ကျောက်ဆည်က ဥပဒေစိုးမိုးရေးရှာပုံတော်
မြတ် (ကလေး)
The Voice Weekly, May 19, 2018
“မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ။ အခု မြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ”
အထက်ပါစကားသည် ကျောက်ဆည် မြို့မရဲစခန်းထဲမှ ထွက်ပေါ်လာသည့်စကားဖြစ်သည်။ ပြောဆိုသူက ဒုရဲမှူး အဆင့်ရှိသည့် အဆိုပါစခန်း၏ စခန်းမှူး ဒုရဲမှူးမြင့်ဦး ဖြစ်သည်။
တရားမဝင် သစ်ကားတစ်စီးကို ဖမ်းဆီးခဲ့သည့် ရဲတပ်သားနှစ်ဦးကို စခန်းမှူးရုံးခန်းအတွင်း ခေါ်ယူပြီး တစ်နာရီခန့် ကြာအောင် မတ်တတ်ရပ်စေ၍ အထက်ပါ စကားအတိုင်း ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်ရဲတပ်သားတို့က ပြန်လည်ပြောကြားသည်။
ထိုနေ့က သင်္ကြန်ကာလအပြီး တစ်ပတ်ခန့်အကြာ ဧပြီလ ၂၅ရက်နေ့ ဖြစ်သည်။ ကျောက်ဆည်မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးတို့သည် လက်ဖက်ရည်သောက်ရန်အတွက် မြို့ထဲသို့ ည ၁၀ နာရီခန့်တွင် ထွက်လာခဲ့ကြသည်။
ရဲတပ်သားထွန်းထွန်းဝင်းနှင့် ရဲတပ်သားဇေယျာမောင်တို့သည် ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ အရောက်တွင် မသင်္ကာဖွယ် အပြာရောင်ဖောကားတစ်စီး တွေ့သဖြင့် ဆိုင်ကယ်ဖြင့် နောက်ကလိုက်ခဲ့သည်။ မိမိတို့ လိုက်သည့်အခါမှ ကားက အရှိန်ပိုမြန်သွားသည်။
ထိုသို့လိုက်လာရင်း ဖျောက်ဆိပ်ပင် ကျေးရွာအနီး ရဲရွာလမ်းဆုံတွင် ကားကိုတားဆီးပြီး စစ်ဆေးခဲ့ရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှစ်ဦးနှင့်အတူ ဖွဲအိတ်များဖြင့် ဖုံးထားသည့် ပိတောက်တုံးများကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့်ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်ကိုကိုလင်းထံ သတင်းပို့သောအခါ စခန်းသို့ခေါ်ဆောင်သွားရန် အကြောင်းပြန်သဖြင့် ခေါ်ဆောင်ခဲ့စဉ် မိမိတို့နှစ်ဦးတည်းဖြစ်နေသဖြင့် သူငယ်ချင်းများဖြစ်သည့် ရဲတပ်သားကျော်စိုးဝင်းနှင့် ရဲလင်းစိုးတို့ထံ ဖုန်းဆက်သွယ်၍ အကူအညီတောင်းခဲ့ရသည်။
ထိုအခိုက် မမျှော်လင့်သည့်အနှောင့်အယှက် ကြုံလာရသည်။ အိမ်စီးကားအဖြူရောင်တစ်စီးက ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးမောင်းနှင်လာသည့်ကားကို ရပ်တန့်ရန် ကြိုးစားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်တို့၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်အထိ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ကို ကာကွယ်ရင်း ရဲစခန်းသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် လိုက်လံနှောင့်ယှက်သည့် အိမ်စီးကား အဖြူရောင်က ကျော်တက်သွားပြီး ရဲစခန်းရှေ့လမ်းကြားတွင် ရပ်တန့်နေသည်။
အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုကားအဖြူရောင်ထဲမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက် (အရပ်ဝတ်)နှင့် ပြည်ပန်းရွာနေ မုံလာ(ခ)အောင်မိုးစိုးတို့နှစ်ဦး ဆင်းလာသည်ကို ကားမီးရောင်ဖြင့် မြင်လိုက်ကြရသည်။
တာဝန်မှူးထံ မအပ်နှံခင် ရဲတပ်သားထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့ကိုစခန်းမှူး (ဟောင်း) ဒုရဲမှူးမြင့်ဦးက ရုံးခန်းအတွင်း ခေါ်ယူ၍ဆူပူကြိမ်းမောင်းခဲ့သည်။
ယင်းဖြစ်စဉ်သည် ကျောက်ဆည်မြို့မစခန်းမှူး အပြောင်းအလဲပြုလုပ်ရန် ရက်ပိုင်းအလိုတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ထိုနေ့ညဖြစ်စဉ်တွင် စခန်းမှူးနှစ်ဦးစလုံးလည်း ရှိနေခဲ့သည်။အဆိုပါရာထူးနေရာအတွက် ပြောင်းရွှေ့လာသူမှာ ဒုရဲမှူးဝင်းနိုင်ဖြစ်သည်။
စခန်းမှူး (ဟောင်း) က ကြိမ်းမောင်းရုံဖြင့် မပြီးသေး။ သစ်မှောင်ခိုကားမောင်းနှင်သည့် ယာဉ်မောင်းနှင့် စပယ်ယာနှစ်ဦးကို စခန်းရှေ့တွင်ရပ်ထားသည့် မုံလာ(ခ)အောင်မိုးစိုး၏ ကားပေါ်သို့ နယ်ထိန်း ဒုတပ်ကြပ် ချစ်စန်းကိုဆိုသူက လိုက်လံ ပို့ဆောင်၍ ပြန်လွှတ်ပေးခဲ့သည်။
တာဝန်မှူးအဖြစ် ဆောင်ရွက်နေသည့် ဒုရဲအုပ်ကိုကိုလင်းသည်လည်း ထိုအချိန်တွင် ဆေးရုံကြီးသို့ တာဝန်တစ်ခုဖြင့် သွားနေရာမှ စခန်းသို့ ပြန်လည်ရောက်လာပြီး အမှုဖွင့်ရန်ပြင်ဆင်စဉ် တရားခံ (ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်) များ မရှိတော့သဖြင့် စကားများရာ စခန်းမှူးက တာဝန်မှူးကို အမှုမကိုင်ခိုင်းတော့ဘဲ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်ကို လွှဲပြောင်းစစ်ဆေးစေခဲ့ပြီး အမှုကို ပိုင်ရှင်မဲ့ဟု ဆောင်ရွက်ခဲ့သည်။
ယင်းဖြစ်ရပ်သည် ထိုနေ့ညက မည်သူမှမသိကြသော်လည်း နောက်တစ်နေ့တွင် လူမှုကွန်ရက်တွင် တစ်စုံတစ်ယောက်က ဖော်ပြခဲ့သည်။ ထိုဖော်ပြမှုကို ကျောက်ဆည်ဒေသခံ ကိုစိုးသီဟက တွေ့ရှိရာမှ ကျောက်ဆည်မြို့၏ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေခြင်းကို ဖော်ထုတ်ရေး စတင်ခဲ့သည်။
ကိုစိုးသီဟနေထိုင်ရာသည် ရဲစခန်းနှင့် နီးကပ်နေပြီး ထိုဖြစ်စဉ် ဟုတ် မဟုတ် အတည်ပြုနိုင်ရန်နှင့် ဟုတ်ခဲ့လျှင် ရဲတပ်သားများကို အကူအညီပေးနိုင်ရန်အတွက် ကာယကံရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
“ရဲတပ်သားထွန်းထွန်းဝင်းနဲ့ တွေ့တယ်။ သစ်ကားဖမ်းလိုက်တဲ့အတွက် သူတို့မှာ အန္တရာယ်ရှိနေတယ်။ သတင်းမီဒီယာနဲ့ တွေ့ပြီး ဖြေလိုက်လို့ရှိရင် သူ့ကို အရေးယူခံရမှာကိုလည်း စိုးနေရတယ်။ ငါ့ညီကို အရေးယူမှုမရှိအောင် အစ်ကိုတို့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုပြီး သေချာရှင်းပြတဲ့အခါ ကျမှဒီဖြစ်စဉ်က ပေါ်ပေါက်ခဲ့တာပါ” ဟု ကိုစိုးသီဟက သူ ဆောင်ရွက်ခဲ့ပုံကို ပြန်လည်ပြောပြသည်။
ကိုစိုးသီဟသည် ယခင်က ကျောက်ဆည်မြို့နယ် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုကဲ့သို့ အဂတိလိုက်စားမှု၊ တရားဥပဒေစိုးမိုးရေးပျက်ပြားနေမှု ဖြစ်စဉ်ကို သိလိုက်ရသည့်အခါ ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်ရန်အတွက် ဆုံးဖြတ်လိုက်ပြီး ကျောက်ဆည် ၈၈ငြိမ်း/ပွင့် တာဝန်ရှိသူများနှင့်တိုင်ပင်ခဲ့သည်။
ဖြစ်စဉ်များကို ပြန်လည်လေ့လာသုံးသပ်ပြီး အကျင့်ပျက်ရဲဝန်ထမ်းများကို အရေးယူပေးရန်နှင့် တာဝန်သိရဲတပ်သားများကို ကာကွယ်ပေးနိုင်ရန်အတွက် မေလ ၂ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားစာတစ်စောင် ပေးပို့လိုက်သည်။
ယင်းတိုင်ကြားစာကို ကိုစိုးသီဟနှင့် ကျောက်ဆည် ၈၈ ငြိမ်း/ပွင့်တာဝန်ခံ ဦးကိုကိုလွင်တို့က တိုင်ကြားခြင်းဖြစ်ပြီး ဖြစ်စဉ်မှန်ကန်ကြောင်း ကာယကံရှင် ရဲတပ်သားငါးဦးက ထောက်ခံပေးခဲ့ကြသည်။
“ဖြစ်စဉ်မှာ ရဲတပ်သားလေးဦးပဲ ပါပေမယ့် နောက်တစ်ဦးဖြစ်တဲ့ ရဲတပ်သားချစ်ကိုကလည်း အဲဒီနေ့က လက်ဖက်ရည်ဆိုင်ကအပြန် စခန်းကို အဝင်မှာ အဲဒီ ဖြစ်စဉ်ကို မြင်လိုက်ရတယ်။ တရားခံ နှစ်ယောက်ကို မုံလာက ခေါ်ထုတ်ပြီး ကားပေါ်တင်သွားတာကို မြင်လိုက်ရတဲ့အတွက် ဒီဖြစ်စဉ်မှန်ကန်ကြောင်းကို သက်သေပြုပေးတာ” ဟု ကိုစိုးသီဟက ရှင်းပြသည်။
တိုင်ကြားမှုအပြီး နောက်တစ်နေ့ မေလ ၃ ရက်နေ့တွင် တိုင်ကြားစာတွင်မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခဲ့သည့် ရဲတပ်သားငါးဦးကို စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်ယူစစ်ဆေးခဲ့သည်။
ဥပဒေမဲ့လုပ်ရပ်များကို ပြည်သူများ သိရှိနိုင်ရန် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် စိုးရိမ်စိတ်များရှိသည်ဟု တိုင်ကြားရာတွင် ပါဝင်သည့် ရဲတပ်သားတစ်ဦးက ဆိုသည်။
ထို့ပြင် ယင်းတိုင်ကြားမှုကြောင့် စုံခုံစစ်ဆေးသည့်အနေနှင့် မေလ ၄ ရက်နေ့တွင် တိုင်ကြားသူနှစ်ဦးနှင့် မြို့နယ်သစ်တော၊ မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တိုင်းရဲတပ်ဖွဲ့က ဦးဆောင်၍ စစ်ဆေးခဲ့သည်။
သစ်မှောင်ခိုကားကို ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်သည် အခြားမြို့နယ်များတွင်လည်း ရှိတတ်ပြီး ထူးခြားသည့် ဖြစ်ရပ်တစ်ခုတော့ မဟုတ်ပေ။ သို့သော် ကျောက်ဆည်မြို့အတွက်မူ ထူးခြားနေသည်။
ပို၍ထူးခြားသည်က သစ်မှောင်ခို ကားပေါ်ပါလာသူနှစ်ဦးကို မုံလာ(ခ)အောင်မိုးစိုးဆိုသူက လာရောက်ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ ကျောက်ဆည်ဒေသခံတို့၏ ပြောဆိုချက်အရ မုံလာဆိုသူသည် ကျောက်ဆည်မြို့၏ ဒုစရိုက်မှုများကို ကြီးစိုးထားသူ ဖြစ်သည်။ သစ်၊ နွား၊ ဆေး စသည့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်မည်ဆိုလျှင် သူ့ကို ဦးစွာဆက်သွယ်ရသည်။ ထိုအခါမှသာ လမ်းကြောင်းရှင်းမည် ဖြစ်သည်။
“မုံလာကို ကြောက်ရွံ့တဲ့ပုံစံက အပြင်မှာ မုံလာလို့တောင် မပြောရဲဘဲ ဟိုလူ၊ ဟိုလူလို့ ပြောခဲ့ကြရတယ်။ အဲလောက်ထိ ဩဇာသက်ရောက်မှု ရှိနေတဲ့အချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ်ခွင့်ရတဲ့အတွက် ကျောက်ဆည်ဒေသခံတွေကလည်း ဝမ်းသာနေပါတယ်” ဟု ကိုစိုးသီဟက ရှင်းပြသည်။
မုံလာဆိုသူသည် အတန်းပညာမရှိသော်လည်း ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာတွင် ကျပ်သိန်းပေါင်းများစွာတန်သည့် နေအိမ်ခြံဝင်း၊ တိုက်၊ ကား စသည်တို့အပြင် ကျောက်ဆည်မြို့ပေါ်မှ အရာရှိများကို ဧည့်ခံရန် ကိုယ်ပိုင် KTV တို့ကိုပါ ဖန်တီးပေးထားသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
လူတစ်ဦး တစ်ယောက် ထောင်ကျ၊ အလုပ်ပြုတ်သည့်အတွက် ဝမ်းသာခြင်း မဟုတ်ဘဲ ကျောက်ဆည်မြို့၏ တရားဥပဒေစိုးမိုးရေး အလားအလာကို ဖော်ဆောင်နိုင်ခြင်းကြောင့် အားလုံးက ဝမ်းသာကြကြောင်း ကျောက်ဆည် ၈၈ ငြိမ်း/ပွင့်တာဝန်ခံ ဦးကိုကိုလွင်က ဆိုသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် စခန်းမှူးနှစ်ဦး၊ နယ်ထိန်းခေါင်းဆောင်ရဲအုပ်၊ အပိုင်နယ်ထိန်း ဒုတပ်ကြပ်နှင့် တာဝန်မှူး စုစုပေါင်းငါးဦးကို ရဲစည်းကမ်းဖြင့် အရေးယူထားသည်ဟု ကျောက်ဆည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။
ယင်းအပြင် မုံလာ (ခ)အောင်မိုးစိုးဆိုသူကိုလည်း မေလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“မုံလာလို ဒုစရိုက်သမားတစ်ယောက်ကို ဖမ်းဆီးမိဖို့ ပေးဆပ်လိုက်ရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပေးဆပ်မှုကလည်း ကြီးပါတယ်” ဟု ရဲတပ်သားငါးဦးကို ရည်ညွှန်း၍ ဦးစိုးသီဟက ပြောသည်။
ရဲတပ်ဖွဲ့အတွင်း မတရားမှုများကို ဖော်ထုတ်ခဲ့သည့် ရဲတပ်သားငါးဦးကိုကာကွယ်ပေးနိုင်ရန်အတွက် ကျောက်ဆည်ဒေသခံ လူမှုအဖွဲ့အစည်းအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့တွင်ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ရဲတပ်သားများ နယ်မပြောင်းရွှေ့စေရန်၊ အရေးယူခြင်းမခံစေရန်၊ ဌာနတွင်း မတရားမှုများကို ဖော်ထုတ်မည့် ဝန်ထမ်းများကို အကာအကွယ်ပေးနိုင်ရန်အတွက် ဆွေးနွေးခဲ့သည်ဟု ကျောက်ဆည်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်ကဆိုသည်။
“သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမှာပါ။ မြို့နယ်မှာ အဲဒီလို ဝိုင်းဝန်းလုပ်တဲ့ အကျင့်လေးရသွားတာကို သဘောကျတယ်။ နောင်ကိုလည်း ဒီလို ဝိုင်းဝန်းကူညီပေးပါ” ဟု ဒေါက်တာ တင်အောင်က ပြောဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်အချိန်တွင် တာဝန်မှူးဖြစ်သည့် ဒုရဲအုပ်ကိုကိုလင်းကို အရေးယူထားသည်မှာ တရားမျှတမှုမရှိကြောင်း၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ တာဝန်မှူးဖြစ်နေသည့်အတွက် အရေးယူခြင်းသည် ပြင်းထန်သည်ဟုယူဆကြောင်း ကျောက်ဆည် ၈၈ ငြိမ်း/ပွင့်တာဝန်ခံ ဦးကိုကိုလွင်က ဆိုသည်။
“တာဝန်ရှိတဲ့ မြို့နယ်မှူးကိုတော့ နုတ်ထွက်စာတင်ခိုင်းတယ်ဆိုတာလောက်ပဲ အရေးယူမယ်လို့ သိရတယ်။ ဒုရဲအုပ်ကိုကိုလင်းကိုတော့ အရေးယူတယ်၊ ထောင်ချမယ်ဆိုရင်တော့ ပြစ်ဒဏ်တွေက မမျှတဘူး” ဟု ၎င်းက ပြောသည်။
ထိုနေ့ညက ဒုရဲအုပ်ကိုကိုလင်းမှာ တာဝန်မှူးတာဝန်ယူထားချိန်ဖြစ်၍ ဖြစ်စဉ်အကုန်သိရမည်ဟု ယူဆပုံရကြောင်း၊ ၎င်းကို မစစ်ဆေး၍ မရသဖြင့် ဖြစ်စဉ်တွင် မပါဝင်ပါက ဥပဒေကြောင်းအရ လွတ်မြောက်နိုင်ကြောင်း ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်က ဆိုသည်။
လက်ရှိတွင် စခန်းမှူးနှစ်ဦး၊ နယ်ထိန်းနှစ်ဦးနှင့် တာဝန်မှူးတို့ကို ရဲစည်းကမ်းဖြင့် စစ်ဆေးနေသည်မှာ မှန်ကန်ပြီး မိမိပါ စစ်ဆေးခံရသည့်အထဲတွင် ပါဝင်ကြောင်း ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ဆိုသည်။
မုံလာဆိုသူကို ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ကျန်တရားခံများကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားစာတွင် ပါဝင်သည့် “မင်းတို့ကို ဘယ်သူကဖမ်းခိုင်းလို့ ဖမ်းတာလဲ။ အခု မြို့နယ်မှူးက လွှတ်ပေးဖို့ငါ့ကိုကြိမ်းနေပြီ” ဟု စခန်းမှူးက ပြောဆိုခဲ့သည့် စကားအပေါ်ကိုမူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
“ဒါက စစ်ဆေးရင်တော့ (အဖြစ်မှန်) ပေါ်ပေါက်သွားမှာပါ” ဟုရဲမှူးဇော်ဝင်းက ပြောဆိုသည်။
သစ်မှောင်ခိုကား ဖမ်းဆီးရာမှ ပေါ်ပေါက်လာခဲ့သည့် ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့အတွင်းမှ အကျင့်ပျက်ခြစားမှုသည် လာဘ်ပေးလာဘ်ယူမှုများ ရှိမရှိ သိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ မေလ ၄ ရက်နေ့တွင် ထပ်မံတိုင်ကြားခဲ့ကြောင်း ကျောက်ဆည် ၈၈ ငြိမ်း/ပွင့်ထံမှ သိရသည်။
ယခုအဖြစ်အပျက်အပေါ် ကျောက်ဆည်ဒေသခံတို့က ကျေနပ်အားရမှုများရှိကာ ရဲတပ်သားများကို ချီးကျူး ထောပနာပြုနေကြပြီး ယင်းသည် ရဲတပ်ဖွဲ့ဝင်တို့အကြား စိတ်ဝမ်းကွဲအောင်ပြုလုပ်နေခြင်း မဟုတ်ကြောင်း၊
အမှန်တရားကို ဖော်ထုတ်ရဲသူများကို ပြည်သူများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပါ ချီးမြှောက်သင့်ကြောင်း ဦးစိုးသီဟက ဆိုသည်။
“ရဲရဲဝံ့ဝံ့အဖြစ်မှန်ကို ဖော်ထုတ်ရဲရမယ်။ ဒါမှသာလျှင် ပြောင်းလဲမှုသွားနိုင်မယ်။ ကိုယ့်ရဲ့ အထက်အရာရှိ မဟုတ်တာလုပ်ရင်တောင် သူတို့မှာ တင်ပြဖို့ အခက်အခဲအများကြီးရှိတယ်” ဟုလက်ရှိဌာနဆိုင်ရာများအကြား မတရားမှုများ ပေါ်ပေါက်ရန် ခက်ခဲပုံကို ၎င်းကရှင်းပြသည်။
“ဒီလိုအမှန်တရားကို ထုတ်ဖော်ချင်တဲ့ ဝန်ထမ်းတွေအတွက်လည်း ကာကွယ်ပေးမှနောက်နောင်ထပ်မံပြီးမှ ဝန်ထမ်းကောင်းတွေ ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟုဦးစိုးသီဟက ဆက်လက်ပြောဆိုသည်။
အမှန်တရားဖော်ထုတ်ခဲ့သည့် ရဲတပ်သားငါးဦးကို ၎င်းတို့၏ဆန္ဒမပါဘဲ ပြောင်းရွှေ့ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက လာရောက်ပြောဆိုခဲ့သည်ဟု ကာယကံရှင်များထံမှ သိရသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေသည့် သူများ၊ ထိုသူတို့နှင့် ပူးပေါင်း၍ အကျင့်ပျက်ခြစားနေသည့် ဝန်ထမ်းများကို ဖော်ထုတ်လိုက်ခြင်းကြောင့်
အသက်အန္တရာယ်ထိခိုက်လောက်အောင် ခြိမ်းခြောက်ပြုမူမှုများ မကြုံတွေ့ရသေးသော်လည်း သတိထား၍ သွားလာနေရသည်ဟု ကျောက်ဆည် ၈၈ငြိမ်း/ပွင့်က ဆိုသည်။
မိမိတို့၏ ရည်ရွယ်ချက်သည် ကျောက်ဆည်မြို့ကို ခြိမ်းခြောက်နေသည့် မုံလာ(ခ) အောင်မိုးစိုးနှင့် ၎င်း၏ နောက်ကွယ်မှ စေခိုင်းသူ၊ ပူးပေါင်းပါဝင်သူများကိုပါ ထပ်မံပေါ်ပေါက်လာရန်ဖြစ်ကြောင်း ကျောက်ဆည်မြို့
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်လည်းဖြစ်သည့် ဦးစိုးသီဟက ဖွင့်ဟသည်။
ယင်းအတွက် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတို့က ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ဥပဒေစိုးမိုးရေးအတွက် အမှန်တရားများဖော်ထုတ်ရန် ပြိုင်ပွဲက ပြီးဆုံးသွားခြင်းမဟုတ်ဘဲ
ယခုမှစသည်ဟု ၎င်းက ပြောသည်။
“ဒါမျိုးဖော်ထုတ်တဲ့ ကျွန်တော်တို့လို အရပ်ဘက်အဖွဲ့အစည်းကော၊ ရဲတပ်ဖွဲ့ဝင်တွေကော လုံခြုံမှုမရှိဘူးဆို နောင်နောင် ဒါမျိုးကိစ္စဖော်ထုတ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး”