အင်းဒင်ရွာက ပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ
2015-09-17 at 4:09 AM
ဇွန်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
သက်ဦးမွန်နှင့် ခင်မောင်မြင့် ရေးသည်။
မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာ သာရေးဆန်တဲ့ ပဋိပက္ခတွေ အကြောင်းပြောကြရင် အား လုံးက ရခိုင်အရေးကိုပဲ အရင် ဆုံးပြေးမြင်တတ်ကြပါတယ်။ အဲဒီနောက်မှ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်၊ နောက်ဆုံး မန္တလေးဖြစ် စဉ်တွေကို မြင်ကြတာပါ။
ရခိုင်အရေးဆိုရင်လည်း အားလုံးမျက်စိထဲမှာ မြင်နေကြ တာက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေ အချင်းချင်းသတ်ဖြတ်နေတာ၊ တစ်ဖက်နဲ့တစ်ဖက် အမြဲလိုလိုရန်စောင်နေတာ၊ ယုံကြည်မှုတွေ ကင်းမဲ့ပြီး တစ်ဖက် နဲ့ တစ်ဖက် မုန်းတီးနေကြတာကိုပဲ ပြေးမြင်ကြပါတယ်။ အဲဒီလိုမြင်ရလောက်အောင်လည်း ၂ဝ၁၂၊ ဇွန်နဲ့ အောက် တိုဘာမှာ နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ပြီး လူ ၂ဝဝ နီးပါးသေဆုံးခဲ့ တဲ့ သွေးမြေကျပဋိပက္ခက ပြည်တွင်းပြည်ပအမြင်မှာ အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။
ပဋိပက္ခဖြစ်စဉ်တွေကိုမျက်မြင်ကြုံတွေ့သူတွေ အဆိုအရ ဘင်္ဂါလီဦးရေများတဲ့ နေရာဒေသတွေမှာ လူနည်းစုဖြစ်တဲ့ ရခိုင် တိုင်းရင်းသားကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ရခိုင်တိုင်း ရင်းသားဦးရေများတဲ့ ဒေသတွေမှာဆိုရင်လည်း လူနည်းစု ဘင်္ဂါ လီကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ပဋိပက္ခဖြစ်ပြီး သုံးနှစ်ကြာတဲ့အချိန်အထိလည်း နှစ်ဖက် အသိုင်းအဝိုင်းကြားမှာ ပြန်လည်မသင့်မြတ်သေးပါဘူး။
ဒီလိုအကြောင်းတရားတွေကြောင့် ရခိုင်အသိုင်းအဝိုင်းနဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းကြားမှာ အမုန်းတရားတွေချည်းပဲ ပြည့် နှက်နေတယ်လို့ ကျွန်တော်တို့အားလုံးနီးပါး ထင်မြင်ပြောဆိုနေ ကြချိန်မှာ ရခိုင်ပြည်နယ်ရဲ့ နေရာလေးတစ်နေရာမှာတော့ ရခိုင် လူမျိုးတွေနဲ့ ဘင်္ဂါလီတွေဟာ သင့်သင့်မြတ်မြတ်နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ်တွဲနေထိုင်နေကြလေရဲ့။
အဲဒီနေရာမှာ ဘာကြောင့်ပဋိပက္ခမဖြစ်ခဲ့တာလဲ။ တခြား နေရာတွေနဲ့ ဘာတွေများ မတူကွဲပြားတဲ့အခြေအနေတွေ ရှိနေ လို့ပါလဲ။ ဒီရွာဆီကနေ ဘာတွေကို ကျွန်တော်တို့ သင်ယူနိုင်မလဲ။
နှစ်ခြမ်းပေါင်း တစ်ရွာ
ဒီရွာရဲ့ နာမည်က အင်းဒင်။ မောင်တောမြို့နယ်ထဲမှာ ရှိ တာပါ။ မောင်တောဟာ ဘင်္ဂါလီလူဦးရေအများဆုံးရှိပြီး ပဋိပက္ခ ဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ နေရာတွေထဲမှာ ပါဝင်ပါတယ်။
အဲဒီရွာကိုသွားမယ်ဆိုရင် စစ်တွေမြို့ပြင်ရှိ ရေချမ်းပြင် စက်လှေဆိပ်ကနေ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကို စက်လှေနဲ့ နာရီဝက်ခန့်စီးရပါမယ်။ အငူမော်ကနေ မေယု တောင်ကြောတစ်လျှောက်ဖောက်ထားတဲ့ ကျောက်ကြမ်းလမ်း အတိုင်း နှစ်နာရီလောက် ကားစီးလိုက်ရင် အင်းဒင်ရွာကို ရောက် ပါတယ်။
ဓနိ၊ သက်ကယ်မိုး၊ ထရံကာအိမ်အများစုရှိတဲ့ ဒီရွာမှာ အများစုက လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ငါးဖမ်း လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဈေးရောင်းဈေးဝယ်အနေနဲ့ အသေးစားကုန်စုံဆိုင်မှအစ အသား၊ ငါးနဲ့ အဝတ်အထည်ရောင်း တဲ့ ဆိုင်တွေအထိ ရှိပါတယ်။
ဒီရွာမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေဟာ စီးပွားရေးအရ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်အမှီသဟဲ ပြုနေ တာကိုတွေ့ရပါတယ်။ ရခိုင်တွေပိုင်တဲ့ လယ်ယာတွေမှာ ဘင်္ဂါလီ တွေ အလုပ်လုပ်နေကြတာ ရှိပါတယ်။ တစ်ဖက်မှာလည်း ဘင်္ဂါလီ တွေရှာဖွေလာတဲ့ ငါး၊ ပုစွန်တွေကို ရခိုင်တွေက ဝယ်ယူအားပေး ကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ ဒီရွာကိုရောက်သွားတဲ့နေ့က ဘင်္ဂါလီတချို့ ဟာ ငါး၊ ပုစွန်တွေ ကိုင်ပြီး ရခိုင်ဘက်ခြမ်းမှာ လိုက်လံရောင်းချနေ တာကို တွေ့ခဲ့ရပါတယ်။
ဒီရွာလေးမှာ ရခိုင်တိုင်းရင်းသားတွေက ရွာရဲ့မြောက်ဘက် ခြမ်းမှာနေထိုင်ပြီး ဘင်္ဂါလီတွေကတော့ တောင်ဘက်ခြမ်းမှာ နေ ထိုင်ကြပါတယ်။ ရခိုင်ဘက်ခြမ်းနဲ့ ဘင်္ဂါလီဘက်ခြမ်းက ဘယ် လောက်မှ မဝေးပါဘူး။ ရခိုင်ဘက်ခြမ်းကနေ တောင်ဘက်ကို ခြေလှမ်းငါးလှမ်းလောက် လှမ်းလိုက်ရုံနဲ့ ဘင်္ဂါလီဘက်ခြမ်းကို ရောက်နိုင်ပါတယ်။
ရွာရဲ့ အရှေ့ဘက်မှာ မေယုတောင်တန်းကြီးက တောင် မြောက်ကာဆီးထားပါတယ်။ ရွာရဲ့အနောက်ဘက်ကို လှမ်းကြည့် လိုက်မယ်ဆိုရင်တော့ ပင်လယ်ပြာပြာကြီးကို မြင်တွေ့ရမှာပါ။
ဒီရွာရဲ့ လူဦးရေကို ကြည့်မယ်ဆိုရင် ဘင်္ဂါလီက ငါးထောင် ကျော်၊ ရခိုင်တိုင်းရင်းသား လူဦးရေက ၈၅ဝ ကျော်ရှိပါတယ်။ သဘောကတော့ ဘင်္ဂါလီငါးယောက်မှာ ရခိုင်တစ်ယောက်နှုန်းပါ။
ရခိုင်ဘက်ခြမ်းနဲ့ ဘင်္ဂါလီဘက်ခြမ်းတို့ဟာ နီးကပ်စွာတည် ရှိကြပေမယ့်၊ ဒါ့အပြင် လူဦးရေအချိုးအစားအရ ကွာဟပေမယ့် ဒီရွာလေးမှာ ပဋိပက္ခမဖြစ်ခဲ့ပါဘူး။ အရင်တုန်းကလို အေးအေး ချမ်းချမ်း တည်ရှိနေခဲ့တာပါ။
ဒီလိုတည်ရှိနေအောင် ကျေးရွာတာဝန်ရှိသူတွေနဲ့ ရွာ သူရွာသားတွေဟာ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ ဘယ်လိုထိန်း သိမ်း ဆောင်ရွက်ခဲ့ကြပါသလဲ။
ကိုယ့်ဘက်ကိုယ်ထိန်း
၂ဝ၁၂၊ ဇွန် ၈ ရက်။ တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ဦး အသတ်ခံခဲ့ရတဲ့ အထိမ်းအမှတ်ဝတ်ပြုဆုတောင်းပွဲကို မောင် တောမြို့ပေါ်မှာရှိတဲ့ ကျောက်ဗလီမှာ ဘင်္ဂါလီတွေ ပြုလုပ်နေကြ ပါတယ်။
တဖြည်းဖြည်းနဲ့ ဘင်္ဂါလီတွေ စုဝေးလာကြပြီး မောင်တော မြို့ပေါ်မှာရှိတဲ့ ရခိုင်ရွာနဲ့ ဈေးဆိုင်တွေကို စတင်ဖျက်ဆီးကြပါ တော့တယ်။ နောက်တော့ မောင်တောမြို့ပြင်မှာရှိတဲ့ ရခိုင်ရွာ တွေဆီကို လူအုပ်ကြီးရောက်ရှိသွားပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ကြပါတယ်။
အဲဒီသတင်းက အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်နေ တဲ့ ရခိုင်လူမျိုး ဦးဆန်းမြင့်ဆီကို ဖုန်းကနေတစ်ဆင့် ရောက်လာပါ တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ သတင်းကို ကြားရလျှင် ကြားရချင်း မိမိကျေးရွာအတွက် စိုးရိမ်စိတ်တွေ ဖြစ် လာပါတော့တယ်။
သူစိုးရိမ်တာကတော့ အကြမ်းဖက်တဲ့ လူအုပ်စုတွေ သူ တို့ရွာကို ရောက်ရှိလာမှာကိုပါ။
မောင်တောဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဆန်းမြင့်ဟာ ရခိုင် ဘက်က ရပ်ဖိရပ်ဖလောက်ကိုသာ အသိပေးပြီး သတင်းကို မဖြန့် ဝေဘဲ ထိန်းထားခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ နေ့တစ်ဝက်လောက်အချိန်မှာတော့ ရွာထဲမှာ ပြန့်သွားခဲ့ပါတယ်။
ညနေ ၆ နာရီမှာတော့ ကျေးရွာလုံခြုံရေးအတွက် ဦးဆန်း မြင့်ဟာ အင်းဒင်ရဲစခန်းဆီကနေ လုံခြုံရေးတောင်းခဲ့ပါတယ်။ ည နေ ၇ နာရီမှာတော့ လုံခြုံရေးတွေရောက်လာပြီး ကင်းစောင့်ပေး ကြပါတယ်။ ဒါ့အပြင် ရွာက သန်သန်မာမာရှိတဲ့ ယောကျ်ားသား တွေကို စုပြီး ကျေးရွာလုံခြုံရေးအတွက် စုစည်းလိုက်ပါတယ်။
ရခိုင်ဘက်ခြမ်းလုံခြုံရေးအတွက် ရခိုင်အမျိုးသားတွေက ကိုယ့်ဘက်ခြမ်းမှာ ကင်းစောင့်နေကြသလို ဘင်္ဂါလီဘက်ခြမ်းမှာ လည်း ဘင်္ဂါလီတွေက ကင်းစောင့်နေကြပါတယ်။
အနီးအနားက ရခိုင်နဲ့ ဘင်္ဂါလီရွာတွေဘက်က လူတွေ သူ တို့ရွာဆီကို တက်လာမှာစိုးရိမ်တာကြောင့် ရခိုင်ဘက်က ဆိုင် ကယ်ငါးစီးနဲ့ ရွာပတ်လည်ကို တစ်နာရီ တစ်ကြိမ်နှုန်းနဲ့ တစ်ည လုံးကင်းလှည့်ပါတယ်။
”အဲဒီနေ့က မိုးကလည်းတဖြောက်ဖြောက်နဲ့။ အဲဒီဖြစ် စဉ်(ဖြစ်တဲ့)ညက (မီးစက်)မီးကလည်း တစ်ညလုံး ဖွင့်ထားကြ တယ်”လို့ အဲဒီနေ့က အခြေအနေကို သူကပြန်ပြောပြပါတယ်။
နောက်နေ့မနက်ကျတော့ အင်းဒင်ရဲစခန်းက ဘင်္ဂါလီ ဘက်က ရပ်ဖိရပ်ဖတွေနဲ့ ရခိုင်ဘက်က ရပ်ဖိရပ်ဖတွေကို စခန်းကို ခေါ်လိုက်ပါတယ်။
ပြီးတော့ နှစ်ဖက်ခေါင်းဆောင်တွေကို စခန်းမှူးက ကိုယ့် ရွာဘက် ကိုယ်ထိန်းရန်၊ တခြားရွာမှ ရခိုင်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲ ဖြစ်ဖြစ်ရောက်လာပြီး ပြဿ နာလာရှာပါက တားဆီးကြရန်နှင့် ပြဿ နာဖြစ်ပွားလာပါက နှစ်ဖက်ခေါင်းဆောင်တွေကို တရားစွဲ မယ်ဆိုပြီး စာချုပ်တစ်ခုပြုလုပ်ကာ လက်မှတ်ရေးထိုးစေခဲ့တယ် လို့ ဦးဆန်းမြင့်က ပြန်ပြောပြပါတယ်။
ဘင်္ဂါလီဘက်မှ ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူး လည်းဖြစ်တဲ့ ဦးဆွေယောတူဆောင်ကလည်း အဲဒီအချိန်က ကိုယ့်ဘင်္ဂါလီရွာသားတွေကို ပြဿ နာမဖြစ်အောင် နေကြဖို့နဲ့ သူ တို့ရွာဘက်မှာလည်း လှည့်ကင်းတွေနဲ့ လုံခြုံရေး ဆောင်ရွက်ခဲ့ ရတယ်လို့ ပြောပြပါတယ်။
အဲဒီအချိန်တုန်းက ကျေးရွာအတွက်စိုးရိမ်ခဲ့ရပုံကို သူက အခုလို ပြောပြပါတယ်။
”ကိုယ်က အိပ်လည်း မအိပ်နိုင်ဘူး။ ထမင်းလည်း မစား နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က (ဘင်္ဂါလီဘက်မှာ) ဦးစီးဦး ဆောင်ပြီး တာဝန်ယူထားရတဲ့အခါကျတော့ တစ်ခုခု ပြဿ နာ ဖြစ်လာမယ်ဆိုရင် ကျွန်တော့်အပေါ်မှာလည်း ရောက်လာမယ်။ နောက်တစ်ခု ဒီမှာ လူတွေ သေတာပျောက်တာတွေဖြစ်လာမယ်။ အသက်အိုးအိမ် ဆုံးရှုံးမှုများမယ်လေ”
နှစ်ဖက်ခေါင်းဆောင်တွေဟာ သူ့ဘက်ကိုယ့်ဘက်ထိန်း ရင်း၊ ဖျောင်းဖျစည်းရုံးရင်းနဲ့ သူတို့ရွာက လူမှုအဝန်းအဝိုင်းနှစ်ခု ကြားမှာ ပြဿ နာမဖြစ်ပွားအောင် ထိန်းထားနိုင်ခဲ့ကြပါတယ်။
ဒီလိုနည်းနဲ့ နှစ်ဖက်ကြား နဂိုရှိရင်းစွဲယုံကြည်မှုတွေကို ဆက် လက်ထိန်းနိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ရခိုင်တိုင်းရင်းသားအချို့ ကျေးရွာကနေ တိမ်း ရှောင်သွားကြသူတွေရှိတယ် လို့ဆိုပါတယ်။ သူတို့ အဓိက စိုးရိမ် တာက အင်းဒင်ရွာမှာ ဘင်္ဂါလီအရေအတွက်နဲ့ ရခိုင်အရေအတွက် အချိုးမညီတဲ့ကိစ္စပါ။
ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အဲဒီလိုတိမ်းရှောင်သွားဖို့မလိုကြောင်းနဲ့ ရခိုင်ဘက်ခြမ်းကို မိမိတို့လူမျိုးတွေ ကျူးကျော်မှာ မဟုတ်တဲ့အကြောင်း သွားရောက်ပြောကြားခဲ့တယ်လို့ု ဦးဆွေ ယောတူဆောင်က ပြောပြပါတယ်။
ယုံကြည်မှုနဲ့ နေထိုင်ဆဲ
အသက် ၉ဝ အရွယ်ရှိပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသား ဦးနီ သာဦးရဲ့ သူ့မိသားစုတွေဟာ ရွာကနေ ရှောင်ပြေးခဲ့ကြတဲ့အထဲမှာ ပါပါတယ်။
ဒါပေမဲ့ ဦးနီသာဦးကတော့ ထွက်မပြေးခဲ့ပါဘူးတဲ့။ တစ် အိမ်လုံးမှာ သူတစ်ယောက်တည်းကျန်ခဲ့တာပါ။ ဘင်္ဂါလီတွေက သူတို့ဘက်ကို ကျူးကျော်မှုမလုပ်လောက်ဘူးလို့ သူက ယုံကြည် နေတာလည်းပါပါတယ်။
အဲဒီလို ယုံကြည်နေတာကလည်း အကြောင်းရှိပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စီးပွားရေးအရ ဘင်္ဂါလီတွေနဲ့ ပတ် သက်ခဲ့ရတာတွေရှိပါတယ်။ ဥပမာ-သူရဲ့လယ်ယာလုပ်ငန်း အတွက်ဆိုရင် ဘင်္ဂါလီအလုပ်သမားတွေကို ငှားရမ်းခဲ့ရပါတယ်။ သူ့လယ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဘင်္ဂါလီတွေအနက် တစ်ယောက် က သက်ရှိထင်ရှား ရှိနေတုန်းပါ။
ဘင်္ဂါလီတွေပြောတဲ့စကားကိုလည်း ကောင်းကောင်းမွန် မွန် နားလည်ပြောဆိုတတ်တဲ့ ဦးနီသာဦးဟာ ဘင်္ဂါလီတွေနဲ့ လူမှု ရေးအရလည်း ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အသိဘင်္ဂါလီအိမ်တွေကို သွားလည်တာတွေလည်း ရှိနေဆဲပဲလို့ သူကဆိုပါတယ်။
ဦးနီသာဦးဟာ ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီအကြား ကြီးကြီးမားမားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်ကို သိမီသူတစ်ဦးပါ။ အဲဒီပဋိပက္ခက ဒုတိယကမ္ဘာစစ်အတွင်း (အတိအကျဆိုရင် ၁၉၄၂ မှာ) ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်မှာ ဦးနီသာဦးက ဘုန်း ကြီးကျောင်းသား။ အသက်က ၁၅၊ ၁၆ အရွယ်သာရှိပါသေးတယ်။
ဦးနီသာဦးလိုပဲ ရှေ့မီနောက်မီတစ်ဦးဖြစ်တဲ့ အသက် ၈၉ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားကြီး ဦးမူဇေးကလည်း ဒုတိယကမ္ဘာ စစ်က ပဋိပက္ခကို မီခဲ့သူတစ်ဦးပါ။
သူက ဒီအင်းဒင်မှာ မွေးဖွားတာဖြစ်ပြီး သူ့အဖေနဲ့ အဘိုး တွေကလည်း ဒီမှာမွေးတာလို့ဆိုပါတယ်။ သူက လယ်ယာလုပ် ငန်းကို လုပ်ကိုင်ပြီး သားသမီးမြေးမြစ် ၂၂ ယောက်နဲ့ အခုအချိန် အထိ ကျန်းကျန်းမာမာနေထိုင်နေဆဲပါ။
၁၉၄၂ က ဖြစ်သွားတဲ့ပဋိပက္ခဟာ အစိုးရရဲ့ ဥပဒေစိုးမိုးမှု အားနည်းတာကြောင့် ဖြစ်သွားတာလို့ သူ့အမြင်ကို ပြောပြပါ တယ်။ ထိုနောက်ပိုင်းတွင်တော့ သူတို့အနေနဲ့ သားစဉ်မြေးဆက် ရခိုင်တိုင်းရင်းသားတွေနဲ့ ခင်မင်ရင်းနှီးစွာ နေထိုင်ခဲ့ကြတယ်လို့ သူကဆိုပါတယ်။
ဦးနီသာဦးဟာ သူတို့အိမ်မှာ တောက်တိုမည်ရ ရေခပ် ထင်းခွဲလာလုပ်ကြတဲ့ ဘင်္ဂါလီတွေကို မင်းတို့ ငါတို့ရွာကို မီးရှို့ပါ လားလို့ စနောက်လေ့ရှိတယ်လို့ဆိုပါတယ်။
”မတိုက် မတိုက်(မရှို့)။ ငါတို့လည်း အေးဆေးနေရမှာ မဟုတ်ဘူး။ ကြောက်တယ်၊ ကြောက်တယ်”လို့ သူတို့က ပြန်ပြော တဲ့အကြောင်း ဦးနီသာဦးက ပြောပြကာ တဟားဟားရယ်ပါတယ်။
ရခိုင်ပွဲ ဘင်္ဂါလီ အားပေး
အင်းဒင်ရွာဟာ ပြီးခဲ့တဲ့သုံးနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မပါဝင်ခဲ့ပေမယ့် တစ်ဖက်နှင့်တစ်ဖက်တော့ ယုံကြည်မှု အတန် ငယ်လျော့နည်းသွားခဲ့တယ်လို့ ရွာခံတွေက ပြောပြပါတယ်။
အစပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် သံသယအချို့ရှိခဲ့ပေမယ့်လည်း ပဋိပက္ခဖြစ်ပွားပြီး သုံးနှစ်အကြာမှာတော့ တစ်ဖက်နှင့် တစ်ဖက် ကူးလူးဆက်ဆံမှုတွေဟာ ပုံမှန်အခြေအနေနီးပါး ပြန် ရောက်လာပြီလို့ဆိုပါတယ်။
ကျွန်တော်တို့ အင်းဒင်ရွာကိုရောက်တဲ့အချိန်မှာ အင်းဒင် ကျေးရွာမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာပွဲလမ်းတစ်ခုဖြစ်တဲ့ အစုပွဲ ကျင်းပနေတာကို တွေ့ခဲ့ရပါတယ်။
အစုပွဲဆိုတာကတော့ အင်းဒင်မှာရှိတဲ့ ဘုန်းကြီးကျောင်း က ဆရာတော်ကြီးကို အခြားပတ်ဝန်းကျင်ရွာတွေက ဆရာတော် တွေနဲ့ ဒကာ၊ ဒကာမတွေက စုပေါင်းကန်တော့ပွဲကျင်းပတာဖြစ် ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို အင်တာဗျူးနေချိန်မှာ ရွာ ဦးကျောင်းက ငါးပါးသီလပေးနေသံကို အသံချဲ့စက်က တစ်ဆင့် ကြားနေရပါတယ်။
ဒီနှစ်မှာတော့ ရွာပေါင်း ဆယ့်တစ်ရွာခန့် အင်းဒင်ကျေး ရွာကို လာရောက်ပြီး ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ကို လှူ ဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ကြပါတယ်။ ဒီနှစ်က ရခိုင်ပြည် နယ် ပဋိပက္ခဖြစ်ပြီးတဲ့နောက် အစည်ကားဆုံးနှစ်လည်း ဖြစ် တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆရာတော်ကန်တော့ပွဲကျင်းပတဲ့နည်းတူ ရွာပေါင်းစုံလူ ငယ်လူရွယ်တွေက အသင်းတွေဖွဲ့ပြီး ဘောလုံးပွဲကျင်းပနေတာ ကိုလည်း တွေ့ရပါတယ်။ လယ်ကွက်ခြောက်ကွက်ကို လုပ်ထားတဲ့ ဘောလုံးကွင်းထဲကို နွားတွေက တစ်ခါတစ်ခါ ဖြတ်သွားပါတယ်။
ကွင်းဘေးမှာလည်း ပရိသတ်တွေက အော်ဟစ်ပြီး အားပေးနေ ကြပါတယ်။
ဘောလုံးပရိသတ်တွေထဲမှာ ရခိုင်တိုင်းရင်းသားတွေ သာမက ဘင်္ဂါလီတွေလည်း ပါဝင်အားပေးနေကြတာကို တွေ့ရပါ တယ်။ ဒီလိုမြင်ကွင်းမျိုးကိုတော့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခြားနေရာတွေမှာ တွေ့နိုင်မှာမဟုတ်ပါဘူး။
စိုးရိမ်မှုတွေ ရပ်လိုက်ပါ
၂ဝ၁၂ ပဋိပက္ခကို ခပ်ဝေးဝေးကနေ ရှောင်တိမ်းခဲ့တဲ့ အင်း ဒင်ရွာက ရခိုင်တိုင်းရင်းသားနဲ့ ဘင်္ဂါလီတို့ဟာ ရှေ့လျှောက်လည်း ရင်းရင်းနှီးနှီးနေထိုင်သွားလိုကြတဲ့အကြောင်း ဘင်္ဂါလီဘက်မှ ဦးဆွေယောတူဆောင်နဲ့ ဦးမူဇေးတို့က ပြောကြပါတယ်။
သို့ပေမဲ့ လူနည်းစုဖြစ်တဲ့ ရခိုင်ဘက်ခြမ်းမှာတော့ စိုးရိမ် စိတ်တစ်ခုကတော့ ရှိနေပါတယ်။ အဲဒါကတော့ လူဦးရေအချိုး အစားကြောင့် ဖြစ်ပါတယ်။ အင်းဒင်ရွာမှာ ရခိုင်လူဦးရေနဲ့ ဘင်္ဂါလီလူဦးရေမမျှသလို မောင်တောတစ်မြို့နယ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း လူဦးရေဟာ ဘယ်လိုမှ အချိုးမညီတာကို တွေ့ရမှာပါ။
(မောင်တောမြို့နယ်မှာ ဘင်္ဂါလီဦးရေက တစ်မြို့နယ်လုံး လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းရှိပြီး ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေ က ၃ ရာခိုင်နှုန်းသာရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနမှ စာရင်းတွေအရ ဆိုပါတယ်။)
ဒါကြောင့်လည်း မကြာခင် လူဦးရေအရ လွှမ်းမိုးကာ ရွာကို သိမ်းပိုက်သွားမလားလို့ ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်နေ ကြတာပါ။
ဘင်္ဂါလီဘက်မှ ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ဝင် ဦးဆွေယော တူဆောင်ကတော့ ရခိုင်တွေ စိုးရိမ်နေသလို လုံးဝဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
”အခုထက်ထိ စိုးရိမ်နေတယ်ဆိုရင် အဓိပ္ပာယ်မရှိတဲ့ စိုးရိမ်မှုလို့ပဲပြောချင်ပါတယ်” ။