အင်းလျားကန်ကို ကယ်တင်ကြ
By ဟိန်းသာ On Wed, 2017-03-15 08:30 Issue No. အတွဲ (၁၆)၊ အမှတ် (၂)
ရေပြင်ကျယ်ကြီးနှင့် မြက်ခင်းစိမ်း ကန်ပေါင်တို့က နှစ်ပေါင်းများစွာမှ ယခုတိုင်အောင် ရန်ကုန်နှင့် တစ်သားတည်းရှိနေခဲ့သည်။ အရောင်အသွေးစုံသည့် လူပေါင်းများစွာကို သည်မြက်ခင်းစိမ်းတို့က နေ့ညမပြတ် ထမ်းပိုးထားလေ့ရှိသည်။ လှုပ်ရှားပြေးလွှားနေသော လူများ၊ ငြိမ်သက်ငေးမောနေသော လူများနှင့်သည် နေရာသည် ရန်ကုန်မြို့၏ အလှပဆုံးသော နေရာတစ်ခုပင်ဖြစ်သည်။
နံနက်ပိုင်းတွင် ကန်ပေါင်ပေါ်၌လှုပ်ရှားပြေးသွားနေသူများရှိသည်။ နေ့လယ်ပိုင်းတွင် အပျင်းပြေမုန့်စားရင်း၊ စကားပြောရင်း လာလည်သူများရှိသည်။ ညပိုင်းချိန်များဆိုလျှင် အင်းလျားက လည်ပတ်အပန်းဖြေစရာ။ အခါ ကြီးရက်ကြီးများဆိုလျှင် အင်း လျားကန်ပေါင်က တိုးမပေါက် တော့။ အင်းလျားကန်ပေါင် တံတားဖြူနှင့် လမ်းနီနှစ်ခုရှိသည့် အနက် ပြည်လမ်းတံတားဖြူကန် ပေါင်က လူပို၍ စည်သည်။ ကန် ပေါင်တွင် လမ်းလျှောက်သည်၊ မုန့်စားသည်၊ အပန်းဖြေသည်။ ရန်ကုန်၏အလှအပက အင်းလျား ကန်ပေါင်ပါမှ ပြည့်စုံသည်။
အင်းလျား၏ ရန်သူ
အင်းလျားသည် ခေတ်အ ဆက်ဆက် ရန်ကုန်နှင့် တစ်သား တည်းရှိခဲ့သော်လည်း ထိုကန် ပေါင်အင်းလျားကို ခြိမ်းခြောက် နေသည့် ဂိုဏ်းတစ်ခုတော့ ကျိန်း သေရှိနေပြီဖြစ်သည်။ အဆိုပါ ဂိုဏ်းကို အင်းလျားကန်ပေါင်သို့ လာသော စည်းကမ်းပျက်မုန့်နှင့်အ မှိုက်စွန့်ပစ်ခဲ့သူများက နှစ်ပေါင်း များစွာ ကျွေးမွေးလာသော ဂိုဏ်း ဖြစ်သည်။ အင်းလျား၏ ကန်ပေါင် နှစ်ခုစလုံး၌ ပုန်းရင်းခိုရင်း ည ဘက်များတွင် ကျင်လည်ကျက် စားရင်း အင်အားချဲ့လာသော ဂိုဏ်းလည်းဖြစ်သည်။ ၎င်းတို့က မြေကြွက်များပင်ဖြစ်သည်။
နေ့ဘက်တွင် အင်းလျား၏ ကန်ပေါင်နှစ်ဖက်သည် လူပေါင်း များစွာကို တင်ဆောင်ထားရင်း သာယာသော နေရာတစ်ခုအဖြစ် တင့်တင့်တယ်တယ် ရှိနေပေ သည်။ သို့သော် ညဘက်တွင်တော့ လုံးတုတ်ဝဖြီးနေသော အမြီးတစ် ထွာခန့်ရှည်သည့် မြေကြွက်တို့က အင်းလျားကို မင်းမူတော့သည်။ သူတို့က နေ့ခင်းဘက်က လူတို့ချ ခဲ့သော အစာ အကြွင်းအကျန်များ ကိုစားသည်။ အမှိုက်သရိုက်များ ကို မှီဝဲရင်း အင်းလျားကို နယ်မြေ ချဲ့နေခြင်းဖြစ်သည်။ ညအခါ အင်းလျားကို လုံခြုံရေးတာဝန်ယူ သူများကတော့ ဒီဂိုဏ်းအင်အား ကြီးထွားလာပုံကို ကောင်းကောင်း သိသည်။ မည်းတူးလုံးတစ်နေ သော ဂိုဏ်းအဖွဲ့ဝင်များက ကန် ပေါင်တစ်လျှောက် တလှုပ်လှုပ် ပြေးနေကြသည်ကို သူတို့တွေ့ရ သည်။ အင်းလျား၏ မြက်ခင်းစိမ်း တွေကို ကိုက်ဖြတ်နေသည်ကို တွေ့ရသည်။ မြေကြီးတွေကို တ ဂျစ်ဂျစ်ခြစ်နေသည့်အသံတို့က လူခြေတိတ်ချိန် အင်းလျားတွင် မ ကြားချင်ဆုံးအသံဟု သူတို့ဆိုကြ သည်။
ဒီဂိုဏ်းက ရမ်းကား၍ အသိ ဉာဏ်မဲ့သည့်နည်းတူ အင်းလျား ကန်ပေါင်၏ အလှကို ပျက်စီးစေ သည်။ ကြွက်တွင်းများဖြင့် ပုံပျက် ပန်းပျက်ဖြစ်စေသည်။ ထို့အပြင် တွင်းများကြောင့် ကန်ပေါင်မြေပြို ကျမှုများလည်းဖြစ်စေနိုင်သည်။ သည်တင်မရပ်သေး၊ ဒီဂိုဏ်း၏ အန္တရာယ်က အင်းလျားကန်ပေါင် ၏ ကြံ့ခိုင်မှုကိုပါ ခြိမ်းခြောက်၍ လာသည်။ မြက်ခင်းစိမ်းစိမ်းနှင့် အင်းလျားသည် သူ့အလှအတိုင်းမဟုတ်တော့။ အပေါက်များ၊တွင်းများက ကလိုင်များနှင့်အကျည်းတန်နေသည့်အတွင်းပိုင်းကိုပါ ပိုင်ဆိုင် ထားပြီဖြစ်သည်။ အင်းလျားအလှကို ခံစားပြီး အင်းလျားအလှကို မရည်ရွယ်ဘဲ ဖျက်ဆီးခဲ့သလိုပင်။ အင်းအလျားအလှကို ခံစားနေသူ တွေကိုယ်တိုင်ပင်ဖြစ်သည်။
မြေကြွက်ဂိုဏ်း
သည်ဂိုဏ်းကို သက်ဆိုးရှည် ကာ အင်အားကြီးမားစေခဲ့သည်က တော့ အင်းလျားကန်ပေါင်ကို ယူ ဆောင်လာသည့် စားကြွင်းစား ကျန်များ၊ စည်းကမ်းမဲ့ စွန့်ပစ် သည့် အမှိုက်များက မြေကြွက်များ အတွက် အကောင်းဆုံး အာဟာရ များဖြစ်လာခဲ့သည်။ ထိုမျှတင်မက ကန်ပေါင်တွင် စားသောက်ဆိုင် ခန်းများနှင့် မုန့်ဆိုင်များ တန်းစီ၍ ရှိလာသော ထိုမြေကြွက်များအ တွက် အစာသိုက်ကြီး ဖြစ်လာ တော့သည်။ ဆိုင်များမှ စနစ်တ ကျမစွန့်ပစ်သော အမှိုက်များ၊ မ ပြောင်စင်သော အမှိုက်များက ကန်ပေါင်နှင့် ကန်စပ်တို့တွင် ပွထ လျက်အစာပုံကြီးဖြစ်လာသည်ကို သာမန်မျက်စိပင်မြင်နိုင်သည်။ သွားချွန်ချွန် အမြီးရှည်ရှည်ဖြင့် အနံ့ခံကောင်းသည့် ဂိုဏ်းသားများ အတွက်တော့ ဆိုဖွယ်ရာမရှိ တော့။
‘‘နေ့လယ်ဘက်ထိုင်နေတုန်း တောင် ခြေထောက်တွေအောက် ဖြတ်ဖြတ်သွားတတ်တယ်။ ကြွက် တွင်းတွေက မြက်နဲ့ဖုံးထားတော့ မမြင်ရဘူးဖြစ်နေတာ။ တော် တော်လေးသောင်းကျန်းတယ်။လူ တောင်တိုးတဲ့အထိဖြစ်တယ်’’ဟု လှည်းတန်း ဇေယျာသီရိလမ်းနေ မအေးရွှေစင်ထွန်းက ဆိုသည်။ ဂိုဏ်းသားများက နေ့ခင်းဘက်ပင် ပေါ်ပေါ်ထင်ထင် ရမ်းကားလာ သည်များလည်းရှိနေ၏။
‘‘ညဘက်ထိုင်နေလို့ ၁၁ နာရီလောက်ဆိုအောက်က တဂျစ် ဂျစ်ကြားရတယ်။ လူတွေကလည်း အမှိုက်တွေကို ပြီးပြီးရောထားသွား ကြတယ်။ မုန့်မှမဟုတ်ဘူး၊ သ တင်းစာတွေ၊ ဘူးခွံတွေဆိုလည်း ကြွက်က ဆွဲယူသွားတာပဲ။ အနံ့ ကြောင့်ကိုး။ အခါကြီးရက်ကြီးဆို ပိုဆိုးရောပဲ။ မြန်မြန်သိမ်းရတယ်။ မဟုတ်ရင် ကိုယ်နဲ့အတူ လိုက် လုနေတာ’’ဟု အင်းလျားကန် ပေါင်တွင် ညစဉ်အမှိုက်သိမ်းလေ့ ရှိသူ မြို့တော်စည်ပင် ဝန်ထမ်း ဒေါ်ကြွယ်ကြွယ်ဝင်းက ပြော သည်။
‘‘အဓိက မြေကြွက်တွေဒီမှာ ရှိတာ အစာကြောင့်ပဲ။ မြေကြီးက မှောင်ပြီးစိုစွတ်တယ်။ ပြီးတော့ အစာကိုကြိုက်သလောက်ရနိုင်တဲ့ နေရာလေ။ သူတို့အတွက်တော့ လူတွေစွန့်ပစ်တဲ့ နည်းနည်းဆိုတဲ့ အမှိုက်က အစာပုံကြီးပဲ’’ဟု မြို့ တော်စည်ပင် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဒုတိယ ဌာနမှူး ဦးမျိုးလွင်က ပြောသည်။ အဆိုပါဌာနက ကန်ပေါင်ရှိ မြေ ကြွက်များနှင့်ပတ်သက်၍ အသေး စိတ်လေ့လာထားပြီး တိကျသော စာရင်းဇယားများလည်း ရှိနေ သည်။
မြေကြွက်သည် မှောင်၍ စို စွတ်သော ပွရောင်း၍ နေဓာတ်ရ သောနေရာကို နှစ်သက်သည်။ အင်းလျားကန်ပေါင်က ယင်းအင်္ဂါ ရပ်များနှင့်ပြည့်စုံလွန်းနေသည်။ အစာအတွက်လည်း ပူစရာမလို။ မြေကြွက်မျိုး၏ သက်တမ်းက သုံး နှစ်ဖြစ်သည်။ စိတ်ပူရန်လိုသည့် ခြိမ်းခြောက်မှုက မြေကြွက်များ သည် သားပေါက်နှုန်းအလွန်မြန် သူများဖြစ်၏။ မြေကြွက်တစ် ကောင်သည် ခုနစ်ပတ်သားအရွယ် သို့ရောက်လျှင် မျိုးပွားနိုင်ပြီဖြစ် သည်။ တစ်နှစ်ပတ်လုံးမျိုးပွားနိုင် ပြီး ကိုယ်ဝန်ဆောင်ချိန် ၁၉ ရက် ကြာမြင့်သည်။ တစ်ခါသားပေါက် လျှင် ခြောက်ကောင်မှ ၁၄ ကောင် အထိပေါက်နိုင်၏။ သားပေါက်ပြီး နှစ်လခန့်ကြာလျှင် ထပ်၍ သား ပေါက်နိုင်ပြန်သည်။ ထို့ကြောင့် မြေကြွက်ဖိုနှင့် ကြွက်မ တစ်စုံသာ ထားသည့်နေရာတွင် တစ်နှစ်အ တွင်း ကောင်ရေ သောင်းဂဏန်း ထိပေါက်ဖွားနိုင်၏။
မြေကြွက်ဂိုဏ်းဝင်များ၏ နောက်ထပ်ခြိမ်းခြောက်မှုတစ်ခု က ၎င်းတို့၏ သွားများပင်ဖြစ် သည်။ အမြဲလိုချွန်ထက်၍ အရှည် မြန်သော ၎င်းတို့၏ သွားများ ကြောင့် တွေ့ကရာကို အမြဲလိုလို ကိုက်ဖြတ်ရန်လိုအပ်နေသည်။ မ ကိုက်ဘဲနေပါက အစွယ်များရှည် လာပြီး ၎င်းတို့ပါးစပ်သို့ဖောက်ကာ သေဆုံးတတ်သည်။ ထို့ကြောင့် အမြဲလိုလို သူတို့ကိုက်၍ နေရ သည်။
‘‘အဲဒါက အဓိက ပြဿနာ ဖြစ်လာတာ’’ မြို့တော်စည်ပင်မှ ဌာနစုမှူးတိရစ္ဆာန်ဆရာဝန်ဒေါက် တာလွင်ဦးက ပြောသည်။ ၎င်းက မြို့တော်စည်ပင်တွင် မြေကြွက် ရှင်းလင်းရေး၏ တာဝန်ရှိ ပုဂ္ဂိုလ် ဖြစ်သလို မြေကြွက်များ၏ သဘာ ဝကို ကောင်းကောင်းသိသည်။ ‘‘အမြဲလို ကိုက်နေရတော့ တွင်း တွေ၊ ကလိုင်တွေ မလိုလည်း ကန် ပေါင်အတွင်းပိုင်းကို ကိုက်တယ်။ ဖောက်တာမျိုးတွေလုပ်တယ်။ ရေ စပ်မှာ ဆိုင်တွေက စွန့်ပစ်ထားတဲ့ အစာတွေရှိတော့ အနံ့ရတော့ အ တွင်းကနေ ရေစပ်ကိုဖောက်ကိုက် တယ်။ ဒီမှာ ကန်ပေါင်ထဲကို ရေ စိမ့်နိုင်တာပဲ’’ဟု ဒေါက်တာလွင်ဦး က ဆက်လက်၍ ပြောသည်။ အ ပေါက်များ၊ ကလိုင်များနှင့် ကန် ပေါင်၏ အလှကို ပျက်စီးစေသည် သာမက အဆိုပါ ဂိုဏ်းခြိမ်း ခြောက်နေသော အန္တရာယ်တစ်ခု လည်းရှိနေသေးသည်။
မြေကြွက်ဂိုဏ်းက ဘယ်လိုအန္တရာယ်တွေဖြစ်စေမလဲ
အာရှတိုက်မှ စတင်ခဲ့သော မြေကြွက်များက တစ်ကမ္ဘာလုံးတွင် စိတ်အနှောင့်အယှက်ပေးတတ်သော သတ္တဝါများဖြစ်သည်။ မြေကြွက်အန္တရာယ်မှာ နိုင်ငံတ ကာတွင်လည်းရှိသော ပြဿနာ ဖြစ်၏။ မြန်မာနိုင်ငံတွင်တော့ မြေကြွက်များအန္တရာယ်ထက် မြေ ကြွက်များတည်ရှိသောနေရာက အန္တရာယ်ပို၍ ရှိနေသည်။ ရန်ကုန်၏ နှလုံးသည်းပွတ်ဖြစ်သော အင်း လျားကန်ပေါင်သည် မြေကြွက် များကြောင့် ကြံ့ခိုင်မှုလျော့နည်း နေရာမှ မထိန်းသိမ်းနိုင်သည့်အနေအထားသို့ရောက်ခဲ့လျှင် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လာနိုင်သည်။
‘‘လက်ရှိမှာ မဖြစ်နိုင်ဘူးဆိုပေမယ့် သတိထားရမယ့်ကိစ္စပါ။ ဘာလို့ဆိုတော့ ကန်ပေါင်အောက် မှာ ရေစိမ့်နိုင်လား၊ ရေဝင်နေလားဆိုတာ ကိုယ်တွေမသိနိုင်သလို မြေကြွက်တွေရဲ့ ပြဿနာက တော်တော်ဆိုးလာတယ်။ ကန် ပေါင်က ရေထိန်းနံရံပုံစံမျိုးဖြစ်နေတဲ့အတွက် ရေနည်းနည်းစိမ့်ရင်ကို အချိန်ကြာရင် ပြဿနာရှိတယ်’’ ဟု မြို့ပြပညာရှင်ဦးဝင်းမြင့်က ပြောသည်။ မြေကြွက်ဖောက်သည့် အပေါက်နည်းသည်ဆိုကာ ပြဿနာမရှိဟု ယူဆ၍ မရပေ။
တစ်နှစ်အတွင်း ကန်ပေါင် ကို အသေးစားပြင်ဆင်မှုများ ခြောက်ကြိမ်ပြုလုပ်ခဲ့ရသည့် အ ချက်အလက်များရှိနေသည်။ မြေကြွက်များကြောင့် ပျက်စီးသည့် ကန် ပေါင်ကို ဖာထေးခြင်းနှင့်အုတ် ကန်ပေါင်အသစ်တပ်ဆင်ခြင်းတို့ ဖြစ်သည်။ ‘‘အပြင်ပိုင်းပြင်ဆင်နေ ပေမယ့် အတွင်းပိုင်းမှာ ဘယ်လိုရှိ နေမယ်မသိရဘူး။ ပြီးတော့ အခု ခြစ်သံတွေ ကြားတဲ့အနေအထား အရ ကမ်းစပ်မှာ စွန့်ပစ်အစာတွေ ရှိနေတဲ့အတွက် ကန်ပေါင်အတွင်း ကနေ ရေစပ်ပိုင်းကို ကိုက်ဖောက် ကြတယ်။ စိတ်ပူစရာကိစ္စမဟုတ်ပေမယ့် ထိန်းသိမ်းသင့်ပါတယ်’’ဟု ဦးဝင်းမြင့်ကဆက်လက်၍ ပြောသည်။
သိုလှောင်ပမာဏဂါလန် သန်းလေးထောင်ရှိသော အင်း လျားကန်သည် အလျားပေ ၁၈၀၀ သာရှိသော ပြည်လမ်းကန်ပေါင် ကို မေးတင်ထားခြင်းဖြစ်သည်။ ထို့အပြင် ရေနက်ပမာဏတွင် ၁ ဒသမ ၅ စတုရန်းမိုင် ပမာဏရှိ ပြီး ပြည်လမ်းကန်ဘောင်၌ ပေ ၂၀ အမြင့်ကပ်လျက်ရှိနေသည်။ ထို့အပြင် ကန်ပေါင်မှ ပြည်လမ်း၏ အမြင့်ပိုင်းတွင်ရှိနေသောကြောင့် အကယ်၍ဆိုသည့်ရှုထောင့်ကို မြို့ပြပညာရှင်များက သုံးသပ်နေသည်။
‘‘အကယ်၍ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။ ကန်ပေါင်ကြီးရေစိမ့်နေတာကကွဲပြီး ရေကျွံလာရင် ပေါင်က မထိန်းနိုင်ဘူး။ ဒါကြောင့် ကန်ပေါင်ကနေ သမိုင်းလောက်ထိက တံမြက်စည်းလှည်းသလို အကုန်ပါသွားလိမ့်မယ်’’ဟု မြို့ပြပညာရှင် ဦးကိုကိုလတ်က ပြောသည်။ အဆိုပါအချက်ကို မြို့တော်စည်ပင် ရေနှင့်သန့်ရှင်းမှုဌာန အငြိမ်းစား ဒုဌာနမှူး ဦးမြင့်ဇော်သန်းကလည်း ထောက်ခံသည်။ မဖြစ်နိုင်သည့် အနေအထားဟု ဆိုသော်လည်း မြွေကြွက်များ၏ အန္တရာယ်က ပေါ့ သေးသေးမဟုတ်ကြောင်း ၎င်းက ပြော၏။
မြေကြွက်ဂိုဏ်း စစ်ဆင်ရေးများ
အဆိုပါမြေကြွက်များက ကန်ပေါင်တွင်သာမက ရန်ကုန်တစ်မြို့လုံး၌ ဂိုဏ်းခွဲကိုယ်စီဖြင့် နေထိုင်တတ်ကြသူများဖြစ်၏။ မြို့ပြသွားလာလှုပ်ရှားသူများကို ဒုက္ခမပေးသော်လည်း ညဘက် မင်းမှုတတ်သော မည်းမည်းတုတ်တုတ်အကောင်များက အဆောက် အအုံများနှင့် အစာရှိသော အ ဆောက်အအုံများကို တစ်စတစ်စကိုက်ဖြတ်ဖျက်ဆီးနေသော သတ္တဝါများပင်ဖြစ်၏။ ထို့ကြောင့် အဆိုပါဂိုဏ်းကို ဖြိုခွင်းသည့် လက်ဖြောင့်တပ်ဖွဲ့ဝင် ၄၀ ဦးဖြင့် ဖွဲ့ စည်းထားသည့် အထူးတပ်ဖွဲ့ (ကြွက်ရှင်း) ကလည်း ရှိနေသည်။ ၎င်းတို့က မြို့တော်စည်ပင် တိကု နှင့်သား သတ်ရုံများဌာန လက် အောက်တွင် ဌာနခွဲတစ်ခုအနေ ဖြင့် တိကုဆရာဝန် ဒေါက်တာ လွင်ဦး ဦးဆောင်ကာ ဖွဲ့စည်းထား သည်။ ၎င်းတို့၏ အဓိက လက်နက်က လေးခွဖြစ်ပြီး ညှပ်ကို သုံး၍လည်း ကြွက်ဖမ်းသည်။ ယခင်ပြည်လမ်းနှင့် လမ်းနီကန်ပေါင်နှစ်ခုတွင် ကြွက်ရှင်းလင်းအထူးတပ်ဖွဲ့က တစ်လလျှင် နှစ်ကြိမ်ခန့် စစ်ဆင်ရေး ပြုလုပ်တတ်သော်လည်း ၂၀၁၇ မတ်လကစ၍ တစ်လလျှင် လေးကြိမ်ပြုလုပ်ရန် တာဝန်ကျလာသည်။ မြေကြွက်များကို ပို၍ သောင်းကျန်းလာသော ကြောင့်ဖြစ်သည်။
‘‘ကြွက်တွေ မြန်မြန်ရှင်း အောင်ရယ်၊ ပိုပြီး ဆိုးရွားလာတာ တွေရယ်ကြောင့်ပါ’’ဟု ဒေါက်တာ လွင်ဦးက ပြောသည်။
ကြွက်ကိုလေးခွဖြင့် ပစ်သည့်စစ်ဆင်ရေးမှာ ရန်ကုန်မြို့ လူခြေ တိတ်ချိန်များတွင် ညစဉ်လိုလို ပြု လုပ်လေ့ရှိသည်။ ဈေးများ၊ မြို့တွင်းလမ်းများနှင့် အဆောက်အ အုံအချို့တွင် စစ်ဆင်ရေးပြုလုပ် လေ့ရှိပြီး အဓိကအားဖြင့်တော့ ကန်ပေါင်၌ ပြုလုပ်ကြ၏။ လေးခွဖြင့် ပစ်ဖမ်းသည့် နေရာတွင် မြေကြွက်တစ်ကောင်ကို ဦးစွာဖမ်း ကာ ကြွက်တွင်းများရှေ့၌ အသံပြုစေသည်။ ဤသို့ဖြင့် ထွက်လာသော ကြွက်ကို လေးခွဖြင့်ချိန်၍ ပစ်ရသည်။ မြေကြွက်ကို လေးခွဖြင့် ပစ်ရာတွင်ဝမ်းဗိုက်နှင့် ခေါင်းတို့ကို ပစ်၍ မသေဘဲမျက်ခုံးစောင်းနှင့် နားထင်ထောင့်တို့ကို ပစ်မှသေသည်ဟု ကြွက်ရှင်းတပ်ဖွဲ့ဝင်တို့ကဆိုသည်။ အဆိုပါ စစ်ဆင်ရေးအတွက် လက်ဖြောင့်ဖို့ကတော့ အရည်အချင်းအတော်လိုအပ်သည်။ အင်းလျားကန်ပေါင်တွင် ညဘက် လူခြေတိတ်ချိန် နှစ်နာရီကြာ စစ်ဆင်ရေးတစ်ခါလုပ်လျှင် အကောင်ရေ ၄၀ မှ ၈၀ခန့်ရတတ်ကြောင်း ကြွက်ရှင်းအဖွဲ့မှ ကိုဝင်းသန်းထိုက်က ပြောသည်။
ကြွက်ရှင်းတို့အတွက် ဌာန က လစာတစ်သိန်းခန့်ပေးထားပြီး ကြွက်သေများကို အရေအတွက် နှင့် ပြန်ပြရသည်။ ထို့ကြောင့် ပစ် ပြီးသား ကြွက်များကို အိတ်ဖြင့် ထုပ်ပြီး ဌာနသို့ အပ်ရသည်။ လမ်းကြိုလမ်းကြားများကို လေးခွ ဖြင့် လျှောက်သွားလေ့ရှိ၍ ရဲစခန်းက မကြာခဏဆိုသလို ဖမ်းခေါ် ထားသောကြောင့် ကြွက်ရှင်း တပ်ဖွဲ့ဝင်များ မကြာခဏလိုက် ရှင်းရကြောင်း ဒေါက်တာလွင်ဦးက ပြောသည်။
၂၀၁၆ တစ်နှစ်လုံးတွင် ကြွက်ရှင်းလက်ဖြောင့်တပ်မှ စုစုပေါင်းအကောင်ရေ သုံးသိန်းကျော် (၃၀၂,၀၄၁ ကောင်)ကို သတ်ဖြတ်နိုင်ခဲ့ပြီး ခုနစ်ကောင်ကိုသာအရှင် ဖမ်းဆီးခဲ့သည်။ ၂၀၁၇ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လတွင်တော့ မြေကြွက်ကောင်ရေ ၄၄,၆၈၇ ကောင်ကို အသေဖမ်းဆီးရမိပြီးဖြစ်ကြောင်း တိကုနှင့် သားသတ်ရုံများဌာန စာရင်းများအရ သိရသည်။ ၂၀၁၇ တစ်နှစ်လုံးတွင် ထိုထက်ပို၍ ဖမ်းဆီးနိုင်မည်ဟု ထင်ကြောင်း ကိုဝင်းသန်းထိုက်က ပြောသည်။ ကိုဝင်းသန်းထိုက်က လှိုင်သာယာတွင် နေထိုင်သူဖြစ်ပြီး ကြွက်ရှင်းတပ်ဖွဲ့ဝင်ဖြစ်သည်မှာ ၂ နှစ်ခန့်ရှိကြောင်း ဆိုသည်။
အင်းလျားကို ကယ်တင်ပါ
မြေကြွက်ဂိုဏ်းထံမှ အင်းလျားကို ကယ်တင်ရန်မှာ တပ်ဖွဲ့ဝင် အင်အား ၄၀ ဖြင့် မလုံလောက်ပါ။ အင်းလျားအလှအပကို ခံစားရယူနေသူ ပြည်သူများ၏အား ကျိန်းသေလိုအပ်သည်။ လက် ဖြောင့်တပ်ဖွဲ့ဝင်များကဲ့သို့ လေးခွ ဖြင့် ပစ်ခတ်ရန် မလိုအပ်သော စစ်ဆင်ရေး၏ မဟာဗျူဟာတစ်ခု ဖြစ်သော ရိက္ခာဖြတ်တောက်ခြင်း ဖြင့် ယင်းဂိုဏ်းကို ဒုက္ခကောင်းကောင်းပေးနိုင်ပါလိမ့်မည်။ ပြည်သူများအနေဖြင့် အင်းလျားကန်ပေါင်တွင် အစာအကြွင်းအကျန်များနှင့် အမှိုက်များ မချထားဖို့ပင်ဖြစ်သည်။ မြေပြင်အခြေအနေအရ အမြစ်ပြတ်မတိုက် ထုတ်နိုင်သော်လည်း အဆိုပါ ဂိုဏ်းအင်အားကြီးလာမှုကို လျှော့ချပေးမှာ အမှန်ပင်ဖြစ်သည်။ မြို့တော်စည်ပင်ကလည်း အမှိုက်ပုံးအရေအတွက် များများထားပေးထားပြီး စနစ်တကျအမှိုက်စွန့်ပေးရန် စီစဉ်ထားသည်။ အင်းလျားကို ကယ်တင်ဖို့ စည်းကမ်းမဲ့ အမှိုက်များကို ထိန်းချုပ်ရမည့် နည်းတူ အင်းလျားကန်ပေါင်ရှိ စားသောက်ဆိုင်များကိုလည်း အထူးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်လူထုအနေဖြင့် ခေတ်အဆက်ဆက်အတူရှိခဲ့သော အင်းလျားကို စည်းကမ်းတကျရှိခြင်းဖြင့် နောင်အနာဂတ်အထိ လက်ဆင့်ကမ်းရင်း အင်းလျားကို ကယ်တင်ရန် လိုအပ်နေသည်။