြန်အလာလမ်းတွင် သူငယ်ချင်းတွေ ကျောက်ဒိုး ပစ်နေသည်ကိုတွေ့သဖြင့် သူက ဝင်ပစ်နေသည်။ အချိန်အတော် ကြာသွားသည်။ အရက်သောက်ရန်စောင့်နေသည့် သူ့အဖေက လိုက်လာရာ ကျောက်ဒိုးပစ်နေသော ဘယ်ကျော့်ကိုတွေ့သွား၏။
သူ့ကိုကြည့်ကာ ”မင်းအိမ်ပြန်နှင့်။ ပြန်လာမှ မင်းနဲ့ငါ စာရင်းရှင်း မယ်”ဟုဆိုသည်။ ဘယ်ကျော်လည်း အရက်ပုလင်းနှင့် ပိုသည့် ပိုက်ဆံကို သူ့အဖေလက်ထဲထည့်ကာ အိမ်သို့ပြန်လာခဲ့လိုက် သည်။ အိမ်မှာလည်းတစ်ယောက်မှမရှိ။ သူ့အဖေပြန်လာရင် အရိုက်ခံရတော့မှာ မြေကြီးလက်ခတ်မလွဲ။ ဒါကြောင့် သူထွက် ပြေးဖို့ ဆုံးဖြတ်လိုက်သည်။
လက်ထဲတွင်လည်း ပိုက်ဆံက တစ်ပြားမှမရှိ။ ဒါကြောင့် အိမ်မှာရှိသည့် ဒန်ဖလားကို အဟောင်းဆိုင်တွင်သွားရောင်းရာ ငွေနှစ်ရာရ၏။ ထိုငွေနှစ်ရာကိုအိတ်ထဲထည့်ကာ အိမ်မှ သူထွက် ပြေးလာခဲ့သည်။ ပထမဆုံးသူပြေးသည်က မအူပင်မြို့ထဲသို့ ဖြစ် သည်။ သူနေသည့်တစ်လုတ်လပ်ကျေးရွာနှင့် မအူပင်မြို့က မြစ် တစ်စင်းခြားသည်။ ထိုစဉ်က တံတားမရှိသေး။ ဇက်ပေါ်တွင် ကား ကြိုကားကြားထဲဝင်ကာ လိုက်လာခဲ့သည်။
မအူပင်တစ်ဖက်ကမ်းရောက်တော့ မိုးချုပ်နေပြီ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်ပြေးလာသည့် မောင်ချစ်ဦးဝင်း ခိုက် ခိုက်တုန်လေပြီ။ ဗိုက်ကလည်းဆာလာသောကြောင့် နီးစပ်ရာ အိမ်တစ်အိမ်တွင် ထမင်းဝင်တောင်းစား၏။ အိမ်ရှင်က သူ့ကို ကြည့်ပြီး ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်သဖြင့် အကျိုးအကြောင်းမေးရာ အိမ်ကနေ သူ့အဖေရိုက်ခံရမှာ ကြောက် သောကြောင့် ထွက်ပြေးလာတာ ဖြစ်ကြောင်းပြောပြလိုက်သည်။
အိမ်ရှင်က သူ့ကို အိမ်ပြန်ပို့ပေးမည်ဟုဆိုသည်။ ထမင်းလည်း ကျွေးသည်။ ထိုအိမ်မှာပင် ညအိပ်ရသည်။ မနက်ရောက်တော့ အိမ်ရှင်က သူ့ကိုအိမ်သို့ပြန်ပို့ဖို့ လုပ်သောအခါ မောင်ချစ်ဦးဝင်းကသူ့ကိုအိမ်ပြန်ပို့လျှင် မြစ်ကိုဖြတ်သည့်အခါ ဇက်ပေါ်က ခုန်ချ မည်ဖြစ်ကြောင်း အိမ်ကို ဘယ်နည်းနဲ့မှမပြန်နိုင်ကြောင်း အကြောက်အကန်ပြောဆိုသဖြင့် အိမ်ရှင်သည် လိုက်ပို့မည့် အစီ အစဉ်ကို လက်လျှော့လိုက်ပြီး သူ့ကို အဝေးပြေးကားတစ်စီးပေါ်သို့ တင်ပေးလိုက်သည်။
ထိုစဉ်က သူ့ခေါင်းထဲတွင် ဘာမှမရှိ။ သူ့အိမ်နှင့် ဝေးရာ တတ်နိုင်သလောက် ပြေးမည်ဆိုသောအသိသာရှိသည်။ အိမ်က ထွက်ပြေးလာသည့်အတွက်လည်း စိတ်ထဲပျော်နေသည်။ သူ့ဘဝ ကြီးလွတ်လပ်သွားပြီ။ သူ့စိတ်ကြိုက် နေချင်သလို နေခွင့်ရပြီ။ အဖေဖြစ်သူအရိုက်လည်းမခံရတော့ဟူသော အတွေးတွေသာ သူ့ခေါင်းထဲရှိနေသည်။
လမ်းပေါ်က ကလေး
သူစီးလာသည့်ကားက ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးဝင်း မှာ ဂိတ်ဆုံးသည်။ ထိုစဉ်ကတော့ မည်သည့်နေရာရောက်မှန်း သူ မသိ။ ကားရပ်သည့်နေရာကို ဆင်းလိုက်ခြင်းဖြစ်သည်။
လမ်းပေါ်ကလေးဘဝ ရောက်လာတော့ အိမ်မှာနေသလို အလုပ်မလုပ်ဘဲ ထမင်းစား၍ မရတော့။ ထမင်းတစ်လုတ်အတွက် ရုန်းကန်ရတော့သည်။ ထိုကြောင့် အဝေးပြေးဝင်းထဲတွင် ဖွင့် ထားသည့် ဆိုင်များတွင် ပန်းကန်ဆေးသည်။ တောက်တိုမယ်ရ အကုန်လုပ်သည်။ သူ့ကို ပိုက်ဆံပေးရန်မလို။ ထမင်းကျွေးရင် ရပြီ။
ဝတ်ဖို့စားဖို့၊ ပိုက်ဆံရဖို့ သူမတွေး။ ထမင်းစားရလျှင် ကျေ နပ်နေသည်။ အိပ်တော့လည်း သူ့လိုလမ်းပေါ်ကလေးတွေနှင့် ကားဝင်းထဲ ကြုံရာအိပ်။ ထမင်းစားချိန်ရောက်လျှင် ဆိုင်တစ်ခုခု ကိုသွားပြီးအလုပ်လုပ်သည်။ ဒဂုံဧရာအဝေးပြေးဝင်းထဲတွင် သူ နှစ်နှစ်လောက်ကြာခဲ့သည်ဟု ခန့်မှန်းပြောပြသည်။ ထိုသို့နေ လာရင်း အဝေးပြေးဝင်းထဲတွင် နေရသည်မှာ မပျော်တော့သဖြင့် သူထွက်လာခဲ့သည်။
နောက်ရောက်သည့်နေရာက ဘုရင့်နောင်တံတားနား ဖြစ်သည်။ ထိုနေရာတွင် ပန်းရန်လုပ်သည့် အဖွဲ့တစ်ဖွဲ့နှင့်တွေ့ သည်။ ပန်းရန်ဆရာတွေက သူ့ကိုခေါ်မွေးထားသည်။ သူတို့နှင့် နေ၊ သူတို့နှင့် စား၊ ခိုင်းတာအကုန်လုပ်။ ထိုနေရာမှာလည်း သူ ကြာကြာမနေနိုင်။ ထွက်လာခဲ့ပြန်သည်။ ကြုံသည့်ကားတက်စီး လာပြီး ဆူးလေသို့ရောက်လာသည်။
ဆူးလေမှတစ်ဆင့် ထမင်းတစ်လုတ်အတွက် တောင်းရမ်း စားသောက်ရင်း သူအခြေတကျနေထိုင်နေတော့မည့် စဉ့်အိုး တန်း ဆိပ်ကမ်းသို့ရောက်လာခဲ့လေသည်။ ရောက်ခါစကတော့ ဆိပ်ကမ်းတွင်နေထိုင်ရသည်မှာ အံဝင်ခွင်ကျမဖြစ်သေး။ ထမင်း တစ်လုတ်စားရဖို့ အတော်ရုန်းကန်ရသည်။ လမ်းပေါ်ကလေး အချင်းချင်း လူကောင်ကြီးသည့်သူများက ထိုးလိုက် ပုတ်လိုက် နှင့် အနိုင်ကျင့်လည်းခံရသည်။
ကံကောင်းစွာဖြင့် သူ့ကို ကမ်းနားတွင် ကုန်ထမ်းသည့် ဒေါ်မိဆိုသည့် အမျိုးသမီးက ခေါ်ယူမွေးစားခဲ့သည်။ သူ့အတွက် ပထမဆုံးမွေးစားအမေဖြစ်သည်။ ဒေါ်မိကလည်းကမ်းနားမှာပဲ နေထိုင်သူ။ ကလေးသုံးယောက်အမေ မုဆိုးမဖြစ်သည်။ မောင်ချစ် ဦးဝင်းနှင့်ဆို လေးယောက်။ ဒေါ်မိနှင့်လိုက်ကာ ဝန်ပေါ့သည့်ကုန် များကိုကူထမ်းသည်။ ဒေါ်မိက သူ့ကိုထမင်း ကျွေးသည်။ အဝတ် အစားဆင်ပေးသည်။ စောင့်ရှောက်သည်။
ငှက်အော်စမ်းသို့ရောက်ရပြီ
ထိုသို့နေထိုင်လာရင်းသူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲ သည့် နေ့ကိုရောက်လာခဲ့လေသည်။ တစ်ညသားမှာတော့ ဆိပ် ကမ်းက ဂိုဒေါင်တစ်ခုရှေ့တွင် မွေးစားအမေဒေါ်မိနှင့်အတူအိပ် နေရင်း ရဲအဖမ်းခံရလေသည်။ (ဆိပ်ကမ်းတွင်အိပ်ခွင့်မရှိ၊ ရဲ ဥပဒေအရလည်း ညဆယ်နာရီကျော်လျှင် မှုခင်းကြိုတင်ကာ ကာကွယ်သည့်အနေနှင့် လမ်းပေါ်အိပ်သည့်သူများ မှောင်ရိပ်ခို သူများကို မသင်္ကာမှု၊ မှောင်ရိပ်ခိုမှုတို့နှင့် စစ်ဆေးမေးမြန်းခွင့် ရှိသည်။ ကောင်းကောင်းမွန်မွန် ဖြေနိုင်လျှင်တော့ အရေးမယူ။ မဖြေနိုင်သည့်အခါ ဖမ်းဆီးသည်ဟု ရဲဝန်ထမ်းတစ်ဦးက ရှင်း ပြသည်။)
ဒေါ်မိကလည်း ချစ်ဦးဝင်းကိုမဖမ်းဖို့ ရဲကို ကူပြောပေး သည်။ မရ။ စီမံချက်နဲ့ဖမ်းတာမို့ ဒေါ်မိသားနှစ်ယောက်တောင် ပါသွားသည်။ သူနှင့်ဆို လေးယောက်ပါသွား၏။ သူတို့ကို မရမ်း ကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားနားက ကလေးထိန်းသိမ်းရေး ကျောင်းသို့ အပို့ခံရသည်။ (ထိုနေရာမှာ ယခုလူမှုဝန်ထမ်းက ပိုင်သော သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဖြစ် နေပြီ။)
ထိုနေရာက စည်းကမ်းအတော်တင်းကြပ်သည်။ စားတဲ့ အချိန်၊ အိပ်တဲ့အချိန်၊ ယုတ်စွအဆုံးရေချိုးရင်တောင်မှ ပုံစံ တကျချိုးရသည်။ ခပ်ဆိုသည့်အချိန်မှာ ရေကိုခပ်ရပြီး ချိုးဆို သည့်အချိန်မှ ရေကို ကိုယ်ပေါ်လောင်းချကာချိုးရသည်။ ခပ်ဆို တဲ့ အချိန်မှာ ချိုးမိရင် အရိုက်ခံရသည်ဟု ဘယ်ကျော်ကဆိုသည်။
ထိုနေရာတွင် ပင်ပင်ပန်းပန်းတော့ သိပ်မလုပ်ရ။ ကြမ်းတိုက်ရ သည့်အလုပ်သာလုပ်ရသည်။ ခြောက်လလောက်သာ ကမ္ဘာ အေးကျောင်းတွင်နေလိုက်ရပြီး ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူး မြို့နယ်တွင်ရှိသော ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ အပို့ခံလိုက်ရသည်။ ငှက်အော်စမ်းတွင်နေရသည်က ပိုလွတ်လပ် သည်ဟု ဘယ်ကျော်ကဆိုသည်။ သို့ပေမဲ့ ထွက်ပြေး၍မရ။
”ပြန်မိရင်မလွယ်ဘူး ဖင်ပုပ်သွားမယ်။ ပေါက်တူးရိုးနဲ့ ရိုက်တာ”
ရောက်ခါစက သူထွက်ပြေးဖို့ကြိုးစားဖူးသည်။ ထိုနေ့က ထင်းခွေသည့်တာဝန်ကျသဖြင့် အပြင်ထွက်ကာ ထင်းကောက်ရ သည်။ ထင်းကောက်နေရင်း လူလစ်သည်နှင့်သူထွက်ပြေးသည်။ ပြေးလို့မလွတ်။ ပြန်မိသွားသည်။ ထွက်ပြေးသည့်အတွက် သူ့ကို ဝမ်းလျားမှောက်ခိုင်းပြီး ခါးတွေ၊ တင်ပါးတွေကိုရိုက်သည်။ ခြေ သလုံးတင်ပါးတို့တွင် အရှိုးရာတွေနှင့် အညိုအမည်းစွဲကာ ည ဘက်အိပ်ရင်တောင် ဒဏ်ရာတွေကြောင့်ပက်လက်လှန်ပြီး အိပ် လို့မရ။ မှောက်အိပ်ရသည်ဟု ထိုစဉ်က နာကျင်ခံစားခဲ့ရပုံကို ဘယ်ကျော်က ပြန်ပြောပြသည်။
”တစ်နှစ်လောက် ဒဏ်ရာမပျောက်ဘူး။ အဆောင်ဦးစီး တစ်ယောက်နဲ့ငယ်သား(လက်ထောက်အဆောင်ဦးစီး)နဲ့ နှစ် ယောက် ရိုက်တာ”ဟု သူကဆိုသည်။ ဒဏ်ရာကိုတော့ ဆရာဝန် နှင့် ဆေးကုပေးသည်။ နောက်ထပ်တော့ ထွက်မပြေးဖြစ်တော့။ တစ်ခါအရိုက်ခံရပြီးမှတ်သွားသည်။
ငှက်အော်စမ်းတွင် သူတို့လိုလမ်းပေါ်ကလေးတွေကို လက် မှုပညာတွေလည်း သင်ပေးသည်။ ဘယ်ကျော်ဆို ကားမောင်း တတ်သည်။ ဘော်လီဘောကစားတတ်သည်။ စက်ချုပ်လည်း တတ်သည်။ သို့ပေမဲ့ ထိုအလုပ်တွေကို သူလုပ်၍ အဆင်မပြေ။ အဘယ်ကြောင့်ဆိုသော် မှတ်ပုံတင်မရှိသောကြောင့် ကား မောင်းမည်ဆိုလျှင်လည်း လိုင်စင်လုပ်မရဟု သူက ဆိုသည်။
ငှက်အော်စမ်းတွင်နေရင်းသူ့အတွက် မျက်ရည်ကျခဲ့၊ ဝမ်းနည်းရသောအချိန်တွေလည်းရှိခဲ့သည်။ မိဘကို လွမ်းဆွတ်သတိ ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံ မိဘရှိသည့်ကလေးများကို သူတို့ မိဘတွေက လာတွေ့ကြသည်။ ဘယ်ကျော့်ကို လာတွေ့မည့်သူ မရှိ။ ထိုမြင်ကွင်းတွေ တွေ့ရသည့်အခါ သူဝမ်းနည်းရသည်။ ငိုခဲ့ ရသည်။
ငှက်အော်စမ်းတွင် ပျော်တစ်လှည့် မပျော်တစ်လှည့် နေ ထိုင်ရင်း အသက် ၁၈ နှစ်ပြည့်သည့်အခါ ထွက်လာခဲ့သည်။ စဉ့် အိုးတန်း ဆိပ်ကမ်းသို့ပြန်လာခဲ့သည်။ ထိုနေရာမှာ ကုန်ထမ်းရင်း အသက်မွေးသည်။ ဒီတစ်ခါတော့ သူရှောင်တတ်၊ တိမ်းတတ် လာသည်။
ရဲဖမ်းမည်ကြောက်သောကြောင့် ဆိပ်ကမ်းပေါ်တွင် သူ မအိပ်ရဲတော့။ ဆိပ်ခံဘောတံတားထဲတွင် ပုန်းလျှိုးကွယ်လျှိုး အိပ်ရသည်။ သူ့မွေးစားအမေ ဒေါ်မိလည်းမရှိတော့ အသက် အရွယ်ရလာသောကြောင့် ကုန်မထမ်းတော့။ ဒလတစ်ဖက်ကမ်း တွင် နေထိုင်နေပြီ။
သေလူရဲ့ အိမ်အပြန်
ဆိပ်ကမ်းမှာနေထိုင်ရင်း တစ်နှစ်ကျော်လောက်အကြာမှာ တော့ သူ့ဇာတိသို့ပြန်ရန် အကြောင်းဖန်လာခဲ့သည်။ တစ်နေ့ သူ့ ရွာမှ အမျိုးသားကြီးတစ်ယောက်နှင့် ဆိပ်ကမ်းတွင်ဆုံသည်။ ထို သူကတော့ သူ့ကိုမမှတ်မိ။ ဘယ်ကျော်က ထိုသူနှင့် အတူပါလာ သည့် သမီးဖြစ်သူကို မှတ်မိလိုက်သည်။ ကောင်မလေးက သူနှင့် ငယ်စဉ်က ကစားဖော်ကစားဖက် သူငယ်ချင်းဖြစ်သည်။
ဒါကြောင့် သူက ပြေးနှုတ်ဆက်လိုက်သည်။ သူ့ကို လူ ကြီးက ဘယ်သူလဲဟုမေး၏။ သူက မိတ်ဆက်တော့ အံ့သြနေ သည်။ သူက ဘယ်ကျော့်ကို သေပြီဟုထင်မှတ်နေသူဖြစ်၏။ သူ က သတင်းစကားပါး၏။ ဘယ်ကျော်အိမ်မှ ထွက်ပြေးပြီး သူ့မိဘ များက လိုက်ရှာသည့်အခါ မအူပင်တစ်ဖက်ကမ်းသို့ရောက်လာသည်ဟုဆိုသည်။
ထိုအချိန်တွင်လည်း တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာတွင် သူ့ အရွယ်ကလေးတစ်ယောက် အအေးပတ်ကာ သေဆုံးသွား သည်။ ထိုသတင်းကို သူ့မိဘတွေက ကြားလိုက်ရပြီး ဘယ်ကျော် သေပြီဟုမှတ်ယူလိုက်ကာ ရက်လည် လုပ်၊ လလည် ဆွမ်းတောင် ကျွေးခဲ့ပြီး ဘယ်ကျော့်ကို သေစာရင်းသွင်းထားသည့် အကြောင်း သူ့ရွာကလူက ပြောပြသည်။
ထို့ကြောင့် မိဘများနှင့် ပြန်တွေ့ဆုံရန် ဘယ်ကျော်သည် မအူပင်သို့ပြန်လာခဲ့သည်။ သူ့ရွာပြန်ရောက်တော့ အရာရာက ပြောင်းလဲနေချေပြီ။ လမ်းထဲဝင်လာသည်နှင့် တချို့က သူ့ကို မမှတ်မိကြ။ သူမိတ်ဆက်တော့မှ ရွာထဲပွက်လောရိုက်ကုန်သည်။ သရဲဟု ထင်တဲ့သူက ထင်ကြသည်။ ချစ်ဦးဝင်းမှ ဟုတ်ရဲ့လားဟု ဆိုကာ အနားကိုလာကပ်ကြည့်ကြသည်။ သေပြီဟု သတ်မှတ် ထားသည့် လူတစ်ယောက် အရှင်လတ်လတ်ပြန်ရောက်လာသည့် အခါ အံ့သြနေကြသည်။
”မရင်ဌေးရေ၊ နင့်သား ချစ်ဦးဝင်းပြန်လာပြီ”ဟုလည်း လမ်းထဲက လူတွေက ဝိုင်းအော်ကြသည်။ ချစ်ဦးဝင်းတစ်ယောက် သူ့အိမ်ရှေ့ကို ရောက်လာသည်။ သူ့အမေကလည်း သူ့သားပြန် လာပြီ အသံကြားသဖြင့် ရေချိုးနေရင်း အိမ်ထဲက ပြေးထွက် လာသည်။
အိမ်ရှိရာသို့လမ်းလျှောက်လာသည့် ချစ်ဦးဝင်းကိုတွေ့ သည်နှင့် ချက်ချင်းမမှတ်မိ။ ချစ်ဦးဝင်းမျက်နှာကို ကိုင်တွယ် စမ်း သပ်ကြည့်သေးသည်။ ပါးလေးတွေပွတ်ကြည့်သည်။ ပြီးတော့ သူ၏သားကြီးကိုမှတ်မိသည်နှင့် သားဖြစ်သူကို ဖက်ကာ ငိုပါ တော့သည်။
”ဖက်ရင်း အမေက မေ့မလိုတောင်ဖြစ်သွားတာ”ဟု သူ့ အမေကငိုရင်း သူ့လက်ပေါ်တွင် ယိုင်လဲသွားသည်ကို သူက ပြန် ပြောပြသည်။
သူလည်းငို၊ သူ့အမေကလည်းငို။ အတော်ကြာတော့ ဘယ်ကျော်က သူ့အဖေကိုမေးသည်။ အိမ်ထဲကနေဆင်းလာသူကို လှမ်းကြည့်လိုက်တော့ သူ့အဖေမဟုတ်။ သူစိမ်းယောကျ်ားတစ် ယောက်။ သူ့အမေ၏ နောက်အိမ်ထောင်ပင် ဖြစ်လေသည်။ သူက ထိုသူကိုမြင်သည်နှင့် လှည့်ထွက်သွားဖို့ စဉ်းစားမိလိုက်သေး သည်ဟု ဆိုသည်။ သို့ပေမဲ့ မသွားဖြစ်လိုက်။
သူ့အဖေက ထိုအချိန် သင်္ကန်းဝတ်ကြီးနှင့် ဆွမ်းခံကြွလာ သည်။ သူက ဝမ်းသာအားရ အဖေဟုခေါ်လိုက်သည်။ ပြန်မထူး။ အရင်ကလို ချစ်ဦးဝင်းကို ရိုက်နိုင်ဖို့မဆိုထားနှင့်။ သူ့ကို သား မှန်းပင် မမှတ်မိတော့ချေ။ အရက်အလွန်အကျွံသောက်သဖြင့် စိတ်ကျန်းမာရေးထိခိုက်သွားခြင်းဖြစ်၏။
သူမရှိသည့်အတောအတွင်း မိဘနှစ်ပါးကွဲခဲ့သည်။ သူ့ အမေလက်ရှိယူထားသည်က သူ့အဖေ၏ တပည့်ဖြစ်သည်။ သူ့ အဖေက အုန်းပင်တက်သည့်ပညာကို သင်ပြပေးခဲ့သူဖြစ်သည်။ သူ့အမေကိုလည်း အပြစ်မမြင်ရက်။ အဖေက အရမ်းဆိုးသည် မဟုတ်ပါလော။ နေ့စဉ်မူးလာတိုင်း အနှိပ်စက်ခံနေရသည့် အတွက် ကြာတော့လည်း ဒဏ်မခံနိုင်ဖြစ်လာပြီး ကွဲကြပြီ။
တစ်ပင်မလဲခင် တစ်ပင်ထူသည့်သူ့အမေကံကလည်း နုံချာလှသည်။ ပထမအိမ်ထောင်က ဆိုး၍ နောက်အိမ်ထောင်ပြု သည်။ နောက်အိမ်ထောင်ကလည်း ထူးမခြားနား။ အနှိပ်စက်ခံရ ခြင်းက မလွတ်။ မူးလာရင်အရိုက်ခံနေရဆဲပင်။ သူရှိနေခိုက် သူ့ အမေကို နှိပ်စက်တာတွေ့သဖြင့် ဘယ်ကျော် သူ့ပထွေးကို လိုက်ရိုက်သေးသည်။ အမေ့ဖြစ်ပုံကို ကြည့်ပြီး သူစိတ်ဆင်းရဲရ သည်။ သူ့အဖေကို ကြည့်ပြန်တော့လည်းဝမ်းနည်းရပြန်၏။
”အမေ့ကို ကြည့်လိုက်ပြန်တော့ နောက်အိမ်ထောင်နဲ့၊ အဖေ့ကို ကြည့်လိုက်ပြန်တော့လည်း သင်္ကန်းဝတ်ကြီးနဲ့ စိတ်က သိပ်မမှန်တော့ဘူး”ဟု ဝမ်းနည်းနေသည့်လေသံဖြင့် ဘယ်ကျော် က ဆိုပါသည်။
ပထွေးရှိသဖြင့် သူက အိမ်မှာမနေ။ သူ့အဖေနှင့် အတူ သွားနေသည်။ သူ့အဖေဘုန်းကြီးကို စိတ်ရောဂါရှိသဖြင့် ဘုန်း ကြီးကျောင်းတွေက လက်မခံ။ လမ်းထဲရှိ လူမနေသည့်အိမ်တစ် အိမ်တွင် သူ့အဖေက နေထိုင်နေရသည်။ သူ့အဖေက သူ့ကိုတော့ ခင်သည်။ ဆွမ်းခံရသည့် ထမင်း၊ ဟင်းများကို မည်သူ့ကိုမျှမကျွေး။ သူ့ကိုသာကျွေးသည်။
သူ့အဖေအကြောင်းကိုပြောပြနေရင်း ဘယ်ကျော်တစ် ယောက် မျက်ရည်ဝဲလာသည်။ သူ့အတိတ်ကိုပြန်ပြောပြနေရင်း သူ့မျက်လုံးတွေက အဝေးကို ငေးကြည့်နေ၏။
သူ့ဇာတိမှာ တစ်နှစ်ကျော်လောက်နေခဲ့သည်။ သူ့အမေ အလုပ်လုပ်သည့် စည်ပင်ဌာနတွင် သူ့အမေကို အလုပ်ကူ လုပ် ပေးလိုက်၊ သူ့အဖေဘုန်းကြီးကို ကပ္ပိယလုပ်ပေးလိုက်ဖြင့်နေ ထိုင်ခဲ့သည်။ ဒီလိုနေထိုင်ရင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် မိဘနှစ်ပါးစလုံးက ဆုံးပါးသွားခဲ့သည်။
အမေဖြစ်သူက အရင်ဆုံးသည်။ အဆုတ်ရောဂါနှင့်ဖြစ် သည်။ သူ့အမေဆုံးတော့ အသက် ၃၂ နှစ်သာရှိသေး၏။ သူယူဆ သည်က သူ့အဖေရော နောက်အိမ်ထောင်ဖြစ်သူကပါ မူးလာ တိုင်း သူ့အမေကျောကုန်းကို တဘုံးဘုံးထုနှက်သည်ကို သူတွေ့ မြင်ရသည်။ ထိုဒဏ်တွေကြောင့် သူ့အမေဆုံးပါးခဲ့ရတာဟု ဘယ် ကျော်က ဆိုသည်။
”ရောဂါဖြစ်တာ ပထွေးနဲ့အဖေ့ကြောင့်”ဟုပြောရင်း သူ့ အသံက တိမ်ဝင်သွားသည်။ အမေဖြစ်သူဆုံးပြီး လပိုင်းပဲကြာ သည်။ သူ့အဖေထပ်ဆုံးသည်။ အစာအိမ်တွင်အနာပေါက်သည့် ရောဂါဖြင့် ဆုံးပါးသွားခြင်းဖြစ်သည်။ သူ့အဖေရောဂါဖြစ်တော့ မအူပင်ဆေးရုံမှာ သူတစ်ယောက်တည်း။ ပိုက်ဆံကလည်း မရှိ။ ဆုံးသွားသည့်အခါတောင် သင်္ဂြိုဟ်ဖို့ စရိတ်မရှိ။
”အဖေ့ကို ဖျာလိပ်နဲ့ချရတာ ပိုက်ဆံမရှိလို့။ ကျွန်တော်နဲ့ ဆေးရုံကလူနဲ့ နှစ်ယောက်တည်းထမ်းချခဲ့ရတာ”ဟု ဘယ် ကျော်က ဝမ်းနည်းစွာဆိုသည်။
စကားပြောနေရင်း ဆိုင်မှာလူကျသည့်အတွက် ထမင်း ထရောင်းပြန်သည်။ ရောင်းပြီးစကားဆက်ပြောသည်။ ဆိပ်ကမ်း က ဆူညံတဲ့အသံတွေကြားထဲ သူပြောသည့်အသံကို ဂရုတစိုက် နားထောင်နေရသည်။ မိုးကလည်းသည်းလာသည်။ တစ်ချက် တစ်ချက် သူပြောတာ မကြားလိုက်။ ပြန်မေးရသည်။ အင်တာဗျူး ကလည်း တစ်နာရီကျော်လာပြီ။ ဘယ်ကျော်ဘဝဇာတ်လမ်းက မဆုံးသေး။ သူဘဝတစ်လျှောက်လုံးမှာ အကြမ်းတမ်းဆုံး၊ အပင် ပန်းဆုံးလုပ်ခဲ့ရသည်ဟု ဆိုနိုင်သော ဘဝတစ်ခုကို သူထပ်ရောက် ပြန်ပါသည်။ ။
ကျားဖောင်လုပ်သား
ဖြစ်ပုံမှာ မိဘတွေဆုံးတော့ သူ့အဒေါ်ထံ မိဘတွေက အကြွေးးတွေ ကျန်ခဲ့သည်။ အကြီးဆုံးသားဖြစ်သည့်အတွက် ထိုအကြွေးတွေက သူ့ခေါင်းပေါ်ရောက်လာခဲ့သည်။ အလုပ်က လည်း မရှိ။ ဖြစ်ချင်တော့ သူတို့ရွာတွင် ပင်လယ်လိုက်ရသည့် အလုပ်က ထိုအချိန်တွင် ရေပန်းစားသည်။ သူတို့ဒေသအခေါ် ဘုံကျောင်းဟုခေါ်သော ငါးဖမ်းစက်လှေသို့ သူလိုက်ခွင့်ရ၏။
ပွဲစားတွေကတစ်ဆင့် ပင်လယ်သို့ထွက်ရသည်။ ပိုက်ဆံ မည်မျှရသည်ကိုလည်း သူမသိ။ ရသည့်ပိုက်ဆံ ပွဲစားထံတွင် အကုန်လိုက်ယူဖို့ သူ့အဒေါ်ကို မှာထားခဲ့သည်။ ရွာမှ လူဆယ် ယောက်ခန့်နှင့်အတူ ပင်လယ်ထဲသို့ရောက်ခဲ့လေသည်။ ပွဲစား တွေက ပြောထားသည်က ငါးဖမ်းစက်လှေပေါ်တွင် အလုပ်လုပ်ရ မည်ဖြစ်သည်။ တကယ်တမ်း ပင်လယ်ထဲရောက်တော့ ကျား ဖောင်ပေါ် ချထားခြင်းခံခဲ့ရသည်။
ကျားဖောင်လုပ်ငန်းသည် ကမ်းစပ်မှ ရေမိုင် ၅ဝ အထိဝေး သောပင်လယ်ထဲတွင် လပေါင်းများစွာ နေထိုင်အလုပ်လုပ်ရသည့် ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းဖြစ်သည်။ အသက်အန္တရာယ် လည်း များလှသည်။ သင်္ဘောဝင်တိုက်မလား။ မုန်တိုင်းနှင့် ပါ သွားမလား စသဖြင့် စိုးတထိတ်ထိတ်နေရသောအလုပ်မျိုးဖြစ် သည်။ ပင်လယ်ရေတက်ရေကျကိုလိုက်၍ ငါး၊ ပုစွန်များ ဖမ်းဆီး ရသည်။
”စတက်လာကတည်းက ပြောတယ်။ ထောင်ထက်၊ စစ် တပ်ထက်ဆိုးတယ်ပေါ့။ ပြန်လမ်းမရှိဘူးတဲ့”
”၂၄ နာရီလုပ်ရတာ။ သေရင် ကမ်းကို ပြန်ပို့ပေးတယ်။ လျော်ကြေးသုံးသိန်းပေးတယ်”ဟု ဖောင်ပိုင်ရှင်၏ လက်ထောက် က ဖောင်ပေါ်စတက်သည်နှင့်သူတို့ကို ပြောသည်ကို ဘယ်ကျော် က ပြန်ပြောပြသည်။
ရောက်သွားပြီဆိုမှတော့ ဘာမှမတတ်နိုင်တော့။ ပိုက်ဆံ ကလည်းယူထားပြီးပြီ။ ဖောင်ပေါ်တွင်ပင်ပန်းဆင်းရဲစွာ အလုပ် လုပ်ရတော့သည်။ နေ့စဉ်ပိုက်ချသည်။ ပိုက်ထဲငါး၊ ပုစွန်များနှင့် ရောထွေးပါလာသည့် အမှိုက်များရွေး၊ ရွေးပြီးသား ငါး၊ ပုစွန် များကို အခြောက်လှမ်းသည်ကလှမ်း၊ ငါးပိသိပ်သည်ကသိပ်၊ ပြီး လျှင် ပိုက်ပြန်ချ။ နားရသည့်အချိန်က တစ်နာရီပြည့်အောင် တောင် မရ။ အလုပ်ကို ဆက်တိုက်လုပ်ရသည်။
ဒီလိုအလုပ်ပင်ပန်းမှုတွေကြောင့် ဘယ်ကျော်အပြင်းဖျား တော့သည်။ လှိုင်းမူးကာ အစားမစားနိုင်ဖြစ်ပြီး အာဟာရပြတ် သွားခြင်းဖြစ်သည်။ ကုသဖို့ ဆရာဝန်ဝေလာဝေး၊ သောက်ဖို့ ဆေးတစ်ပြားပင်မရှိ။ ပင်လယ်ရေငန်ကိုသာ ဆေးအဖြစ် သောက်ရသည်။ ဆားငန်ရေသောက်လျှင် လှိုင်းမူးပျောက်သည် ဟု ဖောင်သမားတွေက ယုံကြည်ထားကြသည်။ အဖျားဒဏ် ကြောင့် တစ်လလောက်မထနိုင်။ မတ်တတ်ရပ်လျှင်ပင် တစ်ခုခု ကို ကိုင်ထားရသည်။ ထိုစဉ်က သူ့ကိုယ်သူသေတော့မည်ဟုသာ စိတ်ထဲ တွေးထားလိုက်သည်။
ကံကောင်းထောက်မသဖြင့် အဖျားရောဂါပျောက်သွားခဲ့ သည်။ တစ်လကျော်ကြာတော့ စားနိုင်သောက်နိုင်ပြန်ဖြစ်လာ၏။ အဖျားကြောင့်မသေခဲ့ပေမယ့် သဘာဝဘေး၊ မတော်တဆ အန္တရာယ်တွေက အချိန်ပြည့်ရှိနေသေးသည်။ ဘယ်အချိန် ကမ်း ကို ပြန်ရောက်မည်ဆိုတာ သူ့ခေါင်းထဲတွင်မရှိ။ ဘယ်နေ့၊ ဘယ် အချိန်၊ ဘယ်လိုပုံစံဖြင့်သေမလဲဆိုတာကိုပဲ တွေးနေရသည့်ဘဝ ဟု ဘယ်ကျော်က ကျားဖောင်လုပ်သားဘဝကြမ်းတမ်းပုံကို ပြောပြသည်။
”အသက်က မနက်နဲ့ ညကိုပဲ သေမင်းဘယ်ချိန် ခေါ်ပါ့မလဲ ဆိုတာကိုပဲ အမြဲတမ်းမျှော်နေရတာ”
သေမည့်အတွေးများက ခေါင်းထဲအချိန်ပြည့်ရောက်နေ သော်လည်း ဘယ်ကျော့်စိတ်ထဲတွင် မမေ့သည့်အရာတစ်ခု ရှိ သည်။ ပင်လယ်ထဲတွင် အသက်စွန့်လုပ်ကိုင်နေရင်း မိဘတွေကို လွမ်းဆွတ်သတိရခြင်းပင်ဖြစ်သည်။ ညစဉ်အိပ်ခါနီးတိုင်း အဖေ နှင့် အမေကို ရှိခိုးကန်တော့သည်ဟု သူက ဆိုပါသည်။
အသက်ကိုဖက်နှင့်ထုပ်ထားရသည့် ကျားဖောင်ပေါ်တွင် နောက်ဒုက္ခတစ်ခုကလည်းရှိသေးသည်။ ဘယ်ကျော်တို့လို ကျား ဖောင်လုပ်သားတွေကို အုပ်ချုပ်သည့် ဖောင်ဦးစီး၏နှိပ်စက်မှုဖြစ် သည်။ လုပ်ငန်းခွင်အတွင်း လွဲချော်မှုတစ်စုံတစ်ရာ ရှိပါက ဖောင် ဦးစီးက ရိုက်နှက်တတ်သည်။
ဘယ်ကျော်ဆို ပိုက်ချတုန်း ပိုက်လန်သွားသဖြင့်တစ်ခါ၊ ပိုက်ပြဲတုန်းကတစ်ခါ၊ နှစ်ခါအရိုက်ခံလိုက်ရသည်။ သုံးကြိမ် မြောက် အရိုက်ခံရသည့်အခါမှာတော့ သူ၏သည်းခံနိုင်စွမ်းတို့ ကုန်သွားခဲ့ပြီ။ တစ်နေ့ အလုပ်မှာလွဲချော်သဖြင့် ဖောင်ဦးစီးက ဘယ်ကျော့်ကို ရိုက်သည်။ အရိုက်ခံရပြီး ခါးတောင်ကောင်း ကောင်းမဆန့်နိုင်ဖြစ်သွားသည်။ စိတ်ထဲက မှတ်ထားသည်။ ည ရောက်တော့ ဖောင်ဦးစီး အပြင်ထွက်သည့်အချိန် ဓားနှင့် ပြေး ထိုးတော့သည်။
ထိုးလိုက်တာက ဗိုက်ကိုဖြစ်သည်။ ဖောင်ဦးစီးက ရှောင် လိုက်သောအခါ နံကြားကို ထိုးမိသွားပြီး သွေးတွေပန်းထွက်လာ ကာ နေရာတွင်ပင်ပစ်လဲကျသွားသည်ဟု ဘယ်ကျော်က ပြန် ပြောပြသည်။ ထိုအချိန် သူ့စိတ်ထဲ ဘာမှမမြင်တော့။ ဒေါသ ကြောင့် မွှန်နေသည်။ ဓားကို လက်က မလွှတ်တမ်းကိုင်ထားသည်။
သူ့အနားလည်း မည်သူကမှမကပ်ရဲကြ။ ကပ်ရင်လည်းသူက ကပ် တဲ့သူကိုသူ့ဓားနှင့်ထိုးမည်ဖြစ်သည်။ ဖောင်ကိုလည်း ကြိုးဖြတ် ကာ မျှောလိုက်သည်။ ဖောင်ပေါ်တွင်ပါသည့် အခြားအလုပ် သမားလေးတွေက အင်္ကျီများကိုချွတ်၊ တုတ်ချောင်းထိပ်တွင် ချည်ကာ မီးရှို့ပြီး အခြားစက်လှေတွေကို လှမ်းခေါ်ကြသည်။
ဖောင်ပေါ်ရှိ အဝတ်အစားတွေလည်းကုန်သလောက်ရှိ တော့မှ မီးအချက်ပြမှုကြောင့် စက်လှေတစ်စီးရောက်လာသည်။ စက်လှေပေါ်မှလူတွေက အဖြစ်အပျက်ကိုမေးမြန်းပြီး ဘယ် ကျော့်ကိုဖျောင်းဖျကြသည်။ ကိုယ်လည်း လုပ်ပြီးပြီဖြစ်သော ကြောင့် ကိုယ့်အပြစ်ကို ကိုယ်ခံဖို့ ပြောကြသည်။
သူတို့ကိုစက်လှေပေါ်တင်ခေါ်လာပြီး ဘယ်ကျော့်ကို ဖျာပုံ မြို့နယ်အတွင်းရှိ ပင်လယ်ဝတွင်ရှိသော ကုလားထိပ်ရွာ ရဲစခန်း သို့ ပို့သည်။ ထိုအချုပ်ထဲတွင် ကိုးလခန့်နေရပြီး ဖျာပုံထောင်တွင် ထောင်ဒဏ်သုံးနှစ်ခွဲပြစ်ဒဏ်ကျခံခဲ့ရ၏။ သူ ဓားနှင့် ထိုးလိုက် သည့် ဖောင်ဦးစီးကတော့ မသေခဲ့ပါ။
ထောင်ကျသည့်အတွက် သူက ပျော်နေသည်။ ကျားဖောင် ပေါ် တွင် ကိုးလခန့်သာကြာပြီး ကုန်းပေါ်ပြန်ရောက်သောကြောင့် ဖြစ်၏။ ထောင်ကျသည်က သူ့အတွက်ပင်လယ်ထဲက ဘဝထက် သာသည်ဟု ယူဆထားသည်။ အချိန်တန်လျှင် သူထောင်က လွတ်မည်။
ထောင်ထဲတွင် ရောက်ရောက်ချင်း သူနေရသည်က အိမ် သာခန်း။ ထောင်သားတွေ စွန့်သမျှ မစင်တွေကို ကျုံးရ၊ ခပ်ရ သည်။ တစ်နှစ်ခန့်အကြာ အိမ်သာဘုတ်ခေါင်း (အိမ်သာတွင်တာဝန်ကျသူများကို ကြီးကြပ်စေခိုင်းရသူ)ဖြစ်တော့မှ ဒီအလုပ်တွေ ကို သူမလုပ်ရတော့။ ချုပ်ရက်ကိုးလနှင့် ပေါင်းလိုက်သောကြောင့် ဖျာပုံထောင်တွင်နှစ်နှစ်ကျော်သာနေရပြီး သူလွတ်လာခဲ့သည်။
အလောင်းဆယ်သမား
ထောင်ကထွက်သည်နှင့် အိမ်သို့ပြန်သွားသည်။ သူ့ညီတွေ၊ ညီမတွေလည်း အိမ်ထောင်တွေနှင့်ဖြစ်ကုန်ပြီ။ ညီတွေ၊ ညီမတွေ အိမ်မှာလည်း မနေချင်။ ထို့ကြောင့် မိဘတွေမရှိသည့် သူ့မွေးရပ် မြေမှ သူထွက်လာခဲ့တော့သည်။ သူနေထိုင်ရာ စဉ့်အိုးတန်း ဆိပ်ကမ်းသို့ ပြန်ရောက်လာခဲ့လေ၏။
ဆိပ်ကမ်းမှာ ကုန်ထမ်းသည့်ဘဝပြန်ရောက်သည်။ ကုန် ထမ်းလိုက်၊ အိပ်လိုက်စားလိုက်နှင့် ကမ်းနားတွင် ကြုံသလိုနေ ထိုင်သည်။ ဒီလို နေထိုင်နေရင်းနှင့် အလောင်းဆယ်တဲ့သူဘဝ ကိုရောက်ဖို့အတွက် ကံကြမ္မာက ဖန်လာသည်။ သူ အလောင်း ဆယ်သည့်အလုပ်ကို မလုပ်ခင်က သူ့ထက် အရင်အလောင်းဆယ် သည့် သူတစ်ယောက် ဆိပ်ကမ်းတွင် ရှိခဲ့သည်။ သူက ရဲသတင်း ပေးလည်းလုပ်သည်။
ဘယ်ကျော်တို့လို ဆိပ်ကမ်းအိမ်လုပ်နေရသည့် သူတွေ ကြား ထိုသူက ဆရာတစ်ဆူ။ သူ့ကို ကပ်ရ၊ ဖားရ၏။ သူစိတ် မထင်လို့ ရဲကိုတိုင်လျှင် မလွယ်။ ဘယ်ကျော်ဆို ထိုသူတိုင်သော ကြောင့် တစ်ခါ၊ နှစ်ခါ ထွက်ပြေးရဖူးသည်။ တစ်ခါတော့ သူ ဆိပ် ကမ်းတွင် အိပ်နေတုန်း ထိုသူရောက်လာလေသည်။ သူ့ကို ဆိပ်ကမ်းတွင် အိပ်သည့်အတွက် ရဲတိုင်မည်ဟုဆို၏။ ဘယ်ကျော် လည်း အဖမ်းခံရမည်ကြောက်သောကြောင့် သူ့ကိုတောင်းပန်ရ သည်။ ရဲတော့ မတိုင်ပါနှင့် ခိုင်းတာလုပ်ပါ့မည်၊ အလောင်းဆယ် သည့်အလုပ်တွင်လည်း ကူညီပါ့မည်ဟု ကတိပေးလိုက်သည်။
ထိုမှစ၍ အလောင်းဆယ်ဖို့ အလုပ်သင်ဆင်းရတော့သည်။ ကုန်လည်း ထမ်းသည်။ အလောင်းတွေ့ရင်လည်းထိုသူနှင့် လိုက် ကူညီပေး၏။ သူပထမဆုံးတွေ့ရသည့် မြင်ကွင်းကို သူ့မျက်စိထဲက မထွက်။ ဆိပ်ကမ်းတွင်ရပ်ထားသည့် သင်္ဘောမှ နိုင်ငံခြားသား တစ်ဦး ပြုတ်ကျသေဆုံးသွားပြီး ပေါ်လာတော့ ပုပ်ပွနေသည့် အလောင်းက အနံ့တထောင်းထောင်း ထနေသည်ဟု ဘယ်ကျော် ကပြန်ပြောပြသည်။ ကိုင်ဖို့အသာထား ကြည့်တောင်မကြည့်ရဲ။
နောက်တော့ သူ့ဆရာက သူ့ကို ရဲဆေးတင်ပေးသည်။ အလောင်းဆယ်မည်ဆိုရင် အရက်သောက်ရမည်ဟုဆိုကာ သူ့ ကို အရက်စတိုက်သည်။ ထိုအချိန်မှစ၍ သူ အရက်သမားဘဝသို့ ရောက်ခဲ့သည်။ အရက်ကို နေ့နေ့ညညသောက်သည်။ ဆရာ ဖြစ်သူနှင့်အလောင်းဆယ်တာ ကူညီလိုက်၊ ကုန်ထမ်းလိုက်၊ အရက် သောက်လိုက်နှင့်ကမ်းနားတွင် ပေပေတေတေ နေထိုင်ခဲ့သည်။
သူ့ဆရာဖြစ်သူလည်း သက်ဆိုးတော့ မရှည်လိုက်။ အရက် အလွန်အကျွံသောက်သောကြောင့် သေဆုံးသွားသည်။ သူ့ဆရာ သေဆုံးပြီးချိန်မှာတော့ ဆောင်းပါးအစတွင် ဖော်ပြခဲ့သလို အလောင်းကိုင်ဖို့အခွင့်အရေးကြုံလာတော့ ကမ်းနားတွင် လွတ် လွတ်လပ်လပ်နေထိုင်ခွင့်ရရေးအတွက် ဘယ်ကျော်က အလောင်း စည်သူဘွဲ့ကို ခံယူခဲ့လေသည်။
လုပ်ခါစကတော့ သူ့ဘဝရှင်သန်နေထိုင်ရေး အဆင်ပြေ စေရန်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ လုပ်ရင်းကိုင်ရင်း သူ စေတနာထားတတ်လာခဲ့သည်။ ရေပေါ်တွင် မျောချင်ရာမျောတော့ မည့် လူသေအလောင်းများကို ဆယ်ပေးကာ ဆေးရုံသို့ ပို့ဆောင် ပေးသဖြင့် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့်ရသည်ကို ကုသိုလ် ရသည့် လုပ်ငန်းတစ်ခုအဖြစ် သဘောထား၏။
”နောက်တော့မှပြန်စဉ်းစားလိုက်ရင် ငါဟာ ဘဝမှာ ကုသိုလ်ဆိုတာလည်း ဘာမှမလုပ်ခဲ့ဘူး။ အမြဲတမ်း အကုသိုလ်ပဲ ဖြစ်နေတယ်။ အဲဒီတော့ကုသိုလ်လေးတစ်ခုကို စွဲစွဲမြဲမြဲကိုင်ထား မှဆိုပြီး ဒီအလုပ်ကို လုပ်နေတာ”ဟု သူ့ခံယူချက်ကို ဘယ်ကျော် က ပြောပြသည်။
အလောင်းဆယ်သည့်အတွက် ပိုင်ရှင်မဲ့အလောင်းဆိုလျှင် ရဲက ကျပ်ငါးထောင်၊ တစ်သောင်းပေးသည်။ ပိုင်ရှင်တွေ့ပြီ ဆိုလျှင်တော့ တစ်သောင်းခွဲ၊ နှစ်သောင်းရသည်ဟု သူကဆိုပါ သည်။ ဆယ်သည့်အလောင်းတော်တော်များများကတော့ ပိုင်ရှင် မဲ့တွေများသည်ဟု သူက ဆိုပါသည်။
ပိုင်ရှင်ရှိလျှင်လည်း သူက ပိုက်ဆံကို သိပ်မတောင်း၊ ပေး သမျှ ယူထားလိုက်သည်။ သူများတွေ ပူဆွေးဝမ်းနည်းနေသည့် အချိန်တွင် တောင်းရတာ အားနာသောကြောင့်ဟု ဘယ်ကျော် က ဆိုပါသည်။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း ဆင်းရဲတဲ့သူ ဖြစ် သောကြောင့် ဘဝတူတွေဖြစ်နေလျှင ်သူက စာနာတတ်သည်။
”ကျွန်တော်က ဆင်းရဲတဲ့လူဆိုရင် တော်ရုံတန်ရုံ ပိုက်ဆံ မယူတော့ဘူး။ တောင်းလည်း မတောင်းတော့ဘူး”
အလောင်းဆယ်သည့် အလုပ်ကလည်း လွယ်ကူလှသည် တော့ မဟုတ်။ အလောင်းဆယ်ရင်း ကိုယ်တိုင်လည်း အလောင်း ဖြစ် သွားနိုင်သည်။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲဆယ်ရသည့် အလောင်း တွေလည်းရှိသည်။ ရေစီးနှင့်မျောလာသည့် အလောင်းများက ကမ်းနားတွင် ကပ်ချင်သည့်နေရာတွင် ကပ်နေတတ်သည်။
သင်္ဘောကြိုသင်္ဘောကြားထဲရောက်သည့်အခါ အကြို အကြားထဲ ဝင်ရောက်ဆွဲထုတ်ရသည်။ အခန့်မသင့်ဘဲ သင်္ဘော အောက်၊ ဆိပ်ခံဘောတွေအောက် ရောက်သွားလျှင် သူလည်း အသက်ရှင်နိုင်မည်မဟုတ်။
တစ်ခါတစ်ရံ ရေထဲမျောနေသည့်အလောင်းတွေဆိုလျှင်လည်း မြစ်ထဲဒိုင်ဗင်ပစ်ကာ လိုက်ဆယ်ရသည်။ အလောင်းကို ကိုင်မိလျှင် ခြေတွေ၊ လက်တွေကြိုးတုပ်ကာ စက်လှေတစ်စီးဖြင့် ကမ်းသို့ဆွဲယူရသည်။ ပလတ်စတစ်ကြိုးဖြစ်သောကြောင့် ရေစီး က သန် ရေဆန်ကိုပြန်တက်ရသည့်အခါမျိုးတွင် ကြိုးပြတ်သွား တတ်သည်။ ထိုအခါ ဘယ်ကျော်လည်း အလောင်းကို ဖက်ကာ ရေစီးနှင့် လိုက်မျောရသည်။ စက်လှေက နောက်ကနေ လိုက် ဆွဲပေရော့။
ကမ်းပေါ်ရောက်သည်နှင့် အလောင်းကို တာလပတ်နှင့် သေချာထုပ်ပိုးကာ ဆေးရုံသို့ ပို့ရသည်။ တစ်ခါတစ်ရံ ပုပ်ပွနေ သည့် အလောင်းတွေကို ပယ်ပယ်နယ်နယ်ကိုင်တွယ်ခဲ့ပြီးလျှင် သူ့ကိုယ်တွင်လည်း အပုပ်နံ့က စွဲနေတတ်သည်။ ထိုအခါ ရိုးရိုး ဆပ်ပြာနှင့် ဆေး၍မရ။ လက်တွေကို ကွမ်းတံတွေးနှင့် ဆေးသည်။ ကိုယ်လုံးကိုတော့ လက်ဖက်အသား လက်တစ်ဆုပ်စာကို ဖျော် ပြီးလောင်းချမှ အနံ့ပျောက်သည်ဟု သူက ဆိုသည်။
ကုန်းပေါ်သေသည့်လူများလည်း သူ့လက်နှင့်မလွတ်။ ဆိပ် ကမ်းတစ်ဝိုက်လမ်းဘေးတွင် သေဆုံးနေသူများကိုလည်း သူက လိုက်ကောက်ပေးသည်။ အလောင်းဆယ်သည့်အလုပ်က အချိန် အတိအကျမရှိ။ အလောင်းတွေ့သည်နှင့် ရဲကသူ့ကို လာခေါ်လျှင် ပြေးရသည်။
တစ်ခါတလေအလောင်းနှင့်အတူ ညအိပ်ရသေးသည်။ တစ်ခါ ညဘက်ကြီး လမ်းဘေးတွင် အရက်သမားတစ်ယောက် သေဆုံးနေသဖြင့် ဘယ်ကျော် အလောင်းကို ဆေးရုံပို့ရန် သွား ထုပ်ပိုးပေးသည်။ ထုပ်ပိုးပြီးချိန်အထိ အလောင်းသယ်မည့် ဆေးရုံကားက မလာသေး၊ အလောင်းနားကလည်း ခွာ၍ မဖြစ်။ သူ့တာဝန်က ဆေးရုံရောက်အောင် ပို့ဆောင်ပေးရမည်ဖြစ် သည်။ ထို့ကြောင့် ဆေးရုံကားစောင့်ရင်း အလောင်းဘေးမှာတင် အိပ်ခဲ့ရသည်ဟု သူက ပြန်ပြောပြပါသည်။
ရေထဲတွင်လည်း တစ်ခါတစ်ရံ တစ်နေ့တည်း သုံး၊ လေး လောင်းဆယ်ရသည်။ မှတ်မှတ်ရရ သီလဝါဆိပ်ကမ်းနားတွင် ငါးဖမ်းစက်လှေကို နိုင်ငံခြားသင်္ဘောဝင်တိုက်သွားတုန်းကဖြစ်သည်။ စက်လှေနှစ်ပိုင်းပြတ်သွားပြီး လူဆယ်ယောက်ခန့် သေ သွားသည်။ အလောင်းတွေက ခြေပြတ်လက်ပြတ်ဖြစ်နေကြ သည်။ အဲဒီတုန်းက စက်လှေပျက်ထဲက အလောင်းတွေကို တစ်စ စီ ဆွဲထုတ်ခဲ့ရတာ မှတ်မှတ်ရရဖြစ်ခဲ့သည်ဟု သူက ဆိုပါသည်။
သူတစ်ယောက်တည်း မနိုင်သည့်အတွက် သူ့တပည့်တွေပါ အကူခေါ်လိုက်ရသည်။ သူ့လိုပင်ဆိပ်ကမ်းမှာ နေထိုင်ကာ ကြုံ ရာလုပ်ကိုင်စားသောက်သူတွေကို သူက အလောင်းဆယ်ပုံဆယ် နည်းကိုသင်ပြထားသည်။ လေးငါးဆယ်ယောက်ခန့် ရှိသည်ဟု သူကဆိုသည်။
သူဆယ်ယူခဲ့ရသည့် အလောင်းတွေကတော့ စုံသည်။ ယောကျ်ားမိန်းမ၊ သီလရှင်တွေတောင် ပါသည်။ သူကတော့ လူ မျိုးဘာသာမရွေး ပေါ်သည့် အလောင်းမှန်သမျှ စေတနာထားကာ ဆယ်ယူဆောင်ရွက်ပေးသည်ဟု ဆိုပါသည်။ တစ်ခါတစ်ရံ ငါး တွေစားထားသည့်အတွက် အလောင်းတွေက ပုံပျက်ပန်းပျက် ခေါင်းမပါ၊ ခြေတွေလက်တွေ မပါ။ သူက သေချာထုပ်ပိုးကာ စေ တနာနှင့် ဆောင်ရွက်ပေးသည်။
အလောင်းဆယ်နေရင်း သူစိတ်မကောင်းဖြစ်ရသည့်အခါ လည်းရှိခဲ့ဖူးသည်။ တစ်ခါတော့ ရဲက သူ့ကို ဖုန်းဆက်သည်။ အလုံ ကမ်းနားတွင် အလောင်းတစ်လောင်း ရေနှင့်မျောလာကာ ကမ်းပေါ်တင်နေသည်ဟု ဆိုသည်။ ထိုနေရာသို့ သူရောက်သွားသည်။
အလုံကမ်းနားကိုရောက်သည့်အခါ ရေစီးနှင့် မျောလာ သည့်အလောင်းက အမှိုက်ပုံပေါ်တွင် မည်သို့တင်နေသည် မသိ၊ ကားကားကြီးဖြစ်နေသည်ကိုလှမ်းတွေ့လိုက်ရသည်။ အမှိုက်ပုံ ပေါ်တက်ကာ အလောင်းကို သယ်ဖို့ပြင်သည်။ အနီး ရောက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူမှင်တက်မိ သွားရသည်။
တွေ့လိုက်ရသည်က အမျိုးသမီးအလောင်းဖြစ်သည်။ ရိုးရိုး အမျိုးသမီးမဟုတ်။ ကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။ ကားကားဖောင်း ဖောင်းကြီး။ ထပ်ကြည့်မိပြန်တော့ သူစိတ်ထဲ အတော်ထိခိုက် သွားရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီး ပေါင်ကြားထဲ တွင် ကလေးက တစ်ဝက်လောက်တောင် ထွက်နေပြီဖြစ်သော ကြောင့်ပင်။ အလောင်းမျိုးစုံကို ဆယ်ခဲ့ရသည့် သူက ဒီလိုမျိုး တစ်ခါမှ မကြုံဖူး။ သူ့တပည့်တစ်ယောက်လည်း ပါသည်။
သူ့တပည့်ကို ဗိုက်ထဲမှ ကလေးကိုဆွဲထုတ်ခိုင်းလိုက်သည်။ ဆွဲထုတ်ပြီးသည်နှင့် ကလေးကို သူ့အမေနှင့်ကပ်ခိုင်းထားလိုက် သည်။ ကလေးက ယောကျ်ားလေး။ သူ့စိတ်ကူးက ကလေးနှင့် အမေကို ခွဲမထားလို။ ထို့ကြောင့် သားအမိနှစ်ယောက်စလုံးကို သေချာယှဉ်ပူးပြီးထုပ်ပိုးကာ သူကိုယ်တိုင် ပခုံးနှင့် ထမ်းပိုးပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မှတ်မှတ်ရရ သူ စိတ်မကောင်း ဖြစ်ခဲ့ရသည့် အတွေ့အကြုံကို ဘယ်ကျော်က ပြန်ပြောပြပါသည်။
၂ဝဝ၈ နာဂစ်မုန်တိုင်းတုန်းက ဆယ်ခဲ့ရသည့်အလောင်း တွေကလည်း သူ့အတွက် မမေ့နိုင်စရာ။ မုန်တိုင်းတိုက်တော့ စဉ့် အိုးတန်းကမ်းနားမှာ ရေတွေ တက်လာသည့်အခါ ညောင်ပင် လေးဈေးသို့ သူထွက်ပြေးခဲ့ရသည်။ ထိုအချိန်ကလည်း အလောင်း တွေက ဆယ်လို့တောင် မနိုင်။ အဲဒီအချိန်က သူတစ်ယောက် တည်းတော့မဟုတ်။ ကူညီဆယ်ပေးသည့်သူတွေက များသည်။
နာဂစ်တုန်းကတော့ သူ လုပ်အားဒါနပြုခဲ့သည်။ ဆယ် သည့်အလောင်းများအတွက် သူပိုက်ဆံမယူခဲ့။ လူတွေ ဒီလောက် သေတာကိုလည်း သူတစ်ခါမှမမြင်ဖူးခဲ့။ စိတ်လည်းအတော်ထိ ခိုက်ရသည်ဟုသူကဆိုပါသည်။ ထိုအချိန်က တစ်နေ့တစ်နေ့ သူ ဆယ်ရ သည်က ကိုးလောင်း၊ ဆယ်လောင်းခန့်ရှိသည်။
”နာဂစ်ဆိုတာ လူတွေက ဒုက္ခရောက်နေတဲ့အချိန် ထမင်း စားဖို့ တောင် အခက်တွေ့နေတာ ကိုယ်က ဘယ်လို အခွင့်အရေး ယူရက်မလဲ”
သရဲအခြောက်ခံရခြင်း
အလောင်းတွေ အမြဲတမ်းကိုင်တွယ်နေရသည့်အတွက် သရဲရောကြောက်တတ်သေးလားဟု သူ့ကို မေးလိုက်သည်။ အရင်ကတော့ သူက သရဲကြောက်တတ်သည်ဟု ဆိုသည်။ သို့ ပေမယ့် အလောင်းတွေကို ကိုင်တွယ်ရပြီးနောက်ပိုင်း မကြောက် တော့ဟု သူက ဖြေသည်။
ထိုသို့ သရဲမကြောက်တတ်သည့် ဘယ်ကျော်လည်း တစ်ခါသရဲအခြောက်ခံရဖူးသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က ဖြစ်သည်။ တစ်ညနေမှာတော့ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း မျောလာ တာကို သူနှင့် သူ့တပည့်နှစ်ယောက် ဆယ်ရသည်။ သေသူက အဘွားကြီးတစ်ယောက်။ လက်မှာ နာရီလည်း ပတ်ထားသည်။ သူ့အိတ်ထဲတွင် ပိုက်ဆံတစ်သိန်းခွဲလောက်ပါသည်။ ပိုက်ဆံကို သူ့တပည့်နှင့် တစ်ယောက်တစ်ဝက်ခွဲယူလိုက်သည်။ နာရီကို တော့ ဘယ်ကျော်က ပတ်ထားလိုက်သည်။
ပိုက်ဆံကို တွေ့တွေ့ချင်းကတော့ အဲဒီလောက် များမှန်း မသိ။ ပိုက်ဆံက ရေတွေစိုကာ ကပ်နေသောကြောင့် သုံးလေး ထောင်ခန့်သာရှိမည်ဟု သူတို့က ထင်သည်။ ရဲကလည်း ဆယ် ပေးသည့်သူတို့ကို ထိုပိုက်ဆံအထပ်ကလေးကို ယူခိုင်းသည်။ နောက်မှ ပိုက်ဆံကိုဖွင့်ကြည့်တော့ တစ်ထောင်တန်အောက်မှာ ငါးထောင်တန်တွေဖြစ်နေသည်။ ရေကြည့်လိုက်တော့ တစ်သိန်းခွဲ။
အလောင်းကိုပို့ပြီးသည်နှင့်နှစ်ယောက်သား အရက် သောက်ကာ ပြန်လာခဲ့သည်။ ပြန်လာရင်း သူ့တပည့်ဖြစ်သူက အငြိမ်မနေ၊ မူးမူးနှင့် ညနေက ဆယ်ခဲ့သည့်အလောင်းကို တိုင် တည်ကာ အိမ်လိုက်ခဲ့ဖို့၊ သူခိုင်းတာလုပ်ပေးဖို့ ပေါက်တတ်ကရ တွေ အော်ပြောလာသည်။
ထိုအချိန် လမ်းလျှောက်လာရင်း ဘယ်ကျော့်စိတ်ထဲတွင် သူတို့နှစ်ယောက်နှင့်အတူ လူတစ်ယောက်ကပ်ပါလာသည်ဟု ခံစားလိုက်ရသည်။ ဘေးကိုကြည့်လိုက်တော့ သူတို့နှစ် ယောက်နှင့် အပြိုင် ကတ္တရာလမ်းပေါ်တွင် လမ်းလျှောက်နေသည့် ခြေရာတစ်ခု။ ခြေရာမှ ရိုးရိုးခြေရာမဟုတ်၊ သွေးခြေရာဟု ဘယ် ကျော်က ပြန်ပြောပြသည်။ မူးနေ၍ ထင်မိထင်ရာမြင်ခြင်းလား သူမဝေခွဲတတ်။
ညဘက်အိပ်တော့ အိပ်မက်ထဲတွင် သူ့အပေါ်ကို တစ်ယောက် ယောက်က ခွစီးထားသလိုခံစားနေရသည်။ သူ့ဝမ်းဗိုက်ကို ကြည့် လိုက်တော့ လှိုင်းလေထန်နေသလို နိမ့်ချည်မြင့်ချည်ဖြစ်နေတာ ကို တွေ့ရသည်။ အိပ်မက်ကနေ သူလန့်နိုးလာခဲ့၏။ ချွေးစေးတွေ လည်း ပြန်နေပြီ။ နိုးနိုးချင်း ဘုရားစာထရွတ်မိသည်။ မနက်လင်း တော့ သူ့တပည့်ဖြစ်သူလည်း ညက အိမ်ပေါ် အိပ်ပျော်နေရင်း နိုး လာတော့ အိမ်ရှေ့က မြောင်းထဲရောက်နေသည်ဟု သူ့ကို ပြန် ပြောပြသည်။
သူတို့လည်းကြောက်သွားသည်။ အဘွားကြီးထံမှ သူယူ ဝတ်ထားသည့် နာရီကိုလည်း မြစ်ထဲလွှင့်ပစ်လိုက်သည်။ အဘွား ကြီးဆီက ပါလာသော ပိုက်ဆံတချို့တစ်ဝက်ကိုလည်း ဗိုလ် တထောင်ဘုရားသို့ သွားလှူကာ သေသူအတွက် ကုသိုလ်ကောင်း မှုပြုပေးပြီး အမျှအတန်းဝေလိုက်သည်ဟု သူ သရဲအခြောက်ခံခဲ့ ရသည့် အဖြစ်အပျက်ကို ပြန်ပြောပြသည်။ နောက်နေ့တော့ အခြောက်မခံရတော့။
လမ်းမှန်သို့ရောက်ရပြီ
သူကိုယ်တိုင်သရဲအခြောက်ခံခဲ့ရသလို အလောင်းဆယ် သည့် သူ့ကိုလည်း လူတွေက သရဲလိုကြောက်ကြသည်။ တော်ရုံ သူ့အနား မည်သူကမှမကပ်။ ထမင်းဝယ်စားမည်ဟု ဆိုင်ထဲဝင် သည်နှင့် ဆိုင်ရှင်တွေက မောင်းထုတ်သည်။ အလောင်းတွေကို အမြဲတမ်းကိုင်တွယ်နေသည့် သူ့အနားတွင် နာနာဘာဝများ ကပ် နေမည်ဟု လူတွေက ထင်ကြ၊ ကြောက်ကြခြင်းဖြစ်သည်။
သူကလည်း မူးလာလျှင် ပေါက်ကရတွေ လျှောက်ပြောနေ တတ်တာလည်းပါသည်။ သူ့အနောက်တွင် သရဲသုံးကောင် လိုက် လာကြောင်း၊ သူတို့ဗိုက်ဆာနေသဖြင့် ထမင်းကျွေးရန်ထမင်း လာဝယ်တာဖြစ်ကြောင်း ပြောတတ်သည်။ လက်ရှိ သူ့ကို မွေး စားထားသည့် ဒေါ်မြင့်အေးဆိုလျှင် ဘယ်ကျော့်ကို သ့ူထမင်းဆိုင် ထဲ အဝင်မခံ။ သူဝင်လာတာမြင်သည်နှင့် မောင်းထုတ်တော့သည်။
”သရဲတွေခေါ်၊ ထမင်းတွေ ကျွေးလိုကျွေး၊ ကြောက်လို့နှင် တာ၊ သူလာရင် သရဲပါမယ်အောက်မေ့ပြီး”ဟု ဘယ်ကျော်နှင့် စ တွေ့စဉ်က ကြုံရပုံကို ဒေါ်မြင့်အေးက ပြန်ပြောပြသည်။ ယခု တော့ ဘယ်ကျော်ကသူတို့မိသားစုဝင်ဖြစ်နေပြီ။ ဒေါ်မြင့်အေးက ဆိပ်ကမ်းမှာ လေလွင့်နေသည့်ဘယ်ကျော်ကို သနားစိတ်ဝင် လာပြီး ခေါ်ယူပြုပြင်ခဲ့သည်။ သူ၏ မခိုးတတ် မဖွက်တတ်သည့် ဉာဉ်လေးကိုလည်း သဘောကျ၍လည်းဖြစ်သည်။
လူပေါင်းစုံဝင်ချည်ထွက်ချည်နှင့် စရိုက်ပေါင်းစုံရှိသော ဆိပ်ကမ်းကလူများကြား ဘယ်ကျော်က မိုးလင်းမိုးချုပ် အရက် သောက် ပေပေတေတေနေသော်လည်း ရိုးသားသည့် ဉာဉ်ကလေး က ထူးခြားသည်။ သူများပစ္စည်းကို မခိုးတတ်မဖွက်တတ်၊ မဟုတ် တာကို သူမလုပ်ဟု ဒေါ်မြင့်အေးက ဆိုသည်။
ဘယ်ကျော်ကလည်း ခံယူချက်တစ်ခုတော့ရှိသည်။ ဆိပ် ကမ်းတွင် ပေပေတေတေ လေလွင့်နေရပေမယ့် သူက ဘယ်တော့ မှ အကျင့်ပျက်သည့်လူတွေနှင့် မပေါင်း။ လူရွေးပေါင်းသည်။ သူ့ ရှင်သန်ရေးခံယူချက်က ရှင်းသည်။ အသက်ရှည်ရှည်နေနိုင်ဖို့နှင့် ရန်မဖြစ်ဖို့ဘဲဖြစ်သည်။
ထို့ကြောင့်လည်း ”လူလေး၊ မင်းကို အမေမွေးစားမယ်။အမေနဲ့နေရင်တော့ အရက်မသောက်ရဘူး။ အရက်ကိုဖြတ်နိုင် ရင်တော့ မင်းကို မွေးစားမယ်။ အမေတို့ဆီလိုက်ခဲ့ဆိုပြီး ခေါ်သွား တာ”ဟု လွန်ခဲ့သည့်သုံးနှစ်ကျော်က ဘယ်ကျော့်ကို ခေါ်ယူမွေး စားခဲ့ပုံကို ဒေါ်မြင့်အေးက ထမင်းဆိုင်နောက်ဘက်တွင် ထိုင်နေ ရင်းက ပြန်ပြောပြသည်။
အရင်တုန်းကဆိုလျှင် အရက်ကို နေ့ည တရစပ်သောက် သည်။ အရက်သောက်နေမှလည်း အလောင်းဆယ်ဖို့ အားအင် တွေ ရှိလာသည်ဟု သူကဆိုသည်။ တော်ရုံစိတ်နှင့်ဆို ပိန်ပိန်ပါး ပါး သူ့ကိုယ်ခန္ဓာနှင့် အလောင်းကို မဖို့ မလွယ်။ လေတိုက်လျှင် လဲတော့ မည့်ပုံ။ အချိန်ပြည့်မူးနေသည့်အတွက်လည်း သူက ဆိပ်ကမ်းတွင် ခဏခဏအနိုင်ကျင့်ခံခဲ့ရသည်ဟုဆိုသည်။ မူးပြီး ယိုင်နေသည့် သူ့ကို ကမ်းနားတွင်နေသည့်သူအချင်းချင်းက လည်း ရိုက်လိုက်ပုတ်လိုက် တွန်းလိုက်ထိုးလိုက်နှင့်လုပ်ကြသည်။ အမူးလွန်နေသည့်အတွက် သူ့ကိုအနိုင်ကျင့်သူများကို သူ ပြန် မလုပ်နိုင်ခဲ့။
တစ်ခါတော့သူ့ဘဝကို ကောင်းကောင်းမွန်မွန်ဖြစ်စေတော့ မည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ခါတိုင်းအရက်မူးသည့်အခါ သူ့ကိုအနိုင်ကျင့်နေသည့်သူတွေကြားထဲတွင် သူနှင့် ဆိပ်ကမ်း တွင်ပေါင်းနေသည့် သူငယ်ချင်းအရင်းကြီးကပါ ပါဝင်လာပြီး သူ့ ကို အနိုင်ကျင့်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က သူငယ်ချင်းဖြစ်သူတွန်းထုတ်လိုက်သဖြင့် ဘယ် ကျော်တစ်ယောက် ခြေတွေ၊ လက်တွေ၊ ဒူးတွေ ပွန်းပဲ့ကုန်၏။ သူ စိတ်ထဲနာကျင်သွားသည်။ ဒီအရက်ကြောင့် သူအမြဲတမ်း အနိုင် ကျင့်ခံနေရတာဟု တွေးမိလိုက်သည်။ ဒါကြောင့် အရက်ကို ဖြတ် ဖို့ သူဆုံးဖြတ်ခဲ့လေသည်။
ဖြတ်ခါစက သူ့စိတ်တွေ ဂနာမငြိမ်။ အကြာကြီးစွဲသောက် လာသည့် အရက်ကို တိကနဲဖြတ်ပစ်သဖြင့် စိတ်နောက်သလို တောင် ဖြစ်သွားခဲ့ပြီး ဆိပ်ကမ်းတွင် ဘောင်းဘီတိုလေးတစ် ထည်နှင့်လျှောက် ပြေးနေသည်ဟု ဘယ်ကျော့်ကိုမွေးစားခဲ့သည့် ဒေါ်မြင့်အေးက ပြန်ပြောပြသည်။
ထိုစဉ်ကလည်း ဒေါ်မြင့်အေးကပင် ဘယ်ကျော့်ကို ဆေး ဝယ်တိုက်ခဲ့သည်။ ထမင်းကျွေးခဲ့ရသည်။ ဘယ်ကျော်ကလည်း ဒေါ်မြင့်အေးပြောစကားဆို နားထောင်သည်။ အခုတော့ အရက် လည်းပြတ်သွားပြီ။ အရင်ကလို ဆိပ်ကမ်းတွင် ပေပေတေတေ နေရသည့် ဘဝမဟုတ်တော့။ ပိန်ပိန်မည်းမည်းနှင့် လေတိုက်လျှင် လဲတော့မည့် ခန္ဓာကိုယ်လည်းမဟုတ်တော့။ ဝဝလုံးလုံးဖြစ်နေပြီ။
လက်ရှိအချိန်တွင်ဘယ်ကျော်က ဒေါ်မြင့်အေးဖွင့်ထား သည့် ထမင်းဆိုင်တွင် ဦးစီးဦးဆောင် လုပ်ကိုင်နေပြီး ဒေါ်မြင့် အေးအိမ်မှာပင်အတူနေ၏။ ဒေါ်မြင့်အေးကလည်း ဘယ်ကျော့် ကို ဆိုင်အလုပ်သမားဟုမသတ်မှတ်၊ မိသားစုဝင်အဖြစ် သတ် မှတ်ထားသည်။
ဒီလိုနေထိုင်နေရသည့် ဘယ်ကျော်တစ်ယောက် အလောင်း ဆယ်သည့်ဝါသနာကိုတော့ သူမစွန့်လွှတ်နိုင်သေး။ ကုသိုလ်ရ သည့် လုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်နေဆဲပင်။ သို့ပေမဲ့ အလောင်း တိုင်းတော့ သူမကိုင်တွယ်ဖြစ်တော့။ ဆိပ်ကမ်းတွင် သူသင်ပြပေး ထားသည့် တပည့်တွေနှင့် လွှဲထားတတ်သည်။
သူများမဆယ်နိုင်သည့် ချောင်ကြိုချောင်ကြားထဲက အလောင်းများနှင့် ခက်ခက်ခဲခဲဆယ်ရမည့် အလောင်းမျိုး ဆို လျှင်တော့ သူကိုယ်တိုင်သွားဆယ်ပေးသည်။
အရက်ပြတ်သွားပြီးနောက်တွင်တော့ အလောင်းများကို ကိုင်တွယ်ရာ တွင် ယခင်နဲ့မတူတော့။ အရင်ကတော့ တွေ့သည့်အလောင်းကို မည်သည့်နေရာမှာမဆို ဆယ်တတ်၊ သယ်တတ်သော်လည်း ယခုမူ သူ ရှက်တတ်လာခဲ့လေပြီ။ အမြဲတော့ မဟုတ်။ တစ်ခါတလေ အလောင်း ဆယ်သည့်အခါ ဝိုင်းအုံကြည့်သည့် လူ များတွင် သူနှင့် ရွယ်တူကောင်မလေး တွေလည်း ပါသည့်အခါ သူမနေတတ် တော့။ အဲဒီအခါ လူတွေကို သူမကြည့် တော့ဘဲ သူ့အလုပ်ကိုသာ အာရုံစိုက် ပြီး လုပ်တော့သည်ဟု သူက ဆိုပါသည်။
”အနားမှာ(လူတွေ)အုံလာတဲ့ အချိန်သူတို့ကို ပြန်ကြက် သီးထနေရ တယ်။ အလောင်းကို ကြက်သီးမထ ဘူး။ တစ်ခါတလေ ကျရင်လည်း ရှက် တာပေါ့” ဟု ဘယ်ကျော်က ရယ် လျက် ဆိုသည်။
လူပျိုပေါက်အရွယ်လွန်လာခဲ့ပြီ ဖြစ်သော ဘယ်ကျော့်ကို အိမ်ထောင် ပြုဖို့ရော စဉ်းစားထားသလားဟု ကျွန် တော်က မေးလိုက်သည်။ သူက မဆိုင်း မတွပင် မစဉ်းစားဘူးဟုပြန်ဖြေသည်။ သူ့လို အိမ်မရှိ၊ ယာမရှိ ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ရှာစားနေရသူအဖို့ အိမ်ထောင်ပြု ဖို့မဆိုထားနှင့်၊ ရည်းစားတောင်ထားဖို့ မစဉ်းစားဘူးဟု ဘယ် ကျော်က ခပ်လေးလေးဆိုပါသည်။ တစ်ခါတလေတော့ သူများ အတွဲတွေမြင်ရင် သူက အားကျတတ်သည်။ စိတ်အားလည်း ငယ်မိသည်။
”သူများတကာတွေက တော်ရုံတန်ရုံ နှလုံးသားရေးရာကို စဉ်းစားပိုင်ခွင့်ရှိတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ နှလုံး သားရေးရာကို စဉ်းစားပိုင်ခွင့် မရှိသေးပါဘူးဗျာ”ဟု သူက ဆို ရှာသည်။
ဘယ်ကျော်က အိမ်ထောင်ပြုဖို့ မစဉ်းစားပေမယ့် သူ့ကို လက်ထပ်ဖို့ စဉ်းစားသည့်တစ်ဦးတော့ ရှိခဲ့ဖူးသည်။ ကျိုတ် လတ်က အိန္ဒိယနွယ်ဖွားအမျိုးသမီးတစ်ဦးဖြစ်သည်။ ထမင်းဆိုင် တွင် လုပ်ကိုင်နေသည့် ဘယ်ကျော့်ကို မြင်မြင်ချင်း စိတ်ဝင်စား ကာ ဘယ်ကျော့် မွေးစားအမေထံ လာတောင်းလေ၏။
ဒေါ်မြင့်အေးကတော့ သူ့သဘောဟုဆိုသည်။ ဘယ်ကျော် က လက်မခံခဲ့။ ဘယ်ကမှန်းလည်း မသိ။ ဘာသာကလည်း မတူ။ သူ့ဒေသရောက်လျှင် ဘာမှ လုပ်ကိုင်တတ်မည်လည်း မဟုတ် သောကြောင့် ထိုအမျိုးသမီး၏ တောင်း ဆိုချက်ကို လက်မခံခဲ့ဟု ပြန်ပြော ပြသည်။
ယခုဆိုလျှင်တော့ ဘယ်ကျော့် အသက်က ၂၈ နှစ်ရှိပြီ ဖြစ်သည်။ သို့ သော်ဒီအသက်က သူခန့်မှန်းပြောခြင်း ဖြစ်သည်။ သူ့ မွေးနေ့ကိုလည်း သူက မမှတ်မိ။ သူ့အမေပြောဖူးတာတော့ သူ့ မွေးပြီး အရေးအခင်းထဲ ထွက်ပြေးနေ ရသည်ဟုတော့ သူကြားဖူးသည်။ ဘယ်အရေးအခင်းမှန်းလဲတော့ သူ မသိ။ သူ့ရုပ်ရည်ကို ခန့်မှန်းကြည့် လိုက်သောအခါ သုံးဆယ်ကျော်အရွယ် ဟု ထင်မှတ်ရသည်။
ကောင်းကောင်းမွန်မွန်နေထိုင် လာသည့်အချိန်တွင် အလောင်း ဆယ်ရခြင်းကို သူရှက်တတ်လာသော ကြောင့် ဒီအလုပ်ကို ဘယ်အချိန်စွန့်ပစ် မလဲဟု ကျွန်တော်က ဘယ်ကျော့်ကို မေးသည်။ သူက ကံကောင်းလွန်းပြီး ထီပေါက်ကာ ချမ်းသာသွားမှ ဒီအလုပ် ကို စွန့်ပစ်နိုင်မည်ဟု သူကရယ်လျက် ပြောပါသည်။
ဒီဘဝ ထီမပေါက်လည်း ကိစ္စမရှိ။ သူလုပ်ခဲ့သော ကုသိုလ် ကောင်းမှုတွေကြောင့် နောက်ဘဝရောက်လျှင်တော့ ချမ်းချမ်း သာသာနေရမည်ဟု သူက ယုံကြည်နေသည်။ ဒီအတွက်လည်း သူက ယခုအချိန်မှာ သေရမည်ကိုလည်း မကြောက်တော့။ သူ့ ကုသိုလ်ကောင်းမှုတွေကို ယုံကြည်ပြီး သူက ယခုလိုဆိုသည်။
”ကျွန်တော်သေရင် သေလို့ ရပြီ” ။ ။
၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉) မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်သည်။
သက်ဦးမွန် ရေးသည်။